သတင်း

ခင်ဦးမြို့နယ်တွင် ကင်းစခန်း စီးခံရပြီး ရွာကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး အသတ်ခံရ

အနီးဝန်းကျင်မြို့နယ်များမှ စစ်ကောင်စီစစ်ကြောင်းများ မကြာခဏ ဝင်ရောက်စီးနင်းမီးရှို့ခံထားရသော ခင်ဦးနယ်တွင် စစ်တပ်နှင့်ပျူစောထီးများက ကျေးရွာကင်းစခန်းတစ်ခုကို စီးနင်း၍ ကာကွယ်ရေးအဖွဲ့ဝင် ရွာသားလူငယ် ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားသည်။


Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် >

စစ်ကိုင်းတိုင်းအလယ်ပိုင်း မူးမြစ်အရှေ့ဘက်ကမ်းရှိ ခင်ဦးမြို့နယ်တွင် ရွာစဉ်လှည့်စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယမန်နေ့ (စက် တင်ဘာ ၁၀) နံနက်တွင် ဒေသကာကွယ်ရေးကင်းစခန်းတစ်ခုကို ဝင်ရောက်စီးနင်း၍ အဖွဲ့ဝင် ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။ 

ခင်ဦးမြို့မြောက်ဘက် မဒေါင်းလှရွာနှင့် ၂ မိုင်ကျော်အကွာတွင် တည်ရှိသော မဒေါင်းကြီးရွာအပြင်ဘက်ရှိ ကျေးရွာကာကွယ်ရေး ကင်းစခန်းတစ်ခုကို စစ်ကောင်စီ နှင့်ပျူစောထီးများက ယမန်နေ့ နံနက်အစောတွင် ဝင်ရောက်စီးနင်းခဲ့စဉ် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံရခြင်းဖြစ်သည်။ 

မဒေါင်းလှရွာတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် (ပျူစောထီး) အထိုင်ချတပ်စွဲထားပြီး ထိုရွာကို ဒေသတော်လှန်ရေးအင်အားစုများက ဩဂုတ်လအတွင်း နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့အပြီး စစ်တပ် နှင့်ပျူစစ်ကြောင်းက ယခုလဆန်းကတည်းက အနီးဝန်းကျင်ကျေးရွာများကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ထိုစစ်ကြောင်းတွင် မဒေါင်းလှရွာအခြေစိုက် စစ်တပ်နှင့်ပျူအဖွဲ့များအပြင်  ကပ်လျှက် ကန့်ဘလူမြို့နယ် မှ ပြည်သူ့စစ်ခေါင်းဆောင် ဦးဝါသဝ လက်အောက်ခံ ပြည်သူ့စစ် ၅၀ ကျော်ကလည်း  လာရောက်အင်အား ဖြည့်ထား၍ စုစုပေါင်း ၁၇၀ ခန့်ရှိသည်ဟု သိရသည်။ 

“ မဒေါင်းကြီးရွာက ကာကွယ်ရေး ၃ ယောက်က တောထဲ စခန်းမှာနေတာ။ သုံးကြောင်းခွဲပြီးတော့ အနီးကပ် ဝင်တာ။ မနက်အစောကြီးလှုပ်လာတာဆိုတော့ ဘယ်သူမှလည်း မမြင်လိုက်ဘူး”ဟု ခင်ဦးမြို့နယ်မှ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

သတ်ဖြတ်ခံရသည့်  မဒေါင်းကြီးရွာသားများဖြစ်သော အသက် ၂၀ ကျော်အရွယ်  ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ ညနေတွင်ပင် ကောက်ယူခဲ့သည်ဟု ဒေသတော်လှန်ရေး အင်အားစု များထံမှသိရသည်။ 

စက်တင်ဘာ ပထမပတ်အတွင်းမှာပင် ထိုစစ်ကြောင်းက ခင်ဦးမြို့နယ်မြောက်ဘက် ငကြိုင်း၊ အင်ကြင်း ပင်၊ စောကြီး၊ သနပ်စိန်၊ ဖန်ခါးကုန်း၊ ပေါက်တော၊ နှဲတွင်း၊ ဆီဆုံလေး၊ မဒေါင်းကြီး၊ ရွှေကာ စသည့်  ရွာ ၁၀ ရွာမှ လူနေအိမ် ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်။

ခင်ဦးအနောက်ခြမ်းမှ စစ်ရှောင်များကို ၂၀၂၂ နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ယမန်နေ့ကလည်း မဒေါင်းကြီးရွာကို စီးနင်းပြီးနောက်  ထိုရွာ တောင်ဘက်ရှိ စည်ပုတ္တရာ၊ ဂျပွေ့နှင့် ပေါက် သစ်တုံ စသည့် ၃ ရွာကိုလည်း မီးဝင်ရှို့ခဲ့ရာ အိမ်ခြေ ၁၅၀ ကျော် မီးလောင်သွားကြောင်း တော်လှန်ရေးအဖွဲ့ များက ပြောကြသည်။ 

ထို့နောက် စစ်တပ်နှင့်ပျူအဖွဲ့သည် မဒေါင်းလှကျေးရွာအတွင်း ပြန်ဝင်ရောက်သွားပြီး ယနေ့ (စက်တင်ဘာ ၁၁) နံနက်တွင် အနီးရှိပေကုန်း၊ သရက်ကန် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးနေကြောင်း သိရသည်။ 

ယခင်က အင်အားအနည်းငယ်ဖြင့် စစ်ကြောင်းထိုးလေ့ရှိသော်လည်း  ယခုတစ်ကြိမ်တွင် စစ်တပ်နှင့် ပျူ စောထီးများက ၃ ကြောင်း ဖြန့်ခွဲကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရ သည်။ 

“ စစ်ကြောင်းက တောင်ဘက်ကိုပဲ ဦးတည်တာ သုံးကြောင်းခွဲပြီးတော့ ဖြန့်ထိုးတာ။ ဝင်တာကတော့ အဲ့ဒီ ရွာတွေပဲ။ ဒါပေမယ့် စစ်ကြောင်းတစ်ကြောင်း မီတာ ၅၀၀ လောက်အကွာကနေ ဖြန့်ပြီးထိုးတာ။ စစ်ကြောင်းတစ်ကြောင်းပေါက်သွားရင် အဲ့ဒီတစ်ကြောင်း နောက်ကပဲ လိုက်တယ်”ဟု ခင်ဦးမြို့နယ်တွင် လှုပ်ရှားသည့် အထက်ပါတော်လှန်ရေးအဖွဲ့ဝင်က ပြောသည်။ 

အင်အား များပြားသလို ၃ နေရာခွဲ၍ စစ်ကြောင်းထိုးနေသည့်အတွက်  ခင်ဦးဒေသခံ ကာကွယ်ရေးအဖွဲ့ဝင် များမှာ အနီးကပ်တိုက်ပွဲများထက် အဝေးမှ တိုက်ခိုက်သည့် မိုင်းများကိုသာ အဓိကအားပြုနေရသည်ဟု ၎င်းက ဆိုသည်။ 

အခိုင်အမာ ခံစစ်ပြင်ထားသည့် မဒေါင်းလှကျေးရွာစစ်စခန်းကို တိုက်ခိုက်ခံနေရချိန် လေတပ်က ပစ်ကူ ပေးခဲ့၍ တော်လှန်ရေးအင်အားစုများ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ရသည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများ ခြေကုပ်ယူနိုင်မည်ထင်ရသော အနီးနားကျေးရွာများကို ပစ်မှတ် ထား စီးနင်းနေခြင်းဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ပြန်ခုခံနေသည့် ခင်ဦးအခြေစိုက်တော်လှန်ရေးအဖွဲ့များက သုံးသပ်သည်။ 

မီးရှို့ဖျက်ဆီးခံရမှုများကို စာရင်းကောက်ယူနေသည့် Data for Myanmar မှ အချက်အလက်များအရ ၂၀၂၁ မှ ၂၀၂၄ အတွင်း လက် နက်ကိုင်ခုခံမှုအားကောင်းရာ ခင်ဦးမြို့နယ်တွင် စစ်တပ်မီးရှို့မှုကြောင့် အိမ်ခြေ ၄၈၀၀ ကျော် ပျက်စီးခဲ့သည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၄ ဇူလိုင်လအထိ ကောက်ယူထားသည့် အချက်အလက်များအရ  သုံးနှစ်ကျော်ကာလအတွင်းစစ်တပ်နှင့် လက်အောက်ခံ အဖွဲ့များ လက်ချက် ကြောင့် နေအိမ်တစ်သိန်းကျော်ပျက်စီးခဲ့ရသည့် အနက် ၇၂ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်။ 

ခင်ဦးနှင့်ကပ်လျှက်ရှိ ဒီပဲယင်းမြို့တွင်လည်း စစ်တပ်က မြို့ပေါ်ရပ်ကွက်များကို ဆက်တိုက် မီးရှို့နေကြောင်း စုံစမ်းသိရှိရသည်။

ဩဂုတ်လအတွင်း တော်လှန်ရေးအင်အားစုများက ဒီပဲယင်းမြို့ကို စီးနင်းသိမ်းပိုက်ခဲ့သော်လည်း နေ့ချင်း မှာပင် စစ်တပ်က ပြန်ရသွားခဲ့ရာ ထိုကတည်းက မြို့ပေါ် ရပ်ကွက်များနှင့် အနီးဝန်းကျင်ရှိ ကံပြားရွာတို့ကို ဆက်တိုက် မီးရှို့နေသည်။ 

“မထင်ရင်မထင်သလိုရှို့တယ်။ ရွေးပြီးရှို့နေတာ”ဟု  စစ်ရှောင်အရေးကူညီနေသည့် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသည် ဖြစ်သည့်အတွက် မီးရှို့ခံရသည့် အိမ်ခြေစာရင်း အတိ အကျကို မသိရသေးဟု ၎င်းက ဆိုသည်။ 

ဇွန်လကုန်ပိုင်းကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ရှမ်းမြောက်မှ မန္တလေးတိုင်းအထိ စစ်မျက်နှာ ကျယ်ပြန့်လာပြီး စဉ့်ကူး၊ သပိတ်ကျင်းမြို့တို့ကို တော်လှန်ရေး အင်အားစု များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကပ်လျှက်ရှိ စစ်ကိုင်းတိုင်းတွင် လည်း စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှု များ ခပ်စိတ်စိတ်ပြုလုပ်လာနေသည်။ 

ခင်ဦးမြို့နယ်သည် တောင်ဘက်တွင် ရွှေဘို၊ အနောက်ဘက်တွင် ရေဦး၊ မြောက်ဘက်တွင် ကန့်ဘလူနှင့် အရှေ့ဘက်တွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်းတို့နှင့် နယ်မြေထိစပ်နေကာ စစ်ကြောင်းများက မကြာခဏ ဝင်ရောက်လေ့ရှိသည်။

ယမန်နှစ် ဩဂုတ်အတွင်းက ကပ်လျက်မြို့နယ်များဖြစ်သော ကန့်ဘလူနှင့် ရေဦးတို့မှ စစ်ကြောင်းများ ဝင်လာ၍ ခင်ဦးမြို့နယ် ရွာပေါင်း ၂၀ ဝန်းကျင်မှ သောင်းနှင့်ချီသော ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရသည်။

အလားတူ ၂၀၂၂ နိုဝင်ဘာအတွင်းကလည်း စစ်ကောင်စီ စစ်ကြောင်း ၃ ကြောင်းထက်မနည်း ခင်ဦးမြို့ နယ် အနောက်ခြမ်းမှတစ်ဆင့် ဝင်ရောက်လာသောကြောင့် ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးခဲ့ရကာ နေအိမ် အများအပြား မီးရှို့ခံခဲ့ရသည်။

ခင်ဦးမြို့နယ်ပြမြေပုံ။ 

Show More

Related Articles

Back to top button