သတင်း

အခြေခံပညာကျောင်းများ ဇူလိုင်လတွင် ပြန်ဖွင့်မည်၊ ကျောင်းသားများ နေရာချဲထိုင်ရမည်

ကိုဗစ်နိုင်တင်းရောဂါဂယက်ကြောင့် အခြေခံပညာကျောင်းများကို ပုံမှန်ဖွင့်နေကျအချိန်ထက်နောက်ကျပြီး ဇူလိုင်လရောက်မှသာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောဆိုသည်။

အခြေခံပညာကျောင်းများမှာ ပုံမှန်အားဖြင့် ဧပြီလအတွင်း အောင်စာရင်းများထုတ်ပြန်ပြီးနောက် ဇွန်လဆန်းတွင် ကျောင်းဖွင့်ရာသီ ပြန်စလေ့ရှိသည်။

သို့သော် ယခုနှစ်တွင်မူ ကိုဗစ်နိုင်တင်းကပ်ရောဂါ မြန်မာနိုင်ငံတွင်လည်း ပျံ့နှံ့ရောက်ရှိနေသဖြင့် လုပ်ငန်းများအားလုံးနီးပါး ရပ်ဆိုင်းနေပြီး အောင်စာရင်းများ ထုတ်ပြန်နိုင်ခြင်းမရှိသေးသလို ကျောင်းဖွင့်ရက်ကိုလည်း တစ်လကျော်ခန့် နောက်ဆုတ်လိုက်ခြင်းဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူဦးရေ များပြားသည့် ကျောင်းများတွင် နှစ်သုတ်ခွဲ၍ တစ်လှည့်စီကျောင်းတက်ရန် စီစဉ်နေပြီး ခပ်ခွာခွာနေရမည့်စည်းကမ်း (social distancing)ကို အားလုံးမဖြစ်မနေ လိုက်နာရမည်ဖြစ်သည်ဟု အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးကိုလေးဝင်းက Myanmar Now ကို ပြောသည်။ 

“ဒီကြားထဲမှာ အခြေအနေပေါ်မှာမူတည်ပြီး ဇူလိုင်လ ပထမပတ်လည်း ဖြစ်နိုင်တယ်။ ဒုတိယပတ်လည်း ဖြစ်နိုင်တယ်။ တတိယအပတ်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးအပတ်အထိကတော့ ရောက်မယ်မထင်ပါဘူး” ဟု ၎င်းက ဆိုသည်။

ကျောင်းများပြန်ဖွင့်နိုင်ရန်အတွက် လတ်တလောတွင် ကန့်သတ်စောင့်ကြည့်နေရာ(Community Based Facility Quarantine) အဖြစ်အသုံးပြုနေသည့် အခြေခံပညာကျောင်းများကို ပိုးသတ်ဆေးဖျန်း၍ ဇွန် ၁၅ နောက်ဆုံးထားကာ ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်း ပေးရန်လည်း ပြည်ထောင်စုအစိုးရက တိုင်းနှင့်ပြည်နယ်အစိုးရများထံ အကြောင်းကြားထားသည်။

 တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ကန့်သတ်စောင့်ကြည့်နေရာအဖြစ် သတ်မှတ်ထားသော အခြေခံပညာကျောင်း စုစုပေါင်း ၆၀၂၁ ကျောင်း ရှိသည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့၏ အကြောင်းကြားစာတွင် ရေးသားထားသည်။

ကိုဗစ်နိုင်တင်းနှင့်ပတ်သက်ပြီး ကျောင်းကြို၊ ကျောင်းပို့မှစ၍ မိဘ၊ ကျောင်းသားနှင့် ဆရာများလိုက်နာရမည့် အသေးစိတ်လမ်းညွှန်ချက်များကိုလည်း မကြာခင်ထုတ်ပြန်သွားမည်ဟု ဦးကိုလေးဝင်းက ပြောသည်။

ထို့ပြင် စာသင်ကျောင်းအားလုံးကို အပူချိန်တိုင်းသည့် ဒီဂျစ်တယ်သာမိုမီတာများ ဝေငှသွားရန်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် တစ်ခါသုံးမဟုတ်သည့် နှာခေါင်းစည်း (Mask) နှစ်ခုစီနှင့် မျက်နှာအကာ(Face Shield) တစ်ခုစီ ဝေငှသွားရန်လည်း ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်။

လက်ရှိတွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများသို့ ဆရာလက်စွဲအပါအဝင် ပုံနှိပ်စာအုပ်များကို ပညာရေးဝန်ကြီးဌာနက ဖြန့်ဝေထားပြီး ဖြစ်သည်။

အလယ်တန်းပြ ကျောင်းဆရာတစ်ဦးကမူ စောင့်ကြည့်စေချင်သေးသည်ဟု ပြောသည်။

“အမြစ်ပြတ်သွားတယ်လို့မှ မရှိသေးတာ။ အဲ့ဒီတော့ စိုးရိမ်စရာတွေကတော့ အများကြီးရှိပါသေးတယ်။ ဘာလို့များ အဲဒီလောက်ကြီး လောနေလဲ မသိဘူး” ဟု နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာအထက်တန်းကျောင်း(ခွဲ)မှ ဦးနေသူဝင်းကပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ စာသင်ကျောင်းများသည် အမြဲပိတ်ထား၍ မရသဖြင့် ရောဂါကာကွယ်ဆေး မြန်မြန်ဆန်ဆန် မပေါ်သည့်တိုင်အောင် ကျောင်းများ ပြန်ဖွင့်ရမည်ဖြစ်ကြောင်း၊ ကျောင်းများပြန်ဖွင့်ပါက ခပ်ခွာခွာ ထိုင်ခိုင်း၍ စာသင်နိုင်ရန် စဉ်းစားရမည်ဖြစ်ကြောင်း မေ ၁၂ Facebook တိုက်ရိုက် ထုတ်လွှင့်မှုတွင် ပြောကြားထားသည်။

 “ဖွင့်ရင် ကျွန်တော်တို့ မူလတန်း၊ မူလတန်းပြီးမှ အလယ်တန်း၊ အလယ်တန်းပြီးမှ အထက်တန်း အဲ့လိုသွားရမလားဆိုတာလည်း ကျွန်တော်တို့ စဉ်းစားနေပါတယ်” ဟု ဦးကိုလေးဝင်းက ဆိုသည်။

၂၀၁၉/၂၀ ခုနှစ် ပညာသင်နှစ်စာရင်းများအရ အခြေခံပညာကျောင်းသား၊ ကျောင်းသူဦးရေမှာ ကိုးသန်းကျော်ရှိပြီး ဆရာ၊ ဆရာမဦးရေမှာ လေးသိန်းကျော် ရှိသည်။

Show More

Related Articles

Back to top button