ပဲခူးတိုင်း၊ သာယာဝတီ အကျဉ်းထောင်မှ ယမန်နေ့၊ (ဩဂုတ်လ၊ ၇ ရက်နေ့) တွင် ထောင်လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာသူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီးဖြစ်သူ မမိုးဆန်းစုကြည်ကို အကြမ်းဖက်ပုဒ်မ တစ်ခုထပ်တပ်ကာ ပြန်ဖမ်းဆီးလိုက်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။
မမိုးဆန်းစုကြည်သည် ယမန်နေ့၊ (ဩဂုတ်လ၊ ၇ ရက်နေ့) တွင် သာယာဝတီထောင်မှ လွတ်မြောက်လာ ခဲ့ပြီးနောက် အကျဉ်းထောင်ဘူးဝအရောက် သာယာဝတီမြို့နယ်ရဲမှုးက မေးမြန်းစရာရှိသည်ဟု ဆိုကာ ပြန်လည် ခေါ်ယူသွားခဲ့ပြီး အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ပြန်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။
“ထောင်ဘူးဝရောက်တဲ့အခါကျတော့ သူ့ကို ရဲကားနဲ့ ခေါ်ထုတ်သွားတာ တွေ့လိုက်တယ်။ လွတ်တော့ လွတ်သွားပြီပေါ့။ မြို့နယ်ရဲစခန်းကို ခေါ်သွားတာသိရတော့ မိသားစုတွေ လိုက်သွားတယ်။ မိသားစု တွေကိုလည်း အသိမပေးဘူး။ မေးတာလည်း မဖြေပေးဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
ထို့နောက် သာယာဝတီမြို့နယ် ရဲစခန်းသို့ မိသားစုဝင်များ သွားရောက် စုံစမ်းသည့် အခါတွင်လည်း ပြန်လည်ဖြေကြားခြင်းမရှိဘဲ မိသားစုဝင်များ နေအိမ်သို့ ပြန်လည်ရောက်ရှိလာမှသာ မမိုးဆန်းစုကြည်ကို သာယာဝတီထောင်သို့ ပြန်ပို့လိုက်သည်ဟု စစ်ထောက်လှမ်းရေး ဆိုသူက တယ်လီဖုန်းဖြင့် ဆက်သွယ် အကြောင်းကြား လာသည်ဟု ၎င်းက ပြောသည်။
“ထောင်က လွှတ်ပေးလိုက်ပြီးတော့မှ ပြန်သွင်းလိုက်တာပေါ့။ ဒီနေ့မနက် လိုက်သွားကြတော့ သူတို့ မိသားစုက စုံစမ်းတဲ့ အခါမှာတော့ ၅၂ (က) နဲ့ အမှု ပြန်စွဲလိုက်တယ်လို့ သိရတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဖမ်းဆီးခံရချိန်တွင် မမိုးဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ဗဟိုလူငယ် တာဝန်ခံတစ်ဦးဖြစ်သည်။
မမိုးဆန်းစုကြည်ကို စစ်အာဏာသိမ်းပြီး လေးလအကြာ၊ ၂၀၂၁၊ မေလ၊ ၉ ရက်နေ့ တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းရှိ ၎င်း၏တိုက်ခန်းတွင် စစ်တပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
သာယာဝတီအကျဉ်းထောင်ကို Myanmar Now က ယနေ့ ဆက်သွယ်မေးမြန်းရာ မမိုးဆန်းစုကြည်၏ အခြေအနေကို ၎င်းတို့ သိရှိခြင်းမရှိဟု ငြင်းဆိုသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီးနှစ်ဦးအနက် အငယ်ဖြစ်သော NLD ပါတီ၊ လူငယ် တာဝန်ခံ မမိုးဆန်းစုကြည်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-က၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် အမှုဖွင့်ခံရပြီး ထောင် ခြောက်နှစ် ချခံရသည်။
ထို့နောက် ၂၀၂၃၊ ဇွန်လတွင် အင်းစိန် အကျဉ်းထောင်မှ တဆင့် သာယာဝတီ အကျဉ်းထောင်သို့ ပြောင်း ရွှေ့ခံရသည်။
၎င်း၏ ဖခင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု မှာလည်း နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ၊ အဂတိလိုက်စားမှု ပုဒ်မ (၅၅) တို့ ဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျော် ချခံထားရသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လတွင် အင်းစိန်ထောင်သို့ ပြောင်းခံရပြီး ထိုနှစ်တွင်ပင် သာယာဝတီထောင်သို့ ပြန်ပို့ ခဲ့သည်ဟု မကြာသေးခင်က သာယာဝတီထောင်မှ လွတ်မြောက်လာပြီး မမိုးဆန်းစုကြည်နှင့် ရင်းနှီးသူ တစ်ဦးက ပြောသည်။
“ သာယာဝတီထောင် မ တိုက်မှာနေပြီးတော့ ၅၀၅ လွတ်ခါနီးမှာပဲ အင်းစိန်ကနေပြီးတော့ သာယာဝတီ ကို ပို့လိုက်တယ်။ အခုက ၁၇ (၁) နဲ့ ၅၀၅ နှစ်မှုပေါင်းပြီး လွတ်မှာ။ အဲဒါကို သူ…မလွတ်တာ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် မမိုးဆန်းစုကြည်သည် နိုင်ငံရေးသဘောထား ပြတ်သားပြီး ထောင်အတွင်း တော်လှန်ရေး လှုပ်ရှားမှုများတွင် အမြဲပူးပေါင်းပါဝင်ခဲ့သည်။ သာယာဝတီထောင်ရှိ သေဒဏ်ကျခံနေရသူများနှင့် အတူထားရှိပြီး အာဏာပိုင်များက အမြဲ စောင့်ကြည့်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“သူက ထောင်အာဏာပိုင်တွေနဲ့ လုံးဝ မပူးပေါင်းဘူး။ ပြတ်ပြတ်သားသား ရပ်တည်တာပေါ့။ ဒါပေမဲ့ ထောင်ထဲမှာလုပ်တဲ့ လှုပ်ရှားမှုမှန်သမျှမှာတော့ သူက ပူးပေါင်းဆောင်ရွက်တယ်” ဟု အထက်ပါ ရင်းနှီးသူက ဆိုသည်။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့တွင် တည်ရှိသည့် သာယာဝတီ အကျဉ်းထောင်သည် ရန်ကုန်မြို့နှင့် မိုင် ၇၀ ကျော် ကွာဝေးသည့် ကိုလိုနီခေတ် အကျဉ်းထောင်တစ်ခုဖြစ်သည်။
၁၉၃၀ ခုနှစ်က အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်တော်လှန်ခဲ့သည့် လယ်သမားခေါင်းဆောင် ဆရာစံ နှင့် အရေးတော်ပုံ တပ်သားအများအပြားကို ကြိုးပေး ကွပ်မျက်ခဲ့သည့် သမိုင်းဝင် အကျဉ်းထောင် တစ်ခု လည်း ဖြစ်သည်။
သာယာဝတီမြို့ပြင်ရှိ ဧကပေါင်းများစွာ ကျယ်ဝန်းသည့် လယ်ကွင်းပြင်ကြီးထဲတွင် တည်ရှိသည့် ကိုလိုနီခေတ်လက်ရာ အကျဉ်းထောင်သည် ကိုလိုနီခေတ်နောက်ပိုင်းတွင်လည်း နိုင်ကျဉ်းများကို နှိပ်စက်ညှဉ်းပန်းရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်တစ်ခုဖြစ်သည်။
စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်သည့် သာယာဝတီထောင်ပိုင် ဦးရဲရင့်နိုင်သည် စစ်တပ်က အာဏာသိမ်းပြီး နောက်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်၊ နှိပ်စက်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။
၂၀၂၁ တွင် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၅၊ ဩဂုတ်လ၊ ၇ ရ့က်နေ့ အထိ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ ၇၀၄၃ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၂၉၅၁၅ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ (AAPP) က ယမန်နေ့၊ (ဩဂုတ်လ၊ ၇ ရက်နေ့) က ထုတ်ပြန်ထားသည်။




