သတင်း

ရန်ကုန်၊ မန်း သွေးလှူဘဏ်များ အလှူရှင်လျော့ကျသဖြင့် နည်းမျိုးစုံဖြင့်ရုန်းကန်နေရ

သတင်းထောက် စန္ဒာဉာဏ်ရေးသည့် ‘သွေးလှူရှင်များကို အိမ်တိုင်ရာရောက် ကြိုပို့ပေးမည့် အစီအစဉ် သွေးလှူဘဏ်စတင်’ သတင်းကို မန္တလေးမှရသည့်အချက်အလက်များဖြင့် ထပ်မံဖြည့်စွက် တည်းဖြတ်ထားခြင်းဖြစ်ပါသည်။

ကိုဗစ်နိုင်တင်း (COVID-19) ကြောင့် မြန်မာနိုင်ငံ၏အဓိကမြို့ကြီးနှစ်မြို့ဖြစ်သည့် ရန်ကုန်နှင့်မန္တလေးတို့ရှိ အမျိုးသားသွေးဌာန (သွေးလှူဘဏ်)များ သွေးရရှိမှု ထက်ဝက်နှင့်အောက် လျော့ကျသွားသဖြင့် နည်းလမ်းပေါင်းစုံဖြင့် အရေးပေါ်သွေးစုဆောင်းထားနိုင်အောင် ကြိုးစားနေကြသည်။

ရန်ကုန်မြို့ရှိ သွေးလှူရှင်များကို အိမ်တိုင်ရာရောက် ကြိုပို့ပေးမည့်အစီအစဉ် စတင်နေပြီဟု အမျိုးသားသွေးဌာန(ရန်ကုန်) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်က Myanmar Now ကို ဧပြီ ၃ တွင် ပြောသည်။

ရန်ကုန်သွေးလှူဘဏ်အတွက် သွေး ၅၅ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေသော အဖွဲ့လိုက်သွေးလှူဒါန်းမှုများ ရပ်ဆိုင်းသွားသဖြင့် တစ်ဦးချင်း လှူဒါန်းလိုသူများ သွားလာရေး အဆင်ပြေစေရန် ယခုကဲ့သို့ စီစဉ်ပေးခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“လှူချင်တဲ့သူတွေက လာရတာခက်ခဲတယ်ဆိုရင်တော့ အခုချိန်ကတည်းက ကျွန်မတို့ကို ကမ်းလှမ်းရင် ၁၀ ယောက်ဆိုရင် သွားကြိုပေးလို့ ရတာပေါ့နော်” ဟု ဒေါက်တာသီတာအောင်ကပြောသည်။

အဆိုပါ လူ ၁၀ ဦးကို သွေးလှူဘဏ်မှ လူ ၂၀ ဆံ့သည့် ဘတ်စကားဖြင့် အခမဲ့ အကြိုအပို့လုပ်ပေးမည်ဖြစ်ပြီး အနည်းဆုံး လူဆယ်ယောက် ကြိုတင်စုဆောင်းကာ ရက်ချိန်းကြိုပေးရမည်ဟု ၎င်းကပြောသည်။

ကြိုတင်ရက်ချိန်းအတွက် www.donatebloodmyanmar.org တွင်လည်းကောင်း၊ သွေးလှူဘဏ်သို့ ဖုန်းဆက်၍လည်းကောင်း မေးမြန်းနိုင်ပြီး တစ်ဦးချင်းအတွက် ဘတ်စကားစောင့်ဆိုင်းရမည့်လမ်းကြောင်းကို ပြန်လည်ညှိနှိုင်းပေးမည်ဟု ဆိုသည်။

“(သွေး)ထောက်ပံ့မယ်လို့ ဆန္ဒရှိရင် ရှိတဲ့ပြဿနာအကုန်လုံးကို ကျွန်မတို့ ကြိုးစားပြီးတော့ ဖြေရှင်းပေးမယ်” ဟု ၎င်းကဆိုသည်။

သွေးလှူဘဏ်တွင် ယခင်က တစ်နေ့လျှင် သွေးလှူရှင် ၁၅၀ ခန့်ရှိရာမှ ကိုဗစ်နိုင်တင်းရောဂါကြောင့် လူစုလူဝေးကန့်သတ်လိုက်သဖြင့် အလှူရှင် ၂၀ ဦးအထိ ကျဆင်းသွားကြောင်း၊ ယင်းနောက်တစ်ဦးချင်း လှူဒါန်းသူများကို ပြန်လည်ဆက်သွယ်ရာမှ ယခုရက်ပိုင်းတွင် ၅၀ အထိ ပြန်တက်လာသည်ဟု ဒေါက်တာသီတာအောင်ကပြောသည်။

လက်ရှိ သိုလှောင်ထားသည့်သွေးများကို အရေးပေါ် သွေးသွင်းရန် လိုအပ်သူများ၊ ကင်ဆာဝေဒနာသည်များ၊ သွေးရောဂါသည်များနှင့် ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်မှုခံယူသူများအတွက် ဦးစားပေး ထောက်ပံ့နေသည်ဟု ဒေါက်တာသီတာအောင်ကဆိုသည်။

ဂုဏဝတီသွေးအလှူရှင်များအဖွဲ့မှ ရဟန်းတော် အရှင်သောပါသ က ၎င်းတို့ပရဟိတအဖွဲ့များအနေဖြင့် သွေးလှူဘဏ်တွင် မလှူဘဲ အရေးပေါ်လိုအပ်သည့် သွေးများအတွက်သာ အလှူရှင်နှင့်အလှူခံကို ချိတ်ဆက်ပေးပြီး ဆေးရုံသို့ တိုက်ရိုက်လှူဒါန်းကြောင်း၊ လိုအပ်သည့်အချိန်တွင် တစ်ဦးချင်းခေါ်ယူရသည်က ပိုအဆင်ပြေပြီး တစ်ရက်တည်းတွင် လူအများကြီး စုဆောင်းပေးရန်မှာ မလွယ်ကူကြောင်း မိန့်သည်။

“အခက်အခဲ တော်တော်ရှိတယ် အခု ကိုရိုနာဗိုင်းရပ်စ်ကြောင့် တော်တော်များများက လိုက်မလှူရဲဘူး ဆေးရုံဆေးခန်းတွေကို သွားရမှာကြောက်တယ် အရင်တုန်းကဆိုရင် သွေးလှူရှင်ရှာရတာ နည်းနည်းလွယ်တာပေါ့” ဟု ၎င်းကမိန့်သည်။

အထူးသဖြင့် မြောက်ဥက္ကလာဆေးရုံကြီးတွင် ကိုဗစ်နိုင်တင်းလူနာ တွေ့ရှိခဲ့ပြီးနောက် ယင်းဆေးရုံသို့ အလှူရှင် ခေါ်လာရန် လုံးဝခက်ခဲသွားသည်ဟု အရှင်သောပါသ က မိန့်သည်။

သွေးလှူရှင်များ ကိုဗစ်နိုင်တင်း မကူးစက်စေရန်အလို့ငှာ အလှူရှင်မှလွဲ၍ အမျိုးသားသွေးဌာနသို့ မည်သူ့ကိုမျှ ဝင်ခွင့်မပြုတော့ဘဲ သန့်ရှင်းစိတ်ချသော ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးထားကြောင်း ဒေါက်တာသီတာအောင်ကပြောသည်။

ထို့ပြင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ သလိပ်ထွက်၍ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လွန်ခဲ့သည့်တစ်လအတွင်း နိုင်ငံခြားခရီးစဉ်မှ ပြန်ရောက်ရှိလာခြင်းနှင့် အဆိုပါ ကိစ္စများရှိသည့် မိသားစုဝင်များနှင့် အတူတကွနေထိုင်သူအားလုံးကို အချိန်တစ်လခန့် စောင့်ဆိုင်းပြီးမှ သွေးလှူဒါန်းကြရန် အမျိုးသားသွေးဌာနက သတိပေးထားသည်။

အမျိုးသားသွေးဌာန(ရန်ကုန်)သည် ရန်ကုန်ရှိ အစိုးရဆေးရုံ ၁၄ ရုံသို့ သွေးထောက်ပံ့ပေးနေပြီး ယခင်နှစ်က သွေးလှူရှင် ၁၅၀,၀၀၀ ခန့်ရရှိခဲ့ကြောင်း ယင်းဌာနမှသိရသည်။

မန္တလေး

မြန်မာနိုင်ငံတွင် ရန်ကုန်ပြီးလျှင် သွေးလှူဘဏ်ရှိသည့် တစ်ခုတည်းသောမြို့ဖြစ်သည့် မန္တလေးတွင်လည်း သွေးဌာနသို့ ယခင်က တစ်ရက်လျှင်သွေးလှူဒါန်းမှု ၁၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခု ထက်ဝက်ခန့် ကျဆင်းသွားသည်ဟု မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်၏ ညွှန်ကြားရေးမှူး ဒေါက်တာသန်းအောင်ထွန်းကပြောသည်။

“လူစုလူ‌ဝေးနဲ့လုပ်ရတဲ့ သွေးလှူဒါန်းပွဲတွေမရှိတော့ဘူး။ နောက်ပြီးမန္တလေးမှာဆို သကြန်မတိုင်မီ စေတနာရှင်တွေစုပေါင်းပြီး လုပ်တဲ့ပွဲရှိတယ်။ အခုလူတွေအများကြီး စုဝေးရင်ကူးစက်တဲ့ရောဂါတွေ ဖြစ်နိုင်တဲ့အတွက် မပြုလုပ်ဘူး။ တစ်ပြိုင်နက်တည်း သွေးအလုံးရေများများရဖို့တော့ အခက်အခဲရှိသွားတာပေါ့” ဟု ၎င်းကပြောသည်။

မန္တလေးသွေးလှူဘဏ်အနေဖြင့် ရန်ကုန်ကဲ့သို့ အိမ်တိုင်ရာရောက် ကြိုပို့ပေးမည့်အစီအစဉ် မရှိသော်လည်း

သင်္ကြန်ကာလ အရေးပေါ်သွေးအခြေအနေကိုဖြေရှင်းရန်အတွက် “ကြိုးစားဖြေရှင်းမည်” ဟု ဒေါက်တာ သန်းအောင်ထွန်းက ပြောသည်။

မန္တလေးမြို့ရှိ ဆေးရုံပေါင်း ၃၀ ကျော်ကို သွေးထောက်ပံ့ရန်အတွက် မြို့တွင်းမြို့ပြင် သွေးလှူရှင်များ ချိတ်ဆက်ရှာဖွေပေးနေသည့် မန္တလေးသွေးအလှူရှင်အသင်းများကွန်ရက်သည်လည်း ယခင်က ၎င်းတို့ ကွန်ရက်နှင့်ချိတ်ဆက်သွေးလှူဒါန်းသူ တစ်ရက်လျှင် ၅၀၀ ခန့်ရှိရာမှ ယခု ၂၀၀ ခန့်သို့ကျဆင်းသွားသည်ဟု ယင်းကွန်ရက်၏ ဦးဆောင်ဆရာတော် ဦးသုမနက မိန့်သည်။

“အခု ကိုဗစ်ကြောင့် တော်တော်လေးအခက်အခဲရှိလာတယ်။ ခုဆို lockdown (မြို့ကိုအဝင်အထွက် ပိတ်လိုက်ခြင်း) ချတာနဲ့ဆိုတော့ နယ်တွေကလည်း သွေးလှူရှင်တွေ မထွက်တော့ဘူး။ မြို့တွင်းကပဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ရှာဖွေ ချိတ်ဆက်ရတယ်” ဟု ၎င်းက မိန့်သည်။

မြန်မာနိုင်ငံတွင် မတ် ၂၃ မှစ၍ ကိုဗစ်နိုင်တင်းရောဂါ အတည်ပြုလူနာ စတင်တွေ့ရှိခဲ့ရာ ယနေ့အထိ အယောက် ၂၂ ယောက် ရှိပြီး ရှစ်ယောက်မှာ ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်သည်။

Show More

Related Articles

Back to top button