သတင်း

နေပြည်တော်ရောက် ကုလကိုယ်စားလှယ် စစ်ကောင်စီနှင့်သာ တွေ့ခွင့်ရ

စစ်တပ် အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်သို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရောက်လာသော်လည်း စစ်ကောင်စီနှင့်သာ တွေ့ခွင့်ရခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဖြစ်သူ စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလင်းဟေဇာသည် ယမန်နေ့ (ဩဂုတ် ၁၇) က နေပြည်တော်၌ အာဏာသိမ်းခေါင်းဆောင်အပြင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း သီးသန့်တွေ့ဆုံခဲ့သည်။

ကုလအထူးကိုယ်စားလှယ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံသည့်အကြောင်း နိုင်ငံပိုင်သတင်းစာများတွင် မျက်နှာဖုံးသတင်း ဖော်ပြထားသော်လည်း ဆွေးနွေးသည့်အကြောင်းအရာနှင့် ပတ်သက်၍ ထူးထူးခြားခြား ဖော်ပြထားခြင်း မရှိပေ။

အာဏာသိမ်းစစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ တွေ့ဆုံပွဲမတိုင်မီ နာရီပိုင်းအလိုစတင်သော ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ကုလအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံအစိုးရနှင့် တရားဝင် တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အစိုးရနဲ့ တရားဝင်တွေ့ဆုံမှု ဖြစ်တယ်ဆိုတာ သတိပြုစေလိုပါတယ်။ ကောင်းမွန်တဲ့ရလဒ်တွေ ရရှိနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” 

သို့သော် နိုလင်းဟေဇာ၏ ခရီးစဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်တွင်မူ ကုလအနေဖြင့် ထိတွေ့ ဆက်ဆံခြင်းသာဖြစ်ပြီး မည်သို့သော တရားဝင်မှုကိုမျှ ပေးအပ်ခြင်း မရှိကြောင်း ဖော်ပြထားသည်။

ပဋိပက္ခအရှိန် လျှော့ချရန်နှင့် မြန်မာပြည်သူလူထု ခံစားနေရသည့် ဒုက္ခများ လျော့ပါးသက်သာစေရန် အလို့ငှာ စစ်ကောင်စီနှင့် ပထမဆုံးတွေ့ဆုံခြင်းဖြစ်ကြောင်းလည်း ကုလထုတ်ပြန်ချက်က ဆိုသည်။

ဖမ်းဆီးထောင်ချခံရထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် လက်ရှိအခြေအနေကို သိရှိနိုင်ရန် တွေ့ဆုံခွင့်ရရေး ကုလအထူးကိုယ်စားလှယ်က ထည့်သွင်း တောင်းဆိုခဲ့သည်။ 

“သူနဲ့ အမြန်ဆုံး တွေ့ဆုံခွင့် ရလိုပါတယ်။ သူ့ကို ကိုယ်ရေးကိုယ်တာအရ ဂရုစိုက်တဲ့အနေနဲ့ရော နောက်ပြီး သက်ဆိုင်တဲ့လူအားလုံးနဲ့ တွေ့ဆုံရမယ့်အရေးမှာ သူက အရေးပါတဲ့တစ်ယောက်ဖြစ်တာရောကြောင့်ပါ” ဟု ကုလအထူးကိုယ်စားလှယ်က မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောဆိုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ထို့ပြင် ဒီမိုကရေစီလိုလားသူ လေးဦးကို ကွပ်မျက်ခဲ့ခြင်းအတွက် ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချခဲ့သည့် နည်းတူ နောက်ထပ် ကွပ်မျက်စီရင်ခြင်းများ မပြုလုပ်ရန်၊ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်လ် အပါအဝင် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုသည်ဟု သိရသည်။

ကုလအထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်ကောင်စီမှလွဲ၍ အခြားမည်သည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ရမရ၊ နောက်ထပ် မည်သို့သော သဘောတူညီမှုများရှိသည်ကိုမူ မသိရပေ။ 

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံအနေဖြင့် ယခုလနှောင်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ရိုဟင်ဂျာလူမျိုးများ နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် အသိပေး ပြောဆိုခဲ့သည်ဟုလည်း ကုလထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ကုလအထူးကိုယ်စားလှယ်အနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သော်လည်း ဘာရလဒ်မှ မရကြောင်း၊ ကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သာ တရားဝင်အစိုးရဖြစ်ကြောင်း ဖော်ပြ မထားသည့်အတွက် စိတ်ပျက်စရာဖြစ်သည်ဟု NUG ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက Myanmar Now ကို ပြောသည်။

“စစ်ရာဇဝတ်မှုများရဲ့ တရားခံနဲ့ လက်ဆွဲနှုတ်ဆက်နေတာကို စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိမှုအတွက် အသုံးချခံဖြစ်သွားတာ တွေ့ရပါတယ်။ နောက်တစ်ခုက ….စစ်ကောင်စီဘက်က ဘာမှလိုက်လျောမှု မရဘဲ လက်တွေ့ကျတဲ့ကိစ္စတွေ ဘယ်လိုဆောင်ရွက်မလဲဆိုတာ မေးစရာရှိပါတယ်”

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ခဲ့သော အာဆီယံထိပ်သီးအစည်းအဝေး၏ ရလဒ်ဖြစ်သော အချက်ငါးချက်ပါ ဘုံသဘောတူညီချက်အရ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ပြီး နေပြည်တော်သို့ စေလွှတ်ခဲ့သော်လည်း တစ်စုံတစ်ရာ တိုးတက်မှု မရခဲ့ပေ။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌများဖြစ်သော ဘရူနိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က အထူးကိုယ်စားလှယ်များခန့်အပ်ကာ နေပြည်တော်သို့ သုံးကြိမ်တိုင် စေလွှတ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။ 

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရသည့် စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာသည် ကုလသမဂ္ဂ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) တွင် တာဝန်ထမ်းဆောင်စဉ် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်ကလည်း နေပြည်တော်သို့ လာရောက်ကာ စစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံဖူးသည်။

နိုလင်းဟေဇာမတိုင်မီ အထူးကိုယ်စားလှယ်မှာ ဆွစ်ဇာလန်သံအမတ်ဟောင်း Christine Schraner Burgener ဖြစ်သည်။ အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်သော ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကုလအထူးကိုယ်စားလှယ် Christine က စစ်တပ်ဒုအကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးဖူးသည်။ 

ထိုသို့ ဆွေးနွေးစဉ် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကို မမှုကြောင်း၊ အထီးကျန်နိုင်ငံဖြစ်မည်ဆိုပါကလည်း မိတ်ဆွေနိုင်ငံတချို့နှင့် ရှေ့ခရီးဆက်မည်ဖြစ်ကြောင်း ဒုအာဏာသိမ်းခေါင်းဆောင်က ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button