လူစုလူဝေး မပြုလုပ်ရန်နှင့် မဖြစ်မနေ ကိစ္စများမှလွဲ၍ နေအိမ်ပြင်ပသွားလာခြင်းကို လျှော့ချရန် အစိုးရက ညွှန်ကြားထားသော်လည်း ရန်ကုန်တိုင်းအတွင်း လူသွားလူလာများကို ထိထိရောက်ရောက် ကြပ်မတ်ထိန်းချုပ်နိုင်ရန် စိန်ခေါ်မှုများ ရှိနေကြောင်း လွှတ်တော်အမတ်များနှင့် အုပ်ချုပ်ရေးမှူးများက Myanmar Now ကို ပြောသည်။
ကိုဗစ်နိုင်တင်း (Covid-19) ရောဂါကူးစက်မှုများ ဖြစ်ပွားနေသည့် ရန်ကုန်တိုင်း မြို့နယ် ၇ ခု အတွင်း နေထိုင်သူများကို အလုပ်အသွားအပြန်၊ ဈေးဝယ်ယူခြင်းနှင့် ကျန်းမာရေးကိစ္စရပ်များမှ လွဲပြီး အိမ်ပြင်မထွက်ရန်၊ အိမ်အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားသည်။ အဆိုပါ မြို့နယ် ၇ ခုမှာ ရောဂါပိုးတွေ့ရှိသည့် နေရာများဖြစ်ပြီး တောင်ဥက္ကလာပ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ အင်းစိန်၊ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့ဖြစ်သည်။
ဝန်ကြီးဌာန၏ အဆိုပါ အမိန့်ညွှန်ကြားချက်ကို မလိုက်နာပါက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ထောင်ဒဏ် ၆ လ အထိဖြစ်စေ၊ ဒဏ်ငွေ ၅၀,၀၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
သို့သော်လည်း သင်္ကြန်ပိတ်ရက်ကုန်လွန်ပြီး အလုပ်များ ပြန်ဖွင့်သည့် ဧပြီ ၂၀ မှစ၍ ရန်ကုန်တိုင်းအတွင်း မြို့နယ်များတွင် လူသွားလူလာ အများအပြား ပြန်လည်ရှိလာခဲ့သည်။
စက်ရုံ အလုပ်ရုံ အများအပြားရှိပြီး လူဦးရေထူထပ်သည့် ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့တွင် နယ်မှ ပြန်ရောက်လာသည့် ဝန်ထမ်းနှင့် အလုပ်သမားများသည် စားဝတ်နေရေးအတွက် မဖြစ်မနေ အိမ်ပြင်ထွက်နေကြရသေးသည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် အုပ်ချုပ်ရေးမှူးများက ပြောသည်။
“စားဝတ်နေရေးအရ အလုပ်လုပ်နေရတဲ့သူတွေကို အိမ်အပြင်မထွက်နဲ့လို့ ကျွန်တော်တို့ တားလို့မရဘူး။ ကျွန်တော်တို့မြို့နယ်မှာက တစ်နေ့လုပ် တစ်နေ့စားတွေက များတယ်။ … ပြီးတော့ ဒီမှာရှိတဲ့ (ကျူးကျော်) တွေမှာက (နှာခေါင်းစည်း) မတပ်နိုင်ကြဘူး။ သူတို့တွေအတွက် စီစဉ်ပေးဖို့ကျ ခက်ခဲတာပေါ့” ဟု လှိုင်သာယာမြို့နယ် (အနောက်ခြမ်း) အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက Myanmar Now ကို ပြောသည်။
ထို့အပြင် အစိုးရ၏ အမိန့်ညွှန်ကြားချက်များ နောက်ကျသည့်အတွက် လူအများ၏ သွားလာလှုပ်ရှားမှုကို စီမံခန့်ခွဲရန် ပိုမိုအခက်ကြုံစေသည်ဟုလည်း လှိုင်သာယာမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောသည်။
“တစ်ခါတလေကျတော့ ညွှန်ကြားချက်တွေက နောက်ကျတော့ အခက်အခဲတော့ ဖြစ်တာပေါ့။ စက်ရုံတွေစစ်ဆေးပြီးမှ ဖွင့်ရမယ် ဆိုတဲ့ညွှန်ကြားချက်မျိုးတွေက ၁၉ ရက်နေ့မှ ထွက်တယ်။ အဲဒီအချိန်မှာ အလုပ်သမားတွေက ပြန်လာနေကြတော့ တားဆီးရေးက အခက်အခဲဖြစ်တယ်” ဟု ဦးဝင်းမောင်က ပြောသည်။
အလားတူပင် ရွှေပြည်သာမြို့နယ်တွင်လည်း မြို့နယ်လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ အိမ်ပြင်ထွက်နေရသေးသည့် အခြေအနေရှိကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း၏ အဆိုအရ သိရသည်။
ရန်ကုန်မြို့လယ် ပန်းဘဲတန်းမြို့နယ်တွင် ရပ်ကွက် ၁၁ ခု ရှိသည့်အနက် ရှစ်ခုအတွင်း နေထိုင်ကြသူများမှာ အစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာမှုရှိပြီး ကျန်ရပ်ကွက် သုံးခုရှိ နေထိုင်သူများမှာ စည်းကမ်းလိုက်နာမှု အားနည်းကြောင်း ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက Myanmar Now ကို ပြောသည်။
ပန်းဘဲတန်းမြို့နယ်အတွင်း လက်ရှိအထိ ရောဂါပိုးတွေ့ရှိသူ ၆ ဦးရှိပြီး ၎င်းတို့အနက် တစ်ဦးမှာ ဧပြီ ၁၂ တွင် သေဆုံးခဲ့သည်။
“လျော့လျော့ရဲရဲ တားမြစ်ချက်တွေ မဟုတ်ဘဲ တိတိကျကျ ညွှန်ကြားချက်နဲ့ အရေးယူ ဆောင်ရွက်တာမျိုးတွေ ဖြစ်စေချင်တယ်” ဟု ဦးသန်းနိုင်ဦးက ပြောသည်။
ပန်းဘဲတန်းမြို့နယ်အတွင်း ကိုဗစ်နိုင်တင်းရောဂါ တားဆီးကာကွယ်ရေးအတွက် ရပ်ကွက်အတွင်း လမ်းများပိတ်ဆို့ကာ ရပ်ကွက်နေပြည်သူများ၏ အဝင်အထွက်ကို တင်းကျပ်နိုင်သော်လည်း မြို့နယ်အတွင်း လမ်းမကြီးများတွင် ပုံမှန်အတိုင်း သွားလာနေကြသူများ ရှိနေသေးသည့်အတွက် အခက်အခဲဖြစ်ရကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ပြောသည်။
ရောဂါပိုးဆက်လက်ပြန့်ပွားမှု မရှိစေရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်များအလိုက် ဒေသန္တရအမိန့်ဖြင့် ဆောင်ရွက်ခွင့်ပေးသင့်ကြောင်း ၎င်းက တိုက်တွန်းသည်။
အင်းစိန်မြို့နယ်တွင်လည်း လမ်းများပိတ်ဆို့ကာ လူသွားလူလာများကို ကြီးကြပ်စစ်ဆေးနေသော်လည်း အလားတူ အခက်အခဲများ ရှိနေသေးကြောင်း၊ ကိုဗစ်နိုင်တင်း ကပ်ရောဂါမှာ ကာလမည်မျှကြာကြာ ဖြစ်ပွားမည်ကို မှန်းဆမရသည့်အတွက် ပြည်သူများအနေဖြင့် တစ်ဦးချင်း ကိုယ်တိုင်ဆင်ခြင်ခြင်းဖြင့် အုပ်ချုပ်ရေးမှူးများ၏ စီမံခန့်ခွဲမှုကို ပူးပေါင်းကူညီသင့်ကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က တိုက်တွန်းသည်။
“လမ်းတစ်လမ်းကို ပိတ်ဆို့တားဆီးကာကွယ်တဲ့နေရာမှာ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေက ရေရှည်ဘယ်လောက်အထိလုပ်နိုင်မှာလဲ။ ဒီကပ်ကြီးက ဘယ်လောက်အထိ သွားမလဲမသိသေးဘူး။ သူတို့အတွက်လည်း မလွယ်ဘူး” ဟု ဦးဝေဖြိုးဟန်က ပြောသည်။
ရပ်ကွက်အတွင်း လူသွားလူလာကို ထိန်းချုပ်ကန့်သတ်မှုအပြင် ဈေးများအတွင်း လူစုလူဝေးနှင့် တစ်ဦးနှင့်တစ်ဦး ရှိသင့်သည့်အကွာအဝေးကို စီမံခန့်ခွဲရန်လည်း စိန်ခေါ်မှုများ ရှိနေသေးကြောင်း တောင်ဥက္ကလာပနှင့် ဗဟန်းမြို့နယ်တို့ရှိ တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ရန်ကုန်တိုင်းအတွင်း ဧပြီ ၂၁ အထိ ရောဂါပိုးတွေ့ရှိသူ ၉၂ ဦး ရှိပြီး သေဆုံးသူ လေးဦးအထိ ရှိနေသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်နိုင်တင်းရောဂါကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံထားရသူ ၁၂၁ ဦး ရှိပြီး ၎င်းတို့အနက် ငါးဦး သေဆုံးခဲ့ကာ ၉ ဦးမှာ ပြန်လည်သက်သာလာပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဧပြီ ၂၀ အထိ သံသယနှင့် စောင့်ကြည့်လူနာစုစုပေါင်း ၂,၀၈၉ ဦး၊ ဆေးရုံများတွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ ၁၉၈ ဦးနှင့် သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်ထားသူ ၄၃,၅၃၈ ဦး ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။