သတင်း

ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရန် ရန်ကုန်တိုင်းဒေသန္တရအမိန့်များ ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ ဒေသန္တရအမိန့်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးများက အတည်ပြုပြောဆိုသည်။

မတ် ၂၆ ညမှာပင် တိုင်းဒေသကြီးမှ ခရိုင်၊ ခရိုင်မှ မြို့နယ် အဆင့်ဆင့်ညွှန်ကြား ထားခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံထားရသူနှစ်ဦး ထပ်မံတွေ့ရှိကြောင်း အတည်ပြုထားသူနှစ်ဦးရှိသည်ဟု အမျိုးသားဓာတ်ခွဲခန်းအဖြေ မတ် ၂၇ နံနက်အစောပိုင်းတွင် ထုတ်ပြန်ကြေညာပြီးနောက် မြန်မာနိုင်ငံတွင် ပိုးတွေ့ရှိသူ စုစုပေါင်း ၅ ဦးအထိရှိလာသည်တွင် အာဏာပိုင်များက ဥပဒေစည်းမျဉ်းများ ပိုမိုတင်းကျပ်လာခြင်းဖြစ်သည်။

“ရပ်ကွက်ထဲက တချိုလူတွေက စိုးရိမ်ပူပန်ကြတယ်။ ကပ်ရောဂါသမားလို ဆက်ဆံကြတာမျိုးတွေ။ အပြန်အလှန်က ဘာဖြစ်လဲဆိုတော့ နိုင်ငံခြားက ပြန်လာတဲ့လူတွေက ကြောက်ပြီး မဆက်သွယ်တော့ဘူး။ အဲဒါကြောင့် ဒေသန္တရအဆင့်ထုတ်ပြန်လိုက်တာ။ တိုင်းဒေသကြီးတစ်ခုလုံးက မြို့နယ်အလိုက် ထုတ်ပြန်မှာပါ” ဟု လှိုင်မြို့နယ် ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးကျော်ကျော်ထွန်းက ပြောဆိုသည်။

ယင်းဒေသန္တရအမိန့်တွင် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားအားလုံး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၁၄ ရက်ကြာသီးသန့် နေထိုင်စောင့်ကြည့်မှုကို ပြုလုပ်သွားရမည်ဖြစ်ပါ၍ သတ်မှတ်နေရာအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန်၊ အများပြည်သူ စိုးရိမ်ထိတ်လန့်စေမည့် မမှန်သတင်း၊ ကောလာဟလများကို ဖန်တီးဖြန့်ဝေခြင်းမပြုရန် ဆိုသည့် အချက်များလည်း ပါရှိသည်။

တောင်ဒဂုံမြို့နယ်တွင် လူစုလူဝေးမပြုလုပ်ရန် ဒေသန္တရအမိန့်ထုတ်ပြန်လိုက်သည့်အတွက် တောင်ဒဂုံစက်မှုဇုန်မှ အလုပ်သမားဆန္ဒပြပွဲကို ယနေ့အပြီးသတ်ပြေလည်အောင် ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောသည်။

ဦးညီညီက “ဆန္ဒပြတဲ့သူတွေကို အရေးယူသွားမှာမဟုတ်ပါဘူး။ ဆန္ဒပြရတဲ့အပေါ်မှာ ဘာကြောင့်ပြရလဲ အဖြေ ရှာပြီး တော့ နှစ်ဖက်ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမှာပါ “ဟု ပြောသည်။

နိုင်ငံခြားမှပြန်လာသည့်သူများအနေဖြင့် သတ်မှတ်ရက်အတိုင်း home quarantine လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန် နေရာ အခက်အခဲရှိပါက တောင်ဒဂုံမြို့နယ်၊ စိုက်/မွေးရပ်ကွက်၊ သီရိဂုဏ်ဝေဘုန်းကြီးကျောင်း တရားရိပ်သာတွင် ထားရှိရန် စီစဉ်ထားကြောင်း၊ အဆိုပါ ရိပ်သာတွင် အခန်း ၂၁၉ ခန်းရှိသည့်အနက် လက်ရှိ ၁၈၀ ကျော်လက်ခံထားပြီး ဖြစ်ကြောင်း ဦးညီညီကပြောသည်။

ယခုအထိ တွေ့ရှိပြီးသမျှ ကူးစက်ခံထားရသူများ ၅ ဦးအနက် ၄ ဦးသည် သက်ဆိုင်ရာသို့သတင်းပို့ကာ သီးသန့် နေထိုင်စောင့်ကြည့်မှုမခံယူဘဲ မိမိနေအိမ်သို့ပြန်ခြင်း၊ တခြားနေရာနှင့်မြို့ရွာများသို့ သွားရောက်ခြင်းများ ပြုလုပ်ထားသည်ကို သက်ဆိုင်ရာ၏ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းအမိန့်ကို မလိုက်နာပါ ရာဇသတ်ကြီး ဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ တို့ဖြင့်အရေးယူသွားမည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေတွင် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် မဟုတ်မမှန် သတင်းလွှင့်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟုဖော်ပြထားသည်။

ယင်းအပြင် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာနှင့် အမိန့်တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။

ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေတွင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အရာရှိက ထုတ်ပြန်သော တားမြစ်ပိတ်ပင်သည့် အမိန့်၊ ကန့်သတ်သည့် အမိန့်ကို ဖောက်ဖျက်ပါက ထောင် ၆ လအထိ သို့မဟုတ် ငွေဒဏ်ကျပ်တစ်သောင်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

 

Show More

Related Articles

Back to top button