သတင်း

မှုခင်းရှုထောင့် အတွင်းရေးမှူးက ကျုံပျော်မှ နာရေးကိစ္စကို သတင်းမှားဖြန့်

နာရေးပို့ဆောင်သည့်လမ်း အငြင်းပွား ပိတ်ဆို့ရာမှ အဓိကရုဏ်းတစ်ခု ကျုံပျော်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရုပ်သံကို မှုခင်းရှုထောင့်အဖွဲ့မှ အတွင်းရေးမှူးဆိုသူက ထိုင်းမှပြန်လာသောလူနာ သေဆုံးဟုဆိုကာ သတင်းမှား ဖြန့်ဝေခဲ့သည်။

ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်း ကျေးရွာတွင် မတ် ၂၅ နံနက် ၁၁ နာရီ ဝန်းကျင်က နာရေးပို့ဆောင်သည့်လမ်း အငြင်းပွား ပိတ်ဆို့ရာမှ အဓိကရုဏ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးသေဆုံးကာ သံဃာ ၁ပါးနှင့် လူ ၃ ဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါအကြောင်းအရာကို Mcra S H ဆိုသည့် Account တွင် “ထိုင်းမှ ခိုးပြန်လာသော လူနာ ကျုံပျော်တွင် သေဆုံး၊ အသုဘချက်ချင်းစချ၍ သတင်းအရ ရဲတပ်ဖွဲ့မှတားဆီးရာမှ လူအုပ်စုနှင့် ပြဿနာတက်၍ ထိန်းမရသဖြင့် ရဲတပ်ဖွဲ့မှ ပစ်ခတ် အရပ်သားတစ်ဦးသေဆုံး” ဟူ၍ ရုပ်သံဖိုင်နှင့် တွဲ၍ ရေးသားခဲ့သည်။

Mcra S H ဆိုသူမှာ ၎င်း၏ Facebook ကိုယ်ရေးအချက်အလက်တွင် “ကိုဇော် SH ဗဟိုတွဲဖက်အတွင်းရေးမှူး၊ ဒုတိယသတင်းထောက်ချုပ် လားရှိုး” ဟု ရေးသားထားသည်ကို တွေ့ရပြီး “သတင်းနှင့် မှုခင်းစုံစမ်းရေးအဖွဲ့” ဟူသည့် တံဆိပ်များကိုလည်း ၎င်း၏ ဓာတ်ပုံများတွင် တွေ့ရသည်။

၎င်းအပြင် POWER 50 LAW BLOGS ဆိုသည့် Page မှ “ထိုင်းမှ ပြန်လာသော ကိုရိုနာစောင့်ကြည့်လူနာ” ရေးသားပြီး သတင်းမှားဖြန့်ဝေခဲ့သည်။ အဆိုပါသတင်းမှားကို ပြန်လည်မျှဝေသည့်အကြိမ် ထောင်နှင့်ချီရှိခဲ့ပြီး Mcra S H (https://www.facebook.com/mcra.sh.58) ဆိုသည့် Account မှာ Facebook တွင်မတွေ့ရတော့ပေ။

သတင်းဖြစ်စဉ်အရ နာရေးပို့ဆောင်စဉ် လမ်းပိတ်ဆို့ရာမှ ပဋိပက္ခဖြစ်ပွားပြီး အရပ်သားတစ်ဦး သေဆုံးခဲ့သည်မှာ မှန်သော်လည်း ထိုင်းမှခိုးပြန်သည့် သူမဟုတ်ပေ။ သေဆုံးသူမှာ အသက် ၈၀ အရွယ် အမျိုးသမီးတဦးဖြစ်သည်။

ကျုံပျော် အမှတ် (၁) တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာဇင်က “ထိုင်းကပြန်တဲ့သူမဟုတ်ပါဘူး၊ ရွာမှာပဲနေတဲ့သူပါ၊ ဖြစ်တဲ့ပြဿနာက ၂၀၁၇ ခုနှစ်ကတည်းက အငြင်းပွားနေတဲ့ကိစ္စအ‌ပေါ် အခြေတည်ပြီးဖြစ်တာပါ” ဟု Myanmar Now ကိုဖြေကြားသည်။

အဆိုပါကျေးရွာတွင် လမ်းနှစ်လမ်းရှိပြီး အဆိုပါလမ်းတွင် နေထိုင်သူများက နာရေးအသုံးပြုခွင့်အတွက် ပိတ်ပင်ထားခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ် ကစတင်က အဆိုပါပြဿနာစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကြားကာလများတွင်လည်း ယင်းကဲ့သို့ ပြဿနာမျိုးအကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး ယခုအခါ လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲများက ‌လူစုကွဲစေရန်ခြောက်လှန့်ပစ်ခတ်ရာတွင် ပေါင်ကိုထိမှန်ခဲ့သော်လည်း ဆရာဝန်ကြီးများ၏ ပြောပြချက်အရ သွေးကြောမကြီးကို ထိခဲ့သည့်အတွက် သေဆုံးခဲ့ရခြင်း ဒေါ်သီတာဇင်ကပြောသည်။

“သတ်မှတ်ပေးထားတဲ့ ရွာရဲ့နောက်ဘက် လမ်းကနေ မသွားဘဲ ပြဿနာဖြစ်မယ့် ရဲအင်အားတွေချထားတဲ့လမ်းကနေ ဇွတ်ချမယ်ဆိုပြီး သူတို့လာချတာပေါ့။ ရဲတွေနား ရောက်တဲ့အခါကျတော့ သူတို့က ထင်းစတွေနဲ့ ပစ်ပေါက်တယ် ပေါက်တူးတွေနဲ့ပစ်တယ် မြို့နယ်ဒုဦးစီးရဲ့ပြောပြချက်အရ ရဲ ရှစ်ယောက် ဒဏ်ရာရတယ်။ အဲ့ဒီမှာ ရဲတွေက သူတို့လူစုကွဲအောင် ခြောက်လိုက်တဲ့သဘောပါ” ဟု ဒေါ်သီတာဇင်ကပြောသည်။

Show More

Related Articles

Back to top button