နိုင်ငံတကာသတင်း

ထိုင်းရွေးကောက်ပွဲအနိုင်ရပါတီ ၈ ခုက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေး ကော်မတီဖွဲ့

မေလလယ်က ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် Move Forward ပါတီနှင့် မဟာမိတ်ပါတီ ၇ ခုက ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီဖွဲ့ကာ အာဏာသိမ်းစစ်တပ်ထံမှ အာဏာလွှဲယူရန် ပြင်ဆင်လိုက်သည်။

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရှိ Prachachat ပါတီရုံးချုပ်တွင် ပြုလုပ်သည့်အစည်းအဝေးတွင် ကော်မတီဖွဲ့စည်းနိုင်ခဲ့ကာ Move Forward ပါတီခေါင်းဆောင်လည်းဖြစ်၊ ဝန်ကြီးချုပ်လောင်းအဖြစ် လျာထားခံရသူလည်းဖြစ်သည့် Pita Limjaroenrat က ကော်မတီဥက္ကဌအဖြစ် တာဝန်ယူရန် ကျန်ပါတီများက သဘောတူသည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနက ယနေ့ (မေ ၃၁) ရေးသားထားသည်။

မျိုးဆက်သစ်လူငယ်များ၊ အပြောင်းအလဲလိုလားသူများ၏ တစ်ခဲနက်မဲပေးမှုဖြင့် အနိုင်ရခဲ့သည့် Move Forward နှင့် မဟာမိတ်ပါတီများက ရွေးကောက်ပွဲရှုံးနိမ့်သူ စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်းထံမှ အစိုးရတာဝန်လွှဲပြောင်းရယူရန် စိုင်းပြင်းနေသော်လည်း ထိုင်းအခြေခံဥပဒေအရ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေးနှင့် ဝန်ကြီးချုပ်နေရာ ရယူရေးမှာ မရေမရာဖြစ်နေဆဲပင်။

၂၀၁၄ တွင် ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ ထိုင်းစစ်တပ်က ၁၂ ကြိမ်မြောက် အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ်လုပ်နေသည့် ဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ်ချန်အိုချာက ၎င်းစိတ်ကြိုက် အခြေခံဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားသည်။

၂၀၁၇ ခုနှစ်တွင် အတည်ပြုထားသည့် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ အမတ်နေရာ ၂၅၀ ပါဝင်သော အထက်လွှတ်တော်တစ်ခုလုံးကို စစ်တပ်က တိုက်ရိုက်ခန့်အပ်သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး၊ အမတ်နေရာ ၅၀၀ ပါဝင်သော အောက်လွှတ်တော်ကိုသာ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခွင့်ရှိသည်။

ပြည်သူပေးသော ဆန္ဒမဲသက်သက်ဖြင့် ဝန်ကြီးချုပ်ရာထူးရယူ၍ အစိုးရမဖွဲ့နိုင်ရန် ဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ်ချန်အိုချာက စီမံထားခြင်းဖြစ်ရာ Move Forward ပါတီမှ Pita Limjaroenrat အနေဖြင့် ဝန်ကြီးချုပ်ရာထူးရရှိရေးမှာ စစ်တပ်က ခန့်အပ်ထားသည့် အထက်လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံမှုအပေါ် မူတည်နေသည်။

သို့သော် မြန်မာ့ဒီမိုကရေစီရေးအတွက် ကူညီမည်ဟု ထုတ်ဖော်ပြောဆိုထားသည့် Move Forward ပါတီနှင့် မဟာမိတ်တို့ကမူ ဇွန်လအတွင်း ပြုလုပ်ဖွယ်ရှိသည့် ထိုင်းလွှတ်တော်အစည်းအဝေးတွင် ဒီမိုကရက်အင်အားစုများဘက်မှ ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့၍ စစ်ဗိုလ်ချုပ်ဟောင်းများကြီးစိုးသော အစိုးရအဖွဲ့ကို ဖယ်ရှားနိုင်မည်ဆိုသော ယုံကြည်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားကာ အထက်ပါ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့လုပ်ငန်းစဉ်တွေက ချောချောမွေ့မွေ့ဖြစ်နေပြီး လူထုရဲ့ပြဿနာတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးဖြေရှင်းဖို အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကျွန်တော်တို့ ကတိပြုပါတယ်” ဟု Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က ပြောသည်။

ထိုကော်မတီတွင် စွမ်းအင်၊ အယ်နီညိုရာသီဥတု၊ နယ်စပ်ရေးရာပြဿနာ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ သဘာဝပတ်ဝန်းကျင်၊ အခြေခံစီးပွားရေးနှင့် အသေးစားလုပ်ငန်း၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းမည့် လုပ်ငန်းနယ်ပယ် ၇ ခုကိုပါ ထည့်သွင်းဖွဲ့စည်းထားသည်။

လုပ်ငန်းနယ်ပယ်တစ်ခုချင်းစီတွင် ပါတီရှစ်ခုမှ ကိုယ်စားလှယ်များပါဝင်မည်ဖြစ်ပြီး တိုးတက်မှုများကို အကူးအပြောင်းကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီထံ တင်ပြနိုင်ရန် ပုံမှန်အစည်းအဝေးများ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဘန်ကောက်ပို့စ်သတင်းက ဆိုသည်။

အတိုက်အခံများ၏ အစိုးရအသွင်ကူးပြောင်းရေး ခြေလှမ်းနှင့် ပတ်သက်၍ လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ်က ပြစ်တင်လိုက်ပြီး အစိုးရဌာနများနှင့် တွေ့ဆုံမည့် အစီအစဉ်ကို ဆန့်ကျင်ကြောင်း ပြောထားသည်။

မည်သူနှင့်မျှ ပဋိပက္ခမဖြစ်လို၊ အထက်ပါကော်မတီဖွဲ့စည်းမှုမှာ မဆီလျော်သည့်ကိစ္စဟု ပရာရွတ်၏ United Thai Nation ပါတီက ဆိုထားသည်။

ရွေးကောက်ပွဲအလွန် ထိုင်းနိုင်ငံရေးသည် တိုင်းပြည်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် အရေးကြီးဆုံးအခြေအနေကို ရောက်ရှိနေပြီး၊ ထိုင်းနိုင်ငံရေးအပြောင်းအလဲများက အိမ်နီးချင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းအပေါ် အတိုင်းအတာတစ်ခုထိ သက်ရောက်နိုင်ခြေရှိနေသည်။

လက်ရှိ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာနိုင်ငံနှင့် ပတ်သက်၍ လူသားချင်းစာနာမှုအကူအညီများ ပေးနိုင်ရန် ကူညီမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ စစ်အာဏာရှင် ဆန့်ကျင်ရေးသမားဖြစ်သူ ၎င်းက အမှန်တရားက ခွန်အားဖြစ်ပြီး၊ ခွန်အားက အမှန်တရားမဟုတ်ဟု ပြောဆိုသည်။

ထိုင်းရွေးကောက်ပွဲအပြီး အနိုင်ရပါတီခေါင်းဆောင်က ထိုသို့ထုတ်ဖော်ပြောဆိုပြီးနောက် မြန်မာစစ်တပ်မှ ဒုအာဏာသိမ်းခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အနောက်အုပ်စုလိုလားသူများ အာဏာရပါက ထိုင်းနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရမည်ဟု လက်အောက်ငယ်သားများကို ပြောဆိုထားသည်။

မြန်မာစစ်တပ်နှင့် နီးကပ်သည့် လက်ရှိထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ်ကမူ မြန်မာ့အရေးနှင့် ပတ်သက်၍ နှုတ်ဆိတ်နေလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button