
ည ၁၀ နာရီနောက်ပိုင်း အရေးကြီးကိစ္စရပ်များ မရှိဘဲ အပြင်မထွက်ရအမိန့်ကို ဖောက်ဖျက်သည်ဟုဆိုကာ အပြင်ထွက်ခဲ့သောလူ ၂ ဦးကို နယ်ထိန်းရဲတစ်ဦးက ရိုက်နှက်ခဲ့သည်မှာ မှန်ကန်ကြောင်း ချမ်းမြသာစည် မြို့နယ် မြို့သစ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးက အတည်ပြုသည်။
တီရှပ်အပြာရောင် ဝတ်ထားသည့် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ဝတ်စုံ ဝတ်ထားသည့် လူနှစ်ဦးအနက် တစ်ဦးက တုတ်ချောင်းဖြင့် ရိုက်သည့် ဗီဒီယိုဖိုင်တစ်ခု ယမန်နေ့ (ဧပြီ ၂၁) ရက် ညဉ့်နက်ပိုင်းက Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သည်။
အုပ်ချုပ်ရေးမှူး ဦးနိုင်ဦး၏ပြောပြချက်အရ ယမန်နေ့ ည ၁၁ နာရီခန့်က လူငယ်နှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် တောင်မှမြောက်၊ မြောက်မှတောင် မောင်းနှင်နေရာ မသင်္ကာ၍ လိုက်လံဖမ်းဆီးပြီး စစ်ဆေးမြန်းခဲ့သည်ဟု ဆိုသည်။
ထို့နောက် “ကလေးတွေက မူးနေတာ မဖြေနိုင်ဘူး၊ စက်မှုဘက်ထဲသွားမယ် ပြောတယ်၊ ကျွန် တော်က အဲဒီမှာ ဒေသန္တရအမိန့်နဲ့ စွဲလိုက် ပြောတယ်။ နယ်ထိန်းက ဦးကြီးမလုပ်ပါနဲ့၊ ကလေးတွေ ကျွန်တော်ပြောဆို လွှတ်ပါ့မယ် ပြောတော့ မင်းတို့ ထောင်ထဲသွားမလား ဘာလုပ်ချင်လဲမေးတော့ နယ်ထိန်းကြီးဆုံးမတာ ခံယူပါ့မယ်တဲ့။ ဒါကြောင့် မိဘကသားသမီးကို ဆုံးမတဲ့သဘောမျိုး ဝါးခြမ်းပြားနဲ့ တစ်ယောက်တစ်ချက် ဆုံးမတဲ့သဘော ရိုက်လွှတ်တာပါ” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။
ရိုက်နှက်ခဲ့သူမှာ အမှတ် ၁၁ နယ်မြေရဲစခန်းမှ နယ်ထိန်းကျော်ဝင်းထွန်း ဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးဦးနိုင်ဦးက အတည်ပြုသည်။
အဆိုပါ ရိုက်နှက်နေသည့် ၁၅ စက္ကန့်ကြာ ဗီဒီယိုဖိုင်ကို ယမန်နေ့ည ၁၁ နာရီ ၇ မိနစ်က Aung Myat Hein အကောင့်က စတင်၍ Facebook ပေါ်တင်ခဲ့သည်ကို တွေ့ရသည်။ လုံခြုံရေးအဖွဲ့ဝင် ၂ ဦးအပြင် အဆိုပါဗီဒီယိုထဲတွင် တစ်ဖွဲ့တည်းဟု ယူဆရသည့် အရပ်ဝတ်ဖြင့် လူ ၆ ဦးကိုလည်း ထင်ထင်ရှားရှားတွေ့ရသည်။
ယင်းကိစ္စဖြစ်ပွားခဲ့သည့်နေရာမှာ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်း အမှတ် (၄) ရပ်ကွက် မနော်ဟရီလမ်းနှင့် စိန်ပန်းလမ်းတွင် ဖြစ်ခဲ့သည်ဟု သိရကြောင်း ချမ်းမြသာစည် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ဆိုသည်။
ဒေသန္တရထုတ်ထားသည့် အမိန့်တွင် ယင်းကဲ့သို့ရိုက်နှက်ရန် မပါဘဲ ယခုကဲ့သို့ရိုက်နှက်ခြင်းကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ကန့်ကွက်သည်ဟု ဦးမြင့်အောင်မိုးက ပြောသည်။
ချမ်းမြသာစည်မြို့နယ် နယ်နိမိတ်ဖြစ်သည့်အတွက် အမှတ်(၁၁)ရဲစခန်းသို့ ဖုန်းဖြင့်မေးမြန်းရာ မဖြေသည့်အတွက် နေ့လယ် (၁၂) နာရီအချိန်ခန့်တွင် ရဲစခန်းသို့ သွားရောက်မေးမြန်းရာ တာဝန်ကျရဲတပ်သားတစ်ဦးမှ စခန်းမှူးနှင့်တာဝန်မှူး အစည်းအဝေး သွားနေကြောင်းပြောသည်။
မန္တလေးတိုင်းရဲတပ်ဖွဲ့ မှ ဒုရဲမှူးကြီး ဦးဉာဏ်ဝင်းက “ဘယ်ရဲစခန်းကလဲဆိုတာ မသိသေးဘူး။ ရှာနေတုန်းပါ၊ ဘယ်ခရိုင်မှာဖြစ်သလဲ မန္တလေးခရိုင်မှာ ဖြစ်သလားဆိုတာ။ ဗီဒီယိုဖိုင်လေးတော့ တက်လာတာတွေ့တယ်၊ ဘယ်စခန်းကလဲဆိုတာ စစ်နေတုန်း” ဟု ပြောသည်။
ယခုကဲ့သို့ ကိုဗစ်နိုင်တင်းကပ်ရောဂါဖြစ်ပွားနေချိန် “လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်များကို ဆောင်ရွက်ရာတွင် အရေးပေါ်အာဏာကို လွန်လွန်ကဲကဲသုံး၍ စည်းကမ်းမလိုက်နာသူများအပေါ် နှိမ်နင်းမှုမျိုး မလုပ်ဆောင်သင့်ကြောင်း” ကုလသမဂ္ဂက မတ် ၁၆ က ထုတ်ပြန်ထားသည်။
အပြင်မထွက်ရအမိန့်ကို မလိုက်နာသူများကို ကမ္ဘာ့နိုင်ငံများတွင် လုံခြုံရေးအဖွဲ့များက နည်းလမ်းအမျိုးမျိုးသုံး၍ ဖိနှိပ်မှုများရှိနေသည်။ ကပ်ရောဂါကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အစားအစာပြတ်လပ်မှုအတွက် ဆန္ဒထုတ်ဖော်သူများကို အကြမ်းဖက်ဖြိုခွင်းနေသလို ကင်ညာနိုင်ငံတွင်မူ လူစုလူဝေးလုပ်သူများကို ရဲများက တုတ်ဖြင့် လိုက်လံရိုက်နှက်လေ့ရှိသည်။
ထို့ပြင် အိန္ဒိယတွင်လည်း စည်းကမ်းမလိုက်နာသူများကို တုတ်ဖြင့် ရိုက်နှက်သည့်အပြင် အချို့ကို အရည်ပြားကို အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုဆေးများဖြင့် ဖြန်း၍ ဒဏ်ပေးသည်များပင်ရှိသည်။ နီပေါနိုင်ငံတွင်မူ အပြင်ထွက်သူများကို အဝေးမှလှမ်း၍ထောက်နိုင်သည့် ပလာယာရှည်ကြီးများဖြင့် ဖမ်းခေါ်သည်များ ရှိနေသည်။