
ကိုဗစ်နိုင်တင်း (Covid-19) ကာကွယ်ရေးအတွက် သီးခြားခွဲထားသည့်နေရာတွင် နေထိုင်စဉ်အတွင်း ကန့်သတ်ချက်ကို မလိုက်နာသည့် ဇနီးမောင်နှံနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်သည်။
၎င်းတို့မှာ ထိုင်းနိုင်ငံမှပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများဖြစ်ပြီး အသက် ၂၅ နှစ်ရှိအမျိုးသားတစ်ဦး၊ ၎င်း၏ ဇနီး အသက် ၂၇ နှစ်ရှိအမျိုးသမီးတစ်ဦးနှင့် အသက် ၃၆ နှစ်ရှိ အမျိုးသမီးတစ်ဦးတို့ဖြစ်ကာ အဆိုပါ ဥပဒေပုဒ်မ ၃၀(က) အရ တရားရုံးက ဧပြီ ၂၀ (ယနေ့)တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားမှပြန်လာသူများကို သီးသန့်ထားရှိရာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၁)တွင် သတ်မှတ်ကာလ ၂၁ ရက်မပြည့်မီ အဆိုပါအမျိုးသားသည် ၎င်း၏ဇနီးရှိရာအမျိုးသမီးအဆောင် သို့ ဧပြီ ၁၃ တွင် ကူးလူးသွားလာခဲ့ခြင်း၊ အသက် ၃၆ နှစ်အရွယ်အမျိုးသမီးမှာလည်း ကွမ်းယာနှင့်ဆေးလိပ်များ အဆောင်ကူးရောင်းချခြင်းတို့ကြောင့် အမှုဖွင့်ရခြင်းဖြစ်သည်ဟု အဆိုပါ သီးခြားခွဲထားစင်တာ၏ တာဝန်ခံ ဆရာဝန်က ဧပြီ ၁၄ တွင်ပြောခဲ့သည်။
“ဒီလို ကူးလူးသွားလာတာ၊ ရောင်းဝယ်ဖောက်ကားတာတွေက အဆောင်တွင်း နေထိုင်သူတွေ အချင်းချင်းမှာ တစ်ဦးကနေတစ်ဦး (ဗိုင်းရပ်စ်ပိုး)ပျံ့နှံ့သွားဖို့အတွက် အခွင့်အလမ်း အများကြီး ရှိပါတယ်” ဟု တရားလို ဒေါက်တာအုပ်စိုးလင်းက အမှုဖွင့်သည့်နေ့တွင် ပြောသည်။
၎င်းတို့သုံးဦးကို ထောင်တစ်နှစ်အထိ ချမှတ်နိုင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က) ဖြင့် ဇဗ္ဗူသီရိမြို့မရဲစခန်းတွင် ဧပြီ ၁၄ နံနက်ပိုင်းက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း သတ်မှတ် ၂၁ ရက်ကာလ မပြည့်သေးခြင်းကြောင့် အမှုဖွင့်ဖွင့်ချင်း တရားစွဲမတင်ခဲ့ဘဲ သုံးဦးစလုံးကို ခံဝန်ထိုးစေကာ စင်တာသို့ပြန်ပို့ခဲ့ကြောင်း၊ ယခုမှရက်စေ့သဖြင့် တရားစွဲတင်ကာ ရုံးတော်က အမိန့်ချခြင်းဖြစ်ကြောင်း ဇဗ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးမြင့်နိုင်က Myanmar Now ကို ယနေ့ညနေပိုင်းတွင် အတည်ပြုသည်။
၎င်းတို့သုံးဦးကို ပို့ဆောင်ရမည့် ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်၍မရသေးသဖြင့် ဇမ္ဗူသီရိမြို့မ ရဲစခန်းမှာပင် ခေတ္တထိန်းသိမ်းထားသည်ဟု ရဲမှူးမြင့်နိုင်က ပြောသည်။
“ရမည်းသင်း(ထောင်)ကို ပို့လို့မရသေးဘူးဗျ။ … အချုပ်သားအသစ် လက်မခံလို့လေ။ ကျွန်တော်တို့ဆီမှာပဲ ခေတ္တထိန်းထားပါတယ်။ ရမည်းသင်းက လက်ခံတဲ့အခါကျရင် ဆက်ပို့ပါ့မယ်” ဟု ရဲမှူး မြင့်နိုင်က ဆက်ပြောသည်။
ကိုဗစ်နိုင်တင်းရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ရန် “ဥပဒေအရ အရေးယူခြင်းနဲ့ စပါမယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ဧပြီ ၁၆ တွင် အသိပေးထားသည်။
မြန်မာနိုင်ငံတွင် ဧပြီ ၂၀ နံနက်ပိုင်းအထိ ကိုဗစ်နိုင်တင်း ရောဂါအတည်ပြုလူနာ ၁၁၁ ဦးရှိပြီး ၎င်းတို့အနက် ၅ ဦးမှာ သေဆုံးခဲ့ပြီးဖြစ်သည်။
တတ်နိုင်သမျှ နေအိမ်တွင် နေထိုင်ပြီး လူစုလူဝေးကို ရှောင်ကြဉ်ရန်နှင့် လက်ကိုစနစ်တကျဆေးကြောရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြည်သူများကို အဓိက အသိပေးထားသည်။