သတင်း

မန်းနှင့်နေပြည်တော်ရှိ ကိုဗစ်အတည်ပြုလူနာ ၂ ဦး ထပ်မံစစ်ဆေးရာ ပိုးမတွေ့အဖြေများထွက်

ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိကြောင်း အတည်ပြုလူနာများအနက် မန္တလေးနှင့် နေပြည်တော်တို့ရှိ လူနာနှစ်ဦးသည် ထပ်မံစမ်းသပ်ချက်များတွင် ပိုးမတွေ့အဖြေ (negative) ထွက်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

အမေရိကန်နိုင်ငံသား မြန်မာလူမျိုး လူနာနံပါတ် (၄) မှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့သည့် အဖြေထွက်ပြီး ကုလသမဂ္ဂဝန်ထမ်းဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးမှာ တစ်ကြိမ်စစ်ရာ တစ်ကြိမ် ပိုးမတွေ့အဖြေ ထွက်ကြောင်း ယင်းဝန်ကြီးဌာနမှ ဒေါက်တာသာထွန်းကျော်က ဧပြီ ၆ တွင်ပြောသည်။

အမေရိကန်နိုင်ငံသားခံယူထားသည့် မန္တလေးမြို့ မြရည်နန္ဒာ တိုက်တန်းနေ အမျိုးသားကို မတ် ၂၇ တွင် လေးယောက်မြောက်လူနာအဖြစ် ပိုးတွေ့ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ရှိ ကုလသမဂ္ဂဝန်ထမ်းတစ်ဦးဖြစ်သော အသက် ၅၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူကို မတ် ၂၈ တွင် ခုနစ်ယောက်မြောက်လူနာအဖြစ် ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ကျန်တဲ့သူတွေက ပေါ့စတစ် ထွက်နေတုန်းပါပဲ။ နေပြည်တော်ကတစ်ယောက်ကတော့ တစ်ကြိမ်ပဲ နဂ္ဂတစ်ထွက်ပါသေးတယ်။ မန္တလေးကတစ်ယောက်ကတော့ နှစ်ကြိမ်ဆက်တိုက် နဂ္ဂတစ် ထွက်ပါပြီ” ဟု ဒေါက်တာသာထွန်းကျော်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်အရ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့အဖြေထွက်ရမည် ဖြစ်သလို ရောဂါ လက္ခဏာများ လုံးဝမပြသဘဲ ကျန်းမာနေမှသာ အလုံးစုံပြန်လည်သက်သာပြီဟု သတ်မှတ်ရမည်ဖြစ်သည်။

မန္တလေးရှိ လူနာ နံပါတ် (၄) ကို ကန်တော်နဒီဆေးရုံတွင် လည်းကောင်း၊ နေပြည်တော်ရှိ လူနာနံပါတ် (၇) ကို နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံတွင် လည်းကောင်း၊ ဆေးရုံက ဆင်းခွင့်မပြုသေးဘဲ အသီးသီး စောင့်ကြည့်လျက်ရှိပြီး လက်ရှိတွင် နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

“(ဧပြီ) ၄ ရက်နေ့မှာ တစ်ခေါက်စစ်ထားတာ Negative ထွက်ထားပါတယ်။ ဆေးရုံကဆင်းဖို့ကတော့ ကျွန်တော်တို့ရဲ့ Case Management Committee ရှိပါတယ်။ အဲ့ဒီအစည်းအဝေးဆုံးဖြတ်ချက်နဲ့ သူ့ရဲ့ Guideline အတိုင်း လုပ်မှာပါ။ အခုတော့ ဆေးရုံမှာပဲ စောင့်ကြည့်နေတုန်းပါ” ဟု ဆွစ်ဇာလန်နိုင်ငံသူ လူနာနှင့်ပတ်သက်၍ နေပြည်တော်ခုတင် ၁၀၀၀ ဆံ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းက Myanmar Now ကို ဖုန်းဖြင့်ပြောသည်။

အဆိုပါ ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးသည် မတ် ၁၈ တွင် ဆွစ်ဇာလန်နိုင်ငံ၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ နေပြည်တော်သို့ လေယာဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံထားရသည့် ၎င်း၏ဖခင်နှင့် အနီးကပ် ထိတွေ့မှု ရှိခဲ့သဖြင့် မိမိဘာသာအသွားအလာကန့်သတ်၍ နေထိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ကနဦးကတည်းက ပြောဆိုထားသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့် ဓာတ်ခွဲအတည်ပြုလူနာ ၂၀ ဦးအနက် ၁၉ ဦး၏အခြေအနေမှာ တည်ငြိမ်နေပြီး ရန်ကုန် ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာတစ်ဦးကို အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိဆေးကုသမှု ပေးနေသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၅ ညဦးပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

 

Show More

Related Articles

Back to top button