ရောဂါကာကွယ်ကုသရေးအတွက် တစ်ကိုယ်ရေကာကွယ်ရေး (PPE) ဝတ်စုံများ အလျင်အမြန် လိုအပ်နေသည့်အတွက် မြန်မာအစိုးရသည် ပဲခူးတိုင်းစက်မှုဇုန်ရှိ နိုင်ငံခြားစက်ရုံတစ်ရုံထံမှ ဝတ်စုံ ၁၀၀,၀၀၀ ဝယ်ယူမည်ဟု ယင်းစက်ရုံနှင့် ပဲခူးတိုင်း စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူအသီးသီးတို့က Myanmar Now ကို ပြောသည်။
ပဲခူးတိုင်းစက်မှုဇုန်ရှိ Cobes Industries (Bago) စက်ရုံသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ကာ ပြည်တွင်းလိုအပ်ချက်အတွက် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများ အလျင်အမြန် ချုပ်လုပ်ပေးရန် စီစစဉ်နေသည်ဟု ယင်းစက်မှုဇုန်၏ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်းထက်က Myanmar Now ကို မတ် ၂၄ တွင် ပြောသည်။
ဝန်ကြီးဌာနနှင့် သဘောတူစာချုပ်ကို ယနေ့ (မတ် ၂၅) တွင် ချုပ်ဆိုမည်ဟု အဆိုပါစက်ရုံ၏ အုပ်ချုပ်မှုဒါရိုက်တာ ကောချွန်းဝေ (Guo Chun Wei) က Myanmar Now ကို အတည်ပြုသည်။
PPE ဝတ်စုံ ၁၀၀,၀၀၀ အနက် ပထမတစ်သုတ်အဖြစ် ဝတ်စုံ ၂၀,၀၀၀ ကို ဧပြီ ၉ တွင် စတင်ပေးအပ်သွားမည်ဖြစ်ပြီး ကျန်ရှိသည်များကိုလည်း ရက်ပိုင်းအတွင်း ပြီးစီးအောင်ချုပ်လုပ် ပေးအပ်သွားမည်ဟု အဆိုပါ တာဝန်ရှိသူတို့က Myanmar Now ကို ပြောသည်။
Cobes Industries သည် ဟောင်ကောင်တွင် အခြေစိုက်သည့် ကုမ္ပဏီဖြစ်ပြီး ခွဲစိတ်ခန်းသုံး ဝတ်ရုံများ၊ ခန်းဆီးများ၊ ဆေးရုံ ဆေးခန်းနှင့် လုပ်ငန်းသုံး ကာကွယ်ရေးအဝတ်အထည်များ စသည်တို့ကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ရှိ စက်ရုံလေးရုံတွင် ထုတ်လုပ်သည်ဟု ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။
Cobe Industries (Bago) စက်ရုံမှာ ဥရောပနိုင်ငံများမှ ဝယ်လက်များအတွက် PPE ဝတ်စုံများ ယခင်ကတည်းက ချုပ်လုပ်ပေးနေသည့် စက်ရုံဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် ချုပ်လုပ်ပေးမည့်ဝတ်စုံများမှာလည်း ဥရောပသို့ တင်ပို့သည့် အရည်အသွေးအတိုင်းပင် ဖြစ်ကြောင်း စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်းထက်က ပြောသည်။
လက်ရှိတွင် PPE ချုပ်လုပ်ရန် ကုန်ကြမ်းရှိနေသေးသော်လည်း နှာခေါင်းစည်း (Mask) ချုပ်လုပ်ပေးနိုင်မည့် စက်ရုံများမှာမူ ကုန်ကြမ်းပြန်မဝင်သေးသည့်အတွက် ထုတ်လုပ်ပေးရန် အခက်အခဲဖြစ်နေသေးသည်ဟု ၎င်းက ပြောသည်။
“Mask ကတော့ စက်ရုံတွေနဲ့ ညှိနှိုင်းပေမယ့် ကုန်ကြမ်းမရနိုင်တော့ အဓိက ပြဿနာပါ။ ကုန်ကြမ်းက အဓိက တရုတ်ပြည်က သွင်းရတာပေါ့။ တရုတ်ပြည်က ကုန်ကြမ်းထုတ်တဲ့ စက်ရုံတွေက အခုလက်ရှိ ပိတ်ထားတယ်။ ပြန်ဖွင့်တဲ့အထဲမှာ မပါသေးတော့ အဲ့ဒီကိစ္စက နည်းနည်း အခက်အခဲဖြစ်နေတယ်” ဦးဟိန်းထက်က ပြောသည်။
ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်သည့် နှာခေါင်းစည်းများကို ဧပြီလအတွင်း ထုတ်လုပ်နိုင်ရန် စက်ရုံများနှင့် ညှိနှိုင်းနေသည်ဟု ဦးဟိန်းထက်၏ အဆိုအရ သိရသည်။
တောင်ကိုရီးယားအစိုးရသည် COVID-19 ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ခွဲစိတ်ခန်းသုံးဝတ်စုံ ၈၀,၀၀၀ ကို မြန်မာနိုင်ငံရှိ KM Healthcare ကိုရီးယားစက်ရုံမှ ဝယ်ယူပြီး မတ် ၁၈ တွင် စစ်လေယာဉ်နှစ်စီးဖြင့် လာရောက်သယ်ယူသွားခဲ့သည်ဟုလည်း တောင်ကိုရီးယားနိုင်ငံအခြေစိုက် Yonhap သတင်းဌာန၏ မတ် ၁၉ သတင်းတစ်ပုဒ်အရ သိရသည်။
ကိုရီးယားနိုင်ငံတကာကျန်းမာရေးဖောင်ဒေးရှင်း (KOFIH) နှင့် ကိုရီးယားစက်ရုံ KM Healthcare တို့က ရောဂါပိုးမွှားကာကွယ်ရေးဝတ်စုံများ၊ ခွဲစိတ်ခန်းသုံးဝတ်စုံများနှင့် ခေါင်းစွပ်များအပြင် တောင်ကိုရီးယားကိုယ်စားပြု အကျိုးအမြတ်မယူသောအဖွဲ့အစည်း Good Neighbors ကလည်း ကိုရိုနာဗိုင်းရပ်စစ်ဆေးရေးကိရိယာ ၅,၀၀၀ ကို မတ် ၂၄ က လှူဒါန်းခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
မတ် ၂၅ အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရသူ ၃ ဦး ရှိပြီး ၎င်းတို့အားလုံးမှာ အမေရိကနှင့် အင်္ဂလန်တို့မှ ပြန်လာကြသူများ ဖြစ်သည်။