
ကိုဗစ်နိုင်တင်း ကပ်ရောဂါကာလအတွင်း လူစုလူဝေးများမလုပ်ရန် တားမြစ်ထားသော်လည်း ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်တွင် ဟိန္ဒူဘုရားပွဲကျင်းပရန် နယ်မှဘုရားဖူးများရောက်လာ၍ ဂေါပကအဖွဲ့ကို အကြောင်းကြားကာ တားမြစ်ခဲ့ရကြောင်း ယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကပြောသည်။
ပီလခတ်ကျေးရွာ၌ ဧပြီ ၅ (ယမန်နေ့) ညနေတွင် နယ်ဝေးမှ ဘုရားဖူးများရောက်လာပြီး လူစုလူဝေးဖြစ်ပွားခဲ့ကြောင်း သတင်းရရချင်း ပိတ်ခိုင်းလိုက်သဖြင့် ဂေါပကအဖွဲ့က ပြန်လွှတ်လိုက်သည်ဟု သိရကြောင်း ၎င်းကဆိုသည်။
“ကျွန်မတို့ကတော့ အုပ်ချုပ်ရေးပိုင်းကို လှမ်းပြီးတော့ ပြောထားတယ်ပေါ့နော် သူတို့ (အုပ်ချုပ်ရေးပိုင်း) ကတော့ ‘နယ်ခံတွေမဟုတ်ပါဘူး အပြင်ကလာတဲ့သူတွေကို သိတာနဲ့ ချက်ချင်းပြန်လွှတ်နေပါတယ် ပြန်ရှင်းပေးနေပါတယ်’ ဆိုတဲ့ အဆင့်ထိပဲ ကျွန်မသိထားတယ်” ဟု ၎င်းကပြောသည်။
သို့သော် ပီလခတ်ကျေးရွာ စရီအန်ဂါလဲအီ(စ်)ဝရီ – စရီ မဟာမူနီ(စ်)ဝရရ် ဟိန္ဒူဘုရားကျောင်း၏ ဘုရားပွဲကို မတ် ၂၈ မှ စပြီး ဧပြီ ၆ ရက်(ယနေ့)အထိ နေ့စဉ်လူပေါင်းများစွာ ပါဝင်ကျင်းပနေသည်ဟု အဆိုပါ ကျေးရွာသားတစ်ဦးက Myanmar Now ကို ဆက်သွယ်ပြောဆိုခဲ့သည်။
ယနေ့ကျင်းပမည့် မီးနင်းပွဲသည် ဘုရားပွဲနောက်ဆုံးနေ့ဖြစ်ကာ ညနေ ၃ နာရီခန့်တွင် စတင်မည်ဖြစ်ပြီး နံနက်ပိုင်းက လူဦးရေ ၃၀၀ ခန့်စုဝေးနေပြီး ၁၁ နာရီခန့်တွင်မှ အာဏာပိုင်များက လူစုလူဝေး ကန့်သတ်လိုက်သည်ဟု ၎င်းကဆက်ပြောသည်။
ဆယ်ရက်တိုင်တိုင် လူစုလူဝေးဖြစ်နေသည်ကိုမူ ၎င်းအနေဖြင့် သတင်းမကြားခဲ့ကြောင်း၊ အထောက်အထားဖြင့် တင်ပြလာပါက အရေးယူသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးမြမြမျိုးကပြောသည်။
ကိုဗစ်နိုင်တင်း (COVID-19) ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ခဲ့ပြီးနောက် မတ်လ ၁၃ ရက်နေ့မှစ၍ ဧပြီလကုန်အထိ လူစုလူဝေးဖြင့် ကျင်းပသော မည်သည့်အခမ်းအနားကိုမဆို ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
ပီလခတ်ရွာတွင် နေထိုင်သည့် အဆိုပါရွာသားက ဘုရားဂေါပကအဖွဲ့၊ အုပ်ချုပ်ရေးမှူးတို့နှင့် ပြဿနာဖြစ်မည်စိုး၍ ၎င်း၏အမည်ကို မဖော်ပြရန် တောင်းဆိုခဲ့သည်။
“ကျွန်တော်တို့လည်း နေ့မအိပ် ညမအိပ်နဲ့ အကုန်လုံးက ပူပင်သောက ရောက်နေရတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိုရွာသားက Myanmar Now ထံ ပေးပို့ခဲ့သည့် ဧပြီ ၅ ရက်နေ့က ၎င်းရိုက်ကူးထားသည်ဟုဆိုသော ရုပ်သံနှင့်ဓာတ်ပုံမှတ်တမ်းများတွင်လည်း လူပေါင်းများစွာ ပါဝင်သော လူအုပ်ကြီးမှာ ဘုရားပွဲလှည့်လည်နေသည်ကို တွေ့ရသည်။
“မှတ်တမ်းလေးတောင်မှ အထောက်အထားနဲ့ တင်ပြလို့ရအောင်ဆိုပြီး မနည်းဒုက္ခခံပြီး ယူထားရတာ။ အမှန်တကယ်က သူတို့ဂေါပကအဖွဲ့ကရော ကျင်းပရေးကော်မတီကရော ဖုန်းတောင်မှ ထောင်လို့မရဘူး” ဟု ၎င်းကဆက်ပြောသည်။
ပီလခတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ကမူ ၎င်းတို့အနေဖြင့် အဆိုပါ ဘုရားပွဲကို ခွင့်ပြုထားခြင်းမရှိကြောင်း၊ ဘာသာရေး အစဉ်အလာအတိုင်း မဖြစ်မနေပူဇော်ရမည်ဖြစ်သောကြောင့်သာ လူ ၂၀၊ ၃၀ ခန့်ဖြင့် ကျင်းပခြင်း ဖြစ်ပြီး ယနေ့တွင်လည်း မီးနင်းမည့်လူသုံးယောက်သာရှိပြီး မည်သည့်ဘုရားဖူးမျှ ဝင်ခွင့်မပေးဟု ဦးသက်နိုင်က ဆိုသည်။
“ရာနှင့်ချီ မရှိပါဘူး ကိုယ့်ရွာကလူတွေတော့ ရှိတာပေါ့။ ကျွန်တော်တို့တောင် မသွားဘူး။ ဘာလို့လဲဆိုတော့ တရားဝင်ပိတ်ထားတာကိုး” ဟု ၎င်းကပြောသည်။
ဘုရားပွဲကို ယခုနှစ်တွင် မကျင်းပတော့ကြောင်း ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် သက်ဆိုင်ရာဌာနများသို့ မတ်လ ၂၅ ရက်နေ့က စာပို့ထားသည်ဟု ဘုရားကျောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသံခဲဘဲလူးက ပြောသည်။
“ပူဇော်ပွဲပဲလုပ်တယ် ဘုရားပွဲမလုပ်ဘူး။ လူ ၁၀၀ လောက်ပဲရှိမယ် ရွာသားတွေပဲ” ဟု ၎င်းကပြောသည်။
အဆိုပါ ဘုရားပွဲသည် အနယ်နယ်အရပ်ရပ်မှ နှစ်စဉ် လူဦးရေ ၃,၀၀၀ ကျော် လာရောက်လေ့ရှိပြီး မြန်မာနိုင်ငံတွင် အစည်ကားဆုံး ဟိန္ဒူဘုရားပွဲဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။
ပြီးခဲ့သည့် တစ်ပတ်အတွင်းက မွန်ပြည်နယ် ကျိုက်မရောရှိ ကျေးရွာတစ်ရွာတွင် လူဦးရေ ၁၅၀ ခန့်ဖြင့် ဘုရားထီးတော်ပင့်ဆောင်သူနှင့် မန္တလေးတိုင်း နွားထိုးကြီးတွင် အလှူပွဲကျင်းပခဲ့သူကို သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေဖြင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများက တရားစွဲဆိုခဲ့သည်။
လူစုလူဝေးများမှတစ်ဆင့် အဓိကကူးစက်သော ကိုဗစ်နိုင်တင်းရောဂါကြောင့် ယနေ့အထိ မြန်မာနိုင်ငံတွင် ရောဂါပိုးကူးစက်ခံရသူ ၂၁ ဦး ရှိကာ ပိုးတွေ့တစ်ဦးသေဆုံးထားသည်။