အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်မှခရီးသည်များ မန္တလေးဘူတာကြီးအနီး ခုန်ချမှုများရှိနေ၍ လုံခြုံရေးချထား

ကန့်သတ်စောင့်ကြည့်(Quarantine) ခံရမည်စိုး၍ ရန်ကုန်မှ မန္တလေးသို့လာသည့် ခရီးသည်အချို့ မန္တလေးဘူတာကြီး မရောက်ခင်တွင် ရထားပေါ်မှခုန်ဆင်းနေသဖြင့် စောင့်ကြည့်နေရကြောင်း လုံခြုံရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးကဆိုသည်။

ရန်ကုန်-မန္တလေးရထားမှာ ဘူတာကြီးသို့ ဝင်ရန် အရှိန်လျှော့လိုက်ချိန်တွင် ခရီးသည်များက ခုန်ချနေကြခြင်းဖြစ်ပြီး ဧပြီ ၂၆ က အယောက် ၂၀ ကျော် ခုန်ချသည်ကို တွေ့မြင်ရကြောင်း၊ ယင်းသို့ ခရီးသည်များခုန်ချနေခြင်းကို မန္တလေးဘူတာကြီးအနီးရှိ ကဉ္စနမဟီရပ်ကွက်တွင် နေထိုင်သူများက တိုင်တန်းလာခြင်းဖြစ်ကြောင်း ကဉ္စနမဟီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးကဆိုသည်။

လွန်ခဲ့သည့် ၁၀ ရက်ခန့်မှစ၍ လုံခြုံရေးအဖွဲ့များက စောင့်ကြည့်နေရခြင်းဖြစ်ပြီး ယင်းသို့ စောင့်ကြည့်ဖမ်းဆီးနေမှုကြောင့် ခုန်ချသူမရှိသလောက် ဖြစ်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခု ရထားဆိုက်တိုင်း ရဲတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရာအိမ်မှူးတွေက လုံခြုံရေးလုပ်နေကြတော့ မခုန်ချရဲကြတော့ဘူး”ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဘူတာသို့ရထားမဆိုက်မီ ၃၄ လမ်းနှင့် ၃၅ လမ်းကြား ကဉ္စနမဟီရပ်ကွက် သံလမ်းဘေး စျေးအနီးတွင် လုံခြုံရေးတစ်ဖွဲ့၊ ဘူတာကြီးတွင် တစ်ဖွဲ့ ၊ စုစုပေါင်း နှစ်ဖွဲ့ခွဲကာ လုံခြုံရေး ဆောင်ရွက်ကြကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်-မန္တလေးရထားမှာ နေ့စဉ်မနက် ၁၀ နာရီခွဲခန့် မန္တလေးဘူတာကြီးသို့ ဆိုက်ရောက်ကြောင်း၊ ရထားပေါ်တွင် တွဲစောင့်ပါသော်လည်း ခုန်ချနေမှုများကို တားဆီးနိုင်ခြင်းမရှိကြောင်း၊ ယခင်အပတ်က အစိုးရဝန်ထမ်းတစ်ဦး ခုန်ချသည်ကို ဖမ်းမိခဲ့ပြီး အကျမတော်၍ ခြေထောက်ဒဏ်ရာရသွားကြောင်း ၎င်းကပြောသည်။

“သူ့ကိုမေးတော့ သူလည်းမသိဘူး၊ အများခုန်ချလို့ ခုန်ချတာလို့ပြောတယ်။ အရေးမယူလိုက်ပါဘူး။ သက်ဆိုင်ရာဌာနကို ကွာရန်တင်းဝင်ဖို့ လွှဲပေးခဲ့တယ်”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါလုံခြုံရေးအဖွဲ့တွင် ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများ၊ ချမ်းအေးသာစံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်း ပါဝင်ကြောင်း ဦးအောင်မြင့်ဦးကဆိုသည်။

အဆိုပါလုံခြုံရေးအဖွဲ့က ရန်ကုန်မှလာသည့် ခရီးသည်များအား စစ်ဆေးမှုများလုပ်ဆောင်ကာ ကန့်သတ်စောင့်ကြည့်စင်တာများသို့ ပို့ဆောင်ပေးခြင်းတို့ လုပ်ဆောင်နေသည်။

အချို့မှာ ၂၁ ရက်ကန့်သတ်စောင့်ကြည့် ခံရမည်စိုး၍ ကျောက်ဆည်ဘူတာတွင် ဆင်းခြင်း၊ ညနေရထားဖြင့် ရန်ကုန်သို့ ပြန်သွားခြင်းများလည်းရှိသည်ဟု လုံခြုံရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ စိတ္တရမဟီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းကပြောသည်။

” တံတားဦး စစ်ကိုင်းတို့သွားမယ့်သူတွေကလည်း အဲဒီမှာ(ကျောက်ဆည်ဘူတာ) ဆင်းကြတာတွေရှိတယ် “ဟု ၄င်းကဆိုသည်။

ရန်ကုန်-မန္တလေး ရထားစက်ခေါင်းမောင်းတစ်ဦးဖြစ်သူ ကိုစောဝေလင်းက ဘူတာမတိုင်မီ ခုန်ချမှုများမှာ အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် မပြုလုပ်သင့်ကြောင်းဆိုသည်။

“ကျွန်တော်တို့ကမောင်းနေတော့ စောင့်ကြည့်လို့မရဘူး။ ခုန်ချတာက နည်းမမှန်ရင် ခြေပြတ် လက်ပြတ်နဲ့ ခေါင်းပါပြတ်နိုင်တယ်၊ မလုပ်သင့်ဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်သော ရန်ကုန်မြို့မှလာရောက်သည့် ခရီးသည်များကို တိုင်းနှင့်ပြည်နယ်အချို့က ဝင်ရောက်ခွင့်မပြုခြင်း၊ ၂၁ ရက်ကန့်သတ်စောင့်ကြည့်မှု ခံယူစေခြင်းတို့ ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ဖြစ်ပွားသူ ၁၆၂ ဦးရှိပြီး သေဆုံးသူ ၆ ဦး၊ ပြန်လည်ကောင်းမွန်သူ ၅၀ ဦးရှိကြောင်း၊ လက်ရှိတွင် စောင့်ကြည့်လူနာ ၃,၅၃၉ ဦး ရှိပြီး ဓာတ်ခွဲစစ်ဆေးခဲ့သူ စုစုပေါင်းမှာ ၁၀,၀၄၂ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (မတ် ၇) နံနက်တွင်ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles