အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နိုင်ငံရေးအကျဉ်းသားလွတ်ရက်စေ့လျှင်ပင် အိမ်ပြန်ခွင့်ရရန် မသေချာ

လွတ်ရက်စေ့သော နိုင်ငံရေးအကျဉ်းသားများမှာ အမှုသစ် ပြန်ဖွင့်ခံရခြင်း၊ တိုက်ပိတ်ခံရခြင်း၊ စစ်တပ်ထဲဝင်ရန် ကမ်းလှမ်းခံရခြင်းတို့နှင့် ရင်ဆိုင်ရနိုင်သည်။

လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားများထဲမှ တချို့မှာ ထောင်အပြင်ဘက်မရောက်မီ ချက်ချင်း ဖမ်းဆီးအမှုဖွင့်ခံရပြီး  တိုက်ပိတ်အကျဉ်းချခံကြရသည်ကို  ယခုလပိုင်းအတွင်း ဆက်တိုက်တွေ့နေရကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်များထံက သိရသည်။ 

အချုပ်ဆောင်ထဲမှ   ထုတ်သွားသော်လည်း အိမ်ပြန်မရောက်ဘဲ ထောင်သို့ ချက်ချင်းပြန်ရောက်လာခြင်း ဖြစ်သည်ဟု  ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်နှင့် ဆက်စပ်နေသူတစ်ဦးက ပြောသည်။

“ထောင်ဘူးဝကနေ ရဲစခန်းခေါ်သွားတယ်။ နောက်ထပ်ပုဒ်မအသစ်တွေ ထပ်တပ်ပြီး တစ်လလောက် တိုက်ပိတ်လိုက်တယ်။ ပြီးရင် ထောင်ပြောင်းလိုက်တယ်။ ဘယ်ထောင်မှန်းလည်း မသိကြရဘူး” ဟု အထက်ပါ သတင်းရင်းမြစ်ကပြောသည်။ 

“အဲ့ဒီလို ခဏခဏလုပ်နေတယ်။ ကျန်တဲ့သူတွေလည်း သူတို့လွတ်ရက်အပေါ် မျှော်လင့်ချက်တွေ မရှိတော့ဘူး”

တိုက်ပိတ်ခြင်း ဆိုသည်က အကျဉ်းသားကို လေအဝင်အထွက်နှင့် အလင်းရောင် မရှိသလောက် နည်းပါးသည့် အခန်းကျဉ်းအတွင်း ကာလရှည် သီးသန့် ပိတ်လှောင်ခြင်း ဖြစ်သည်။ သံကွင်းများနှင့် ဆက်ထားသည့် သံခြေချင်းကို အကျဉ်းသား၏ ခြေချင်းဝတ်နှစ်ဖက်တွင် တပ်ဆင်ပေးသလို လမ်းလျှောက်ရ ပိုမို ခက်ခဲစေရန်လည်း ခြေချင်းဝတ်ရှိ သံကွင်းနှစ်ခုကို သံချောင်းတိုဖြင့် ချိတ်ဆက်ထားတတ်သေးသည်။  ထိုသို့ ဒဏ်ခတ်ထားသည့် ကာလအတွင်း ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ထားသလို မိသားစုထံမှ စာနှင့် ပစ္စည်းလက်ခံခွင့်လည်း ကန့်သတ်ခံရသည်။ ထို့ပြင် အပြင်းအထန် ရိုက်နှက်ခြင်းလည်း ခံရလေ့ရှိသည်။

လွတ်ရက်စေ့သူကို ထောင်ဘူးဝသို့ ခေါ်သွားပြီး  မသက်ဆိုင်သည့် ပုဒ်မများထပ်မံတပ်၍ အမှုဖွင့် ဖမ်းဆီးမှု  ပိုမိုဆိုးရွားလာသည့်အကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကလည်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထိုသူတို့မှာ  အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေပါ ငွေကြေးဆိုင်ရာထောက်ပံ့မှု ပုဒ်မဖြစ်သည့် ၅၀ (ည)၊ အခြားအကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြစ်သည့် ပုဒ်မ ၅၁၊ ပုဒ်မ ၅၂ တို့ဖြင့် အမှုဖွင့်ခံရသည်၊ ၂၀၂၃ ခုနှစ်နောက်ပိုင်း ထိုလုပ်ရပ်များ ပိုမို တွေ့လာရသည်ဟု WOPP တည်ထောင်သူနှင့် နိုင်ကျဉ်းဟောင်းတစ်ဦးဖြစ်သူ ဒေါ်ဇူးဇူးမေယွန်းက Myanmar Now ကို ပြောသည်။ 

“ထောင်ဝကနေပြန်လည်ဖမ်းဆီးပြီးတာနဲ့ ပြစ်ဒဏ်တိုက်ထဲ တိုက်ပိတ်ထားတာမျိုး၊ မိသားစုနဲ့ ပေးမတွေ့တာတွေထိ လူ့အခွင့်အရေးချိုးဖောက်တာတွေကိုပါ စစ်ကောင်စီက လုပ်နေတာပါ။ နောက်ပြီး ဒိုက်ဦးထောင်ဘက်မှာဆိုရင်လည်း အမျိုးသမီးအကျဉ်းသူတွေကို အမျိုးသား အကျဉ်းသားတွေအတွက် ထားတဲ့ ပြစ်ဒဏ်တိုက်မှာ ပြောင်းရွှေ့ထည့်တာတွေအထိ ပေါ်ပေါ်ထင်ထင် လုပ်လာတာ”

၂၀၂၅ ခုနှစ်အတွင်း ထိုသို့ ပြုမူခံရသည့် အမျိုးသမီးနိုင်ငံရေးအကျဉ်းသား  ငါးဦးခန့်ရှိနေပြီဖြစ်ကြောင်း WOPP က အထက်ပါ တာဝန်ရှိသူက ဆိုသည်။

လွတ်ရက်စေ့နိုင်ငံရေးအကျဉ်းသားများအနက်မှ တချို့ကို  စစ်မှုထမ်းရန် ပြောဆိုကြောင်း၊  စစ်မှုမထမ်းဟု ငြင်းဆိုပါက အမှုဖွင့်ပြီး  ထောင်ထဲသို့ ချက်ချင်းပြန်ထည့်လေ့ရှိကြောင်း မကြာသေးမီလအနည်းငယ်ကမှ  အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည့် သတင်းထောက် ကိုစိုးရာဇာထွန်းက ဆိုသည်။ 

“အင်းစိန်ထောင်ဆိုတော့ သတင်းစီးဆင်းမှု အားနည်းတော့ ဒီလို ဖြစ်တဲ့လူတိုင်းတော့ ကျွန်တော် မသိနိုင်ဘူးပေါ့။  နိုင်ကျဥ်းလူငယ်အချို့ ပြန်ဖမ်းခံရတာက စစ်မှုထမ်းဖို့ သူတို့ကို ပြောတာ၊ သူတို့က လက်မခံလို့” ဟု ကိုစိုးရာဇာထွန်းက ဆိုသည်။  

“စစ်စည်းကမ်း (ချိုးဖောက်မှု)နဲ့ ကျလာတဲ့ စစ်သားတွေကို ပြန်တာဝန်ထမ်းဆောင်ရင် လွှတ်ပေးတယ်။ မထမ်းဆောင်ချင်သူကို ပြန်ထည့်တယ်။ လွှတ်ပေးတယ်ဆိုတာ စစ်မှုထမ်းဖို့ ခေါ်သွားတာကို ပြောတာနော်”  

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်ပင် ဖမ်းဆီးခံလိုက်ရသည့် ရက်ဂေးအဆိုတော် စောဖိုးခွားသည်  သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က)၊ ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့်  ထောင်နှစ်နှစ် ချမှတ်ခံခဲ့ရသည်။ 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင်   လွှတ်ဟန်ပြပြီး ထောင်ဘူးဝ၌ ပြန်လည်ဖမ်းဆီးကာ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) ဖြင့် ပြန်လည်စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်  ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုးဆန်းစုကြည်သည်လည်း လွတ်ရက်စေ့သည့်နေ့မှာပင် အာဏာပိုင်တို့က   အကြမ်းဖက် ပုဒ်မ ၅၂(က)နှင့် အမှုဖွင့်ကာ သာယာဝတီထောင်ထဲသို့ ပြန်လည် ထည့်သွင်းချုပ်နှောင်လိုက်သည်။

ဦးညီပုတို့ကဲ့သို့ မိသားစုတစ်စုတည်းတွင် တစ်ဦးထက်မနည်း ဖမ်းဆီးခံထားရသူများ ရှိနေသည်။

မည်သည့်နေရာတွင် ချုပ်နှောင်ထားကြောင်း၊ မည်သည့်နေရာသို့ ပြောင်းရွှေ့လိုက်ကြောင်းကို အကျဥ်းထောင်၊ ရဲစခန်း၊ ထောက်လှမ်းရေးတို့က မိသားစုများကို အသိပေးအကြောင်းကြားလေ့ မရှိပေ။

မိသားစုဝင်များက အချိန်ကုန်ခံ လိုက်လံစုံစမ်းရခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများထဲတွင် အထင်ရှားဆုံးဖြစ်သော ဒေါ်အောင်ဆန်းစုကြည် မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း အာဏာသိမ်းစစ်ဗိုလ်ချုပ်များက အထူး လျှို့ဝှက်ထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မတရား ထိန်းသိမ်းခံထားရသူ အရေအတွက် ၂၉၈၃၂ ဦး ထက် မနည်း ရှိနေကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ  သိရသည်။

Related Articles

Back to top button