နိုင်ငံရေးသတင်း

ခင်ဦးနှင့် ရွှေဘိုတွင် စစ်ကောင်စီတပ် ရက်ဆက်မီးရှို့၊ အိမ်ခြေ ၅၀၀ ကျော် ပျက်စီး

စစ်ကောင်စီတပ်သား အင်အား ၁၅၀ ပါ စစ်ကြောင်းသည် စစ်ကိုင်းတိုင်း ခင်ဦး၊ ရွှေဘိုမြို့နယ် ကျေးရွာများရှိနေအိမ်များကိုရက်ဆက်မီးရှို့ဖျက်ဆီးနေရာ တစ်ပတ်အတွင်း အိမ်ခြေ ၅၀၀ ကျော် မီးလောင်ခဲ့ကြောင်း ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဧပြီ ၂၄ ရက်နေ့တွင် ရွှေဘိုမြို့နယ်အတွင်းရှိ ကျားရွာမှ လူနေအိမ် ၅၅ လုံး၊ ထိုကျေးရွာရှိ တွဲဘက်အထက်တန်းကျောင်းမှကျောင်းဆောင်တစ်ဆောင်၊ ကျေးရွာဘုန်းကြီးကျောင်းမှ အုတ်ကျောင်းဆောင် တစ်ဆောင်နှင့် ညောင်ကန်ကျေးရွာမှနေအိမ် ၃၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဧပြီလ ၂၅ ရက်နှင့် ၂၆ ရက်များတွင် ခင်ဦးမြို့နယ်ရှိ တစ်ပင်ကောင်း(တောင်)ရွာမှ နေအိမ် အဆောက်အဦး ၂၁ လုံး၊ ကံကြီးကုန်းရွာမှ နေအိမ်တစ်လုံးတို့ကို မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။ ဧပြီ ၂၆ ရက်တွင် အိမ်ခြေ ၇၀၀ ခန့်ရှိသည့်  မြို့သစ်ကျေးရွာကို မီးရှို့ခဲ့ကြရာ ၄၅၀ ခန့် မီးလောင်သွားသည်ဟု  ဒေသခံများက ပြောသည်။

စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်သည် ကျေးရွာ ၅ ရွာမှ နေအိမ် အနည်းဆုံး ၅၀၀ ကျော်ကို မီးရှို့ခဲ့ကြသည်ခြင်းဖြစ်သည်။

စစ်ကောင်စီ စစ်ကြောင်းသည် ဧပြီ ၁၈ ရက်တွင် ရေဦးမြို့မှ စတင်ထွက်ခွာလာခဲ့ပြီး ဧပြီ ၂၃ ရက်တွင် တပ်သားအချို့ ရေဦးမြို့နယ်သို့ တပ်ခေါက်သွားကြသော်လည်း အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းက နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် ကျေးရွာများကို မီးရှို့ပြီးနောက် ဧပြီ ၂၇ရက် မွန်းလွဲပိုင်းတွင် ခင်ဦးမြို့ အနောက်ခြမ်းရှိ ၎င်းတို့အခြေစိုက်စခန်းရှိရာ အင်းပတ်ကွေ့စခန်းနှင့် မူးတိမ်ချောင်းတံတား စခန်းတို့တွင် ပြန်လည်ဝင်ရောက်သွားသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အခြား စစ်ကြောင်းတစ်ကြောင်းသည်လည်း စစ်ကိုင်းမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာ ၉ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြရာ အိမ်ခြေ ၅၀၀ နီးပါး ပျက်စီးခဲ့သည်ဟု သိရသည်။ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ဧပြီ ၆ ရက်ထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်း တစ်ခုတည်းတွင်ဒုက္ခသည် ၇၅၀,၀၀၀ နီးပါးရှိနေပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည်ဟု ဆိုသည်။

မီးရှို့ခံထားရသည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြို့သစ်ရွာ နေအိမ်တစ်လုံးကို ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ပေးပို့)

တော်လှန်ရေး အဖွဲ့များ၏ ခုခံတိုက်ခိုက်မှု

စစ်ကောင်စီစစ်ကြောင်း ခင်ဦးနယ်အတွင်း စတင်ဝင်ရောက်လာချိန်ကတည်းက ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ(PDF, LPDF)များက ခုခံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

ဧပြီ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြကန်ကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် မြင်ဒေါင်းကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ဦး သေဆုံးသည်ဟု သိရသည်။

ဧပြီ ၂၄ ရက်တွင် ရွှေဘိုမြို့နယ် ကျားကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ၃ ကြိမ်အထိ မိုင်းခွဲတိုက်ခိုက်ခြင်း၊ ညောင်ကန်ကျေးရွာအနီးတွင်လည်း အသင့်ထောင်ထားသည့် မိုင်းကွင်းများအတွင်း ဖြတ်သန်းသွားလာစဉ် မိုင်းဆွဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်ဟု PDF တို့က ဆိုသည်။

“ကျားရွာနားမှာကို ၄၅ မိနစ်လောက်တစ်ခါ၊ နာရီဝက်လောက်တစ်ခါ ထိတွေ့တိုက်ပွဲဖြစ်တယ်၊ မိုင်းမိတာရော၊ တိုက်ပွဲတွင်းရောမှာဗိုလ်နှစ်ယောက်အပါ ၁၅ ကောင်လောက်ရလိုက်တယ်။ နောက်တစ်နေ့ကျတော့ ကျားရွာနဲ့ ကပ်လျက်က ညောင်ပင်သာရွာချောင်းရိုးနားမှာ ၁၅ မိနစ်လောက် ထိတွေ့တိုက်ပွဲထပ်ဖြစ်သေးတယ်”ဟု ရွှေဘိုတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်ကပြောသည်။

စစ်ကောင်စီတပ်သည် ကျားရွာအနီးနှင့် ညောင်ကန်ရွာတို့အနီးတွင် တိုက်ခိုက်ခြင်းခံရပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနောက်ဆုတ်ချိန်တွင် စစ်ကောင်စီတပ်က ကျားရွာနှင့် ညောင်ကန်ရွာကို ဝင်ရောက်မီးရှီု့ဖျက်ဆီးပြီး နောက်တစ်နေ့တွင် ခင်ဦးမြို့နယ်သို့ စစ်ကြောင်း ဆက်ထိုးလာခဲ့သည်။

ခင်ဦးနယ်တွင်းသို့ ဝင်ရောက်ချိန် ဧပြီ ၂၅ ရက်နေ့တွင် တပင်ကောင်းကျေးရွာအနီး PDF တို့က ဆက်လက်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ အဆိုပါ တိုက်ပွဲတွင် “မိုင်းထိတာလည်းရှိပေမဲ့၊ မိုင်းက ဘယ်လောက်ထိလဲ သေချာမသိရဘူး” ဟု တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် ရောင်နီပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။တစ်ပတ်ခန့်ကြအောင် စစ်ကြောင်းထိုးခဲ့သည့် ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကာ စစ်ကောင်စီတပ်၏အရာရှိ ၂ ဦးအပါအဝင် လူ ၂၅ ဦးခန့် သေဆုံးခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များက ဆိုသည်။ သို့သော် စစ်ကောင်စီ တပ်သားများသေဆုံးမှုအတွက် Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်းမရှိပါ။

Show More

Related Articles

Back to top button