အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အမေရိကန်နိုင်ငံသားရဟန်းကို ကားနဲ့တိုက်ဖမ်းပြီး၊ စစ်ကြောရေးမှာ ထိုးကြိတ်ရိုက်နှက်ခဲ့

အမေရိကန်နိုင်ငံမှာ သီတင်းသုံးနေထိုင်ပြီး မြန်မာနိုင်ငံကို ခေတ္တပြန်ကြွသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဘဒ္ဒန္တပညာဇောတဟာ ပြီးခဲ့တဲ့နှစ်က ရန်ကုန်မြို့မှာ ဖမ်းဆီးခံရပြီး၊ စစ်ကြောရေးမှာ ထိုးကြိတ်ရိုက်နှက်ခံခဲ့ရပါတယ်။ 

အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ယောက် စီးနင်းလာတဲ့ကားဟာ ဆရာတော်လိုက်ပါလာတဲ့ အငှားကားကို မြောက်ဥက္ကလာအဝိုင်းမှာ ဝင်တိုက်ပြီး ဖမ်းခဲ့တာပါ။ အဲ့ဒီနောက် ဆရာတော်ကို လက်ထိပ်ခတ်၊ မျက်နှာဖုံးစွပ်ပြီး ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေကို နှိပ်စက်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ ၈ရက်ကြာ ဖြတ်သန်းခဲ့ရပါတယ်။ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် သူတို့ကိုယ်သူတို့ အမွှမ်းတင်လေ့ရှိတဲ့ စစ်သားတွေက ဆရာတော်ကို အတင်းအဓမ္မလူဝတ်လဲခိုင်းခဲ့ပြီး ကိုယ်ထိလက်ရောက် ထိုးကြိတ်တာ၊ ခြိမ်းခြောက်တာတွေလုပ်ခဲ့တယ်လို့ မကြာသေးခင်က ပြန်လည်လွတ်မြောက်လာတဲ့ ဦးပညာဇောတက Myanmar Now ကို မိန့်ပါတယ်။ 

သက်တော် ၆၅နှစ်၊ ဝါတော် ၄၄ဝါ ရှိပြီဖြစ်တဲ့ ဆရာတော်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)၊ လူဝင်မှုကြီးကြပ်ရေး(လဝက)ဥပဒေ ပုဒ်မ ၁၃(၁)တို့နဲ့ အာဏာသိမ်းစစ်တပ်က တရားစွဲဆိုခဲ့ပြီး စုစုပေါင်း ထောင် ၁၅နှစ်နဲ့ ဒဏ်ငွေ ၅သိန်း ချမှတ်ခဲ့ပါတယ်။ 

အဲ့ဒီနောက် အင်းစိန်ထောင်မှာ တစ်နှစ်နီးပါး နေခဲ့ရပြီး အခုနှစ် အောက်တိုဘာလကုန်မှာတော့ ‘နှစ်နိုင်ငံချစ်ကြည်ရေး’ အကြောင်းပြချက်နဲ့ အမေရိကန်နိုင်ငံသားခံယူထားတဲ့ ဆရာတော်ကို စစ်တပ်က ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလ်လိုမြို့က မေတ္တာပါရမီကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ဦးပညာဇောတဟာ အခုတော့ သူ့ရဲ့ကျောင်းကိုပြန်လည်ရောက်ရှိနေပါပြီ။ 

မကွေးတိုင်း၊ နတ်မောက်မြို့ဇာတိဖြစ်တဲ့ ဦးပညာဇောတ ကို နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းမှာတော့ ‘နတ်ဇော’ လို့ ခေါ်ကြပါတယ်။ ဆရာတော်ဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၁၉၉၀ ပြည့်နှစ်က ပတ္တနိက္ကုဇနကံဆောင်သပိတ်မှာ ပါဝင်ခဲ့တာကြောင့် ရန်ကုန်နဲ့ သာယာဝတီထောင်မှာ ထောင် ၃နှစ်နဲ့ ၁၉၉၆ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ၁၉၉၈ခုနှစ်က စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းခံရပြီး သာယာဝတီထောင်မှာ ၇နှစ် နေခဲ့ရပါတယ်။ 

၂၀၀၄ခုနှစ်မှာ ထောင်ကပြန်လွတ်လာပြီး ၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်ရှားမှုကြီးမှာလည်း ဦးဆောင်ပါဝင်ခဲ့ပါတယ်။ ထပ်အဖမ်းမခံရဖို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို တိမ်းရှောင်သွားခဲ့ပြီး အမေရိကန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့ခိုလှုံခွင့်ရခဲ့ပါတယ်။ 

အခုနောက်ဆုံးအကြိမ် ဖမ်းဆီး၊ နှိပ်စက်ခံရတဲ့အခြေအနေတွေနဲ့ ထောင်တွင်းဖြတ်သန်းမှုအတွေ့အကြုံတွေကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ 

စထွန်းအောင်/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button