
ဒါ့အပြင် သေဒဏ်ချမှတ်ခံထားရသူ ၃၈ ဦးကိုလည်း တစ်သက်တစ်ကျွန်းပြစ်ဒဏ်ပြောင်းလဲချမှတ် တယ်လို့ ဒီကနေ့ ညနေပိုင်းမှာ စစ်ကောင်စီက ထပ်မံကြေညာပါတယ်။ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ထဲရောက်လာသူတွေကို စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနက ထောင်ကိုရောက်ပြီဆိုတာနဲ့ ရိုက်နှက်နှိပ်စက်တာတွေ လုပ်သလို အမျိုးမျိုးဖိနှိပ်ခံရတယ်လို့ ဒီကနေ့ ပြန်လွတ်လာတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းလူငယ်အမျိုးသားတစ်ဦးက ပြော ပါတယ်။
ဒီနေ့ပြန်လွတ်လာသူတွေထဲမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရ တဲ့ အလွတ်တန်းသတင်းထောက် ကိုဇော်လင်းထွဋ်(ခေါ်)ဖိုးသား၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း သတင်းယူရင်းအဖမ်းခံရတဲ့ သတင်းထောက် မငြိမ်းငြိမ်းအေး(ခ)မေဘယ်နဲ့ အာဏာသိမ်းပြီးနောက် ပထမဆုံးအသံတိတ်သပိတ်နေ့မှာ ဓါတ်ပုံရိုက်ရင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က အဖမ်းခံရတဲ့ ကိုဇော်ထွန်း(ခ) ကိုဘလိတ်တို့ ပါဝင်လာပါတယ်။ ဒါပေမဲ့ ကိုဘလိတ်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ အလွတ်တန်းသတင်းထောက် ကိုစိုးနိုင်ကတော့ ဖမ်းဆီးခံရပြီး ရက်ပိုင်းမှာပဲ စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး သေဆုံးခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ စစ်ကားနဲ့တိုက်ဖြိုခွင်းခံရတဲ့ သပိတ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ သတင်းထောက်ကိုကောင်းဆက်လင်းဟာ ဒီကနေ့ ညနေပိုင်းထိ အင်းစိန်ထောင်ကလွတ်တဲ့ လွတ်ငြိမ်းထဲမှာ ပါဝင်လာခြင်းမရှိပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီကနေ့ဟာ ကိုကောင်းဆက်လင်း မိခင်ရဲ့ နာရေး ဖြစ်ပါတယ်။ လွတ်/ငြိမ်းမှာ ပါမလာသေးတဲ့ ကိုကောင်းဆက်လင်းဟာ မိခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ခွင့်မရဘဲ အကျဉ်းထောင်ထဲမှာ ဆက်လက်ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။