သတင်း

စစ်တွေတွင် ရိုဟင်ဂျာနှင့် ဟိန္ဒူများ ပစ်မှတ်ထားခြိမ်းခြောက် ငွေညှစ်ခံနေရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် ရိုဟင်ဂျာလူမျိုးများ၊ ဟိန္ဒူဘာသာဝင်များ အငှားယာဉ် မောင်းနှင်၊ စီးနင်းလျှင် ရဲများက တားဆီးစစ်ဆေး ငွေညှစ်နေခြင်းမှာ လူမျိုးရေးခွဲခြား နှိပ်ကွပ်ခြင်းဖြစ်ကြောင်း ပစ်မှတ်ထားခံနေရသူများက ပြောသည်။

ဘေးတွဲဆိုင်ကယ်၊ တုတ်တုတ်ချေဟု ဒေသတွင်း ခေါ်ဆိုကြသော သုံးဘီးတပ်ယာဉ် စသည့် အငှားယာဉ်များ တရားဝင် မောင်းနှင်ခွင့်လိုင်စင်၊ လုပ်ငန်းလိုင်စင် မပြနိုင်သည့်အတွက် တောင်းသမျှငွေ ပေးရသဖြင့် စားဝတ်နေရေး ထိခိုက်လာကြောင်း  အသက် ၂၃ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားတစ်ဦးက ပြောသည်။ 

“မွတ်စလင်တွေဖြစ်လို့ လူမျိုးရေးခွဲခြားတာ။ ရခိုင်သား တုတ်တုတ်ချေသမားတွေကိုတော့ မဖမ်းရဲဘူး။ မွတ်စလင်တွေဆိုရင် ခြိမ်းခြောက်တယ်။ မွတ်စလင်တွေက ကြောက်လို့ စကားသိပ်မပြောရဲဘူး။ ကြောက်ရင် ပိုပြီး ခြောက်တယ်။ သိပ်စိတ်နာတယ်” ဟု တုတ်တုတ်ချေ မောင်းနှင်သည့် ၎င်းက ဆိုသည်။ 

စစ်တွေမြို့ မီးစက်ကြီးခွဆုံ၊ လောကနန္ဒာစေတီမီးပွိုင့်နှင့် စျေးတို့တွင် ရဲ၊ ယာဉ်ထိန်းရဲ၊ စည်ပင်ဝန်ထမ်းတို့က ဖမ်းဆီးပြီးနောက် ငွေကျပ်သိန်းချီ တောင်းခံတတ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်မှာ တုတ်တုတ်ချေ မောင်းလို့ တစ်ရက်လုံးမှာ ငွေတစ်သောင်းလောက်ပဲ ရတာ။ ဓာတ်ဆီခကို နုတ်လိုက်ရင် ခုနှစ်ထောင်လောက်ပဲ ကျန်တယ်ဆိုတော့ တစ်သိန်းတောင်းရင် ကျွန်တော်တို့ ဘယ်လိုတတ်နိုင်မလဲ” ဟု အထက်ပါ ရိုဟင်ဂျာအမျိုးသားက ဆိုသည်။

“(ငွေ) မရရင် တုတ်တုတ်ချေကို မပေးဘူးဆိုပြီး သိမ်းထားတယ်။ သူတို့ကို ပြန်ပြောလို့လည်း မရဘူး”

၎င်းသည် ၂၀၂၂ ခု ဇွန်လကပင် နိုဝင်ဘာလအတွင်း မီးစက်ကြီးခွဆုံနှင့် လောကာနန္ဒာစေတီအနီး ဖမ်းဆီးခံရပြီး စုစုပေါင်း တစ်သိန်းခန့် ကုန်ကျခဲ့သည်ဟု သူက ဆိုသည်။

ထို့ပြင် တုတ်တုတ်ပေါ်မှ ခရီးသည်က ရိုဟင်ဂျာဖြစ်နေလျှင် ထိုခရီးသည်လည်း ငွေညှစ်ခံရတတ်သည်ဟု သိရသည်။

ကိုဗစ်ကူးစက်ဖြစ်ပွားမှု မြင့်မားသော ကာလအတွင်း ထုတ်ပေးထားသည့် ခရီးသွားသည့်အခါ ပြသရမည့် အနီရောင်ကတ်၊ စျေးဝယ်ထွက်စဉ် ကိုင်ဆောင်ရမည့် အဝါရောင်ကတ်တို့ ရှိမရှိ စစ်ဆေးပြီး ထိုကတ် မပြသနိုင်ပါက ငွေကြေးတောင်းခံတတ်သည်ဟု အခြားရိုဟင်ဂျာတစ်ဦးကလည်း ပြောသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီက ကိုဗစ်ကာလက အနီ၊ အဝါကတ်ပြားပေးထားတာ ရှိတယ်။ အိမ်တစ်အိမ်ကို အဲဒီနှစ်ကတ်ပေးထားတာ။ အိမ်တစ်အိမ်ကနေ သုံးယောက်သွားရင် တစ်ယောက်အတွက် မရှိဘူးဖြစ်နေတယ်ဆိုတော့ သွားလို့မရဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ဆိုသည်။

“သွားချင်ရင် မုန့်ဖိုး၊ လက်ဖက်ရည်ဖိုးဆိုပြီး တစ်ထောင်၊ နှစ်ထောင်ပေးပြီး သွားရတယ်။ ကျွန်တော်တို့က ဒီနိုင်ငံမှာ မွေးပြီး၊ ဒီနိုင်ငံမှာ ကြီးပေမဲ့ လူ့အခွင့်အရေး ဘာမှမရှိဘူး”

၂၀၂၀ ဩဂုတ်လအတွင်းက ထုတ်ပေးထားသော ကတ်များ ၂၀၂၂ နိုဝင်ဘာအတွင်း သက်တမ်းကုန်ဆုံးပြီးဖြစ်သည်။ 

မြို့နယ်တွင်းသွားလာလျှင် ကိုဗစ်ကာလက ပေးထားသည့်ကတ်ပြားမပါပါက စစ်ကောင်စီ လက်အောက်ခံ များက ငွေညှစ်တတ်သည်။ (ဓာတ်ပုံ – Myanmar Now)

ဆယ်စုနှစ်တစ်ခုကြာ ဒုက္ခသည်စခန်းများ၊ ကျေးရွာ၊ ရပ်ကွက်များတွင် ပိတ်လှောင်ခံထားရသည့် ရိုဟင်ဂျာများမှာ ၂၀၂၀ ပြည့်နှစ်မှစ၍ မြို့တွင်းသို့ လွတ်လပ်စွာသွားလာခွင့် ရရှိလာကြသည်။

ထို့ကြောင့် စားဝတ်နေရေး အဆင်ပြေစေရန်အတွက် တုတ်တုတ်ချေ၊ ဘေးတွဲဆိုင်ကယ်များ ဝယ်ယူကာ ခရီးသည်ပို့ဆောင်သောလုပ်ငန်းများ လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ဟိန္ဒူဘာသာဝင်များလည်း ငွေညှစ်ခံနေရ 

အလားတူ အိန္ဒိယ သုံးဘီး (ခေါ်) တုတ်တုတ်၊ ဘေးတွဲဆိုင်ကယ်များ မောင်းနှင်ပြေးဆွဲနေသည့် ဟိန္ဒူဘာသာဝင်များလည်း စစ်ကောင်စီလက်အောက်ခံများ၏ ငွေညှစ်မှုဒဏ် ခံနေရသည်။

အသားအရေကို ကြည့်ကာ လူမျိုးရေးခွဲခြားပြီး အကြောင်းပြချက်မျိုးစုံဖြင့် ဖမ်းဆီးခြင်းဟု အသက် ၂၁ နှစ်အရွယ် ဟိန္ဒူအမျိုးသားတစ်ဦးက ဆိုသည်။ 

၎င်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ က ဘုမေ (ရိုဟင်ဂျာ) ရပ်ကွက်သို့ ကြက်ဝယ်ရန် သွားရောက်ရာ ယာဉ်ရပ်ထားစဉ် ယာဉ်ထိန်းရဲများ၏ ဖမ်းဆီးခြင်းခံရပြီး ငွေညှစ်ခံရကြောင်း၊ ထို့ပြင် ပြည်နယ်အစိုးရရုံးရှေ့တွင်လည်း ယာဉ်ထိန်းရဲတစ်ဦးက တားဆီးပြီး ဖမ်းသည်ဟု ပြောသည်။

“ကျွန်တော့် တုတ်တုတ်ချေကို ရပ်တန့်လိုက်တယ်။ သူ (ယာဉ်ထိန်းရဲ) လာပြီး သော့ကို နုတ်ပြီးတော့ ငါ့ကို ဘာလို့ တိုက်မလို့လုပ်တာလဲ ဆိုတယ်။ အမှန်တော့ သူနဲ့လည်း အဝေးကြီးပဲလေ။ အဲဒီတုန်းက သူ့ကို တစ်သောင်းခွဲ ပေးလိုက်ရတာ ”

“တစ်ရက်မှာ သုံးကြောင်းဆွဲလို့ရရင် ယာဉ်ထိန်းရဲအတွက် ထက်ဝက်ပါသွားတယ်။ အခုက ယာဉ်မောင်းရင် ကြောက်ကြောက်လန့်လန့်နဲ့ သွားနေရတဲ့ဘဝဗျာ။ လမ်းမကြီးတွေက သွားလို့မရဘူး။ သူတို့တွေ မရှိတဲ့ နေရာတွေက ကွေ့ပတ်ပြီး ရှောင်မောင်းနေရတယ်” ဟု ဆက်ပြောသည်။

အခြား အသက် ၂၃ နှစ်အရွယ် ဟိန္ဒူအမျိုးသားတစ်ဦးလည်း ရိုဟင်ဂျာခရီးသည်များကို တင်ဆောင်၍ သွားစဉ် ယာဉ်ထိန်းရဲများ၏ ဖမ်းဆီးခြင်းခံရပြီး ငွေကြေးပေးခဲ့ရကာ ၂၀၂၂ မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ယခုကဲ့သို့ သုံးကြိမ်ခန့် ကြုံဖူးသည် ဟု ဆိုသည်။ 

“ယာဉ်ထိန်းရဲက ဖမ်းတယ်။ ဘာကြောင့်ဖမ်းလဲပြောတော့ လိုင်စင်ပါလား မေးတယ်။ ကျွန်တော်ကလည်း ကားလိုင်စင် ရှိတယ်။ မောင်းလိုင်စင် (ယာဉ်မောင်းလိုင်စင်) မရှိဘူးပြောတော့ လိုင်စင်မရှိလို့ ဖမ်းတာတဲ့။ ဆိုတော့ တစ်သိန်းခွဲ၊ နှစ်သိန်း တောင်းတယ်။ ရုံးကို သွားရင် ပိုကြီးသွားမယ်လို့ ပြောတယ်” ဟု အထက်ပါ ဟိန္ဒူအမျိုးသားက ပြောသည်။

“မောင်းလိုင်စင်မရှိလို့ တစ်သိန်းခွဲ၊ နှစ်သိန်းဆိုတာက ဥပဒေမှာလည်း မရှိဘူး။ သတ်မှတ်ထားတဲ့စျေးနှုန်း ရှိလားမေးတော့ မင်း သိပ်စကားမရှည်နဲ့၊ ငါ ဘယ်ကလဲဆိုတာ သိလားဆိုပြီး ပြောတယ်။ မင်း ဒီလောက်နဲ့ ရှင်းနိုင်ရင် မင်းဟာ ယူသွား၊ မဟုတ်ရင် ရုံးကို လာခဲ့တဲ့။ နောက်နေ့ ရုံးသွားပြီး ကျွန်တော့်မှာ ပိုက်ဆံမပါဘူး ပြောတော့ သုံးသောင်းကျော်တန် အရက်တစ်လုံးဝယ်ခဲ့ဆိုလို့ အရက်တစ်လုံး ဝယ်ပေးခဲ့ရတယ်”

မီးပွိုင့်နှင့် ဂိတ်များတွင် တာဝန်ကျနေသည့် ယာဉ်ထိန်းရဲ၊ ရဲတပ်ဖွဲ့ဝင်များသည် ရိုဟင်ဂျာနှင့် ဟိန္ဒူ အငှားယာဉ်မောင်းသမားများကို “မင်းတို့သွားရင် ကွမ်းတစ်ထုပ်ပါရမယ်။ ငါတို့ကို ရေတိုက်ရမယ်” ဟု အမြဲပြောဆိုလေ့ရှိကြောင်း ၎င်းတို့က ဆိုကြသည်။

လက်ရှိတွင် ထိုသို့ဖမ်းဆီးခံနေရသောကြောင့် ခရီးသည်များလည်း ၎င်းတို့ယာဉ်များကို ငှားရမ်းခြင်း မပြုကြသဖြင့် စားဝတ်နေရေး ခက်ခဲလာကြောင်း ပြောသည်။

ဌာနပေါင်းစုံဝန်ထမ်းများ ပူးပေါင်းဖမ်းဆီးမှုမျိုးကို ရံဖန်ရံခါ တွေ့ရသည်ဟု အခြားဟိန္ဒူအမျိုးသားတစ်ဦးကလည်း ဆိုသည်။ 

“တစ်ခါတလေ တုတ်တုတ်ချေတွေကို ဖမ်းရင် နည်းစနစ်တကျနဲ့ စည်ပင်၊ ရဲ၊ စစ်သား၊ ယာဉ်ထိန်းရဲ ဌာနပေါင်းစုံ စုပြီးဖမ်းတာ။ အဲဒါမှာဆိုရင် ရခိုင်တွေရော အားလုံး အဖမ်းခံရတာ။ အဲဒါဆိုရင် ကျွန်တော်တို့လည်း ကျေနပ်တယ်။ လူတိုင်းကို ဖမ်းလို့လေ။ အခုက ဌာနပေါင်းစုံနဲ့ မဟုတ်ဘဲ ကျွန်တော်တို့ကို ရွေးလို့ဖမ်းတော့ ငါတို့တွေကိုပဲ အနိုင်ကျင့်နေတာလားဆိုပြီး ရင်ထဲမှာ ခံစားရတယ်” ဟု သူက ပြောသည်။ 

ပုံစာ-စစ်တွေမြို့တစ်နေရာကို ၂၀၂၃ မတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now) 

စစ်တွေမြို့တွင် ဟိန္ဒူဘာသာဝင် ၂၀၀၀ ကျော်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်သည့် စစ်တွေမြို့နယ်ဒေသအချက်အလက်စာစောင်တွင် ဖော်ပြထားသည်။ 

အသက် ၂၅ နှစ်အရွယ် ရခိုင်လူမျိုး တုတ်တုတ်မောင်းသူတစ်ဦးကလည်း ရိုဟင်ဂျာများ၊ ဟိန္ဒူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိုမိုနှိပ်ကွပ်ကြောင်း ဆိုသည်။ 

“ကျွန်တော့မှာ လိုင်စင်တွေအကုန်လုံးရှိတယ်။ ဒါပေမဲ့ တစ်ခါတလေ စစ်ဆေးခံရတယ်။ သူတို့က ရိုဟင်ဂျာရယ်၊ ဟိန္ဒူတွေကျတော့ ပိုပြီးတော့ နှိပ်ကွပ်တာပေါ့။ ရခိုင်တွေကိုလည်း ဒီလိုလုပ်တာပဲ။ သူတို့ကိုတော့ ပိုဆိုးတာပါ။ အကုန်လုံး လုပ်ကိုင်စားသောက်နေကြတာမှာ ဒီလိုမျိုးလုပ်တာက မကောင်းဘူးလေ” ဟု သူက ပြောသည်။ 

လူနည်းစုများကို ပစ်မှတ်ထား ငွေညစ်သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရရှိရန် ကြိုးစားသော်လည်း စစ်တွေမြို့မရဲစခန်း၊ စည်ပင်သာယာရေးကော်မတီတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

တုတ်တုတ်များနှင့် ဘေးတွဲယာဉ်များသည် ခရီးသည်နှင့် ကုန်စည်စီးဆင်းမှုတွင် ရခိုင်ပြည်နယ်အတွက် အရေးပါပြီး ကားနှင့် နှိုင်းယှဉ်ပါက ဆီစားသက်သာသောကြောင့် အသုံးပြုမှုများပြားကြသည်။ 

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) က စစ်တပ်နှင့် အပစ်ရပ်ထားသော်လည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စများကိုပါ ဆောင်ရွက်နေသဖြင့် နှစ်ဖက် အခြေအနေတင်းမာနေသည်။ 

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုက ရိုဟင်ဂျာနှင့် ရခိုင်တို့ကြား လူမျိုးရေး၊ ဘာသာရေးဆန်ဆန် ပဋိပက္ခဖြစ်ပွားခဲ့သောကြောင့် ရိုဟင်ဂျာ တစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရကာ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည်။

ထို့ပြင် ၂၀၁၇ က မောင်တောဒေသတွင် ARSA အဖွဲ့က ရဲကင်းစခန်းများကို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရာတွင် ရိုဟင်ဂျာ ၇ သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲများ၊ စစ်သားများ၊ ယာဉ်ထိန်းများက နိုင်ငံအနှံ့ ငွေညှစ် ဖမ်းဆီးမှုများ ပြုလုပ်နေပြီး စစ်သားများ ဧည့်စာရင်းဝင်စစ်ပါက ငွေကြေး သိန်းဂဏန်းအထိ တောင်းခံလေ့ရှိကြောင်း Myanmar Now ၏ သတင်းရင်းမြစ်များက ဖြေဆိုထားကြသည်။ 

ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများပါမကျန် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို လုံခြုံရေးအကြောင်းပြ တားဆီး စစ်ဆေးရင်း မဖြစ်မနေ ပိုက်ဆံတောင်းခံနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button