စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားသည့်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာများကို စက်တင်ဘာ ၂ တွင် စတင် စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့နေကြောင်း သိရသည်။
မြို့ မြောက်ဘက် သုံးမိုင်ခန့်အကွာ၊ ရွှေဘို – မြစ်ကြီးနား ရထားလမ်းအနီး မဒေါင်းလှကျေးရွာရှိ စစ်စခန်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီးနောက် ထိုရွာနှင့် ၅ မိုင်ဝန်းကျင်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်ကြောင်းထိုးသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်သည့် ဒေါင်းစစ်သည်အဖွဲ့ တာဝန်ခံ ကိုဖိုက်တာက ပြောသည်။
“နယ်မြေရှင်းလင်းရေး ပုံစံမျိုးနဲ့ မဒေါင်းလှပတ်ပတ်လည်မှာ ဝင်မွှေနေတာ” ဟု သူက ပြောသည်။
မဒေါင်းလှရွာရှိ စစ်စခန်းကို ဩဂုတ် ၃၁ တွင်တိုက်ခိုက်ရာ စစ်ကောင်စီကလည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ Y 12 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်တို့ကို စေလွှတ်ကာ အပြင်းအထန် ခုခံသဖြင့် တော်လှန်ရေးအင်အားစုက စခန်းမသိမ်းနိုင်ဘဲ ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။
ထို့နောက် ကန့်ဘလူနယ်နှင့် မဒေါင်းလှရွာရှိ စစ်သားများ၊ ပျူစောထီးများ ပူးပေါင်းကာ အုပ်စုနှစ်ခုခွဲပြီး စစ်ကြောင်းထိုးနေသည်ဟု သိရသည်။
ငကြိုင်း၊ အင်ကြင်းပင်၊ စောကြီး၊ သနပ်စိန်၊ ဖန်ခါးကုန်း၊ ပေါက်တော၊ နှဲတွင်း၊ ဆီဆုံလေး၊ မဒေါင်းကြီး၊ ရွှေကာရွာတို့တွင် အိမ်ခြေအများအပြား ပျက်စီးခဲ့ကြောင်း ဒေါင်းစစ်သည်အဖွဲ့ တာဝန်ခံ ကိုဖိုက်တာက ပြောသည်။
စစ်တပ်မီးရှို့မှုကြောင့် ပျက်စီးခဲ့ရသည့်အိမ်ခြေအရေအတွက် အတိအကျကို စာရင်းကောက်ယူ နေဆဲ ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။
ရွာမီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်တပ်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏အင်တာနက်စာမျက်နှာတွင်လည်း ပြီးခဲ့သည့် ရက် ၃၀ အတွင်း ခင်ဦးမြို့အကြောင်း ဖော်ပြခြင်း မရှိပေ။
စစ်ကောင်စီစစ်ကြောင်း ရန်ကြောင့် မဒေါင်းလှရွာဝန်းကျင်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများမှာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
မဒေါင်းလှရှိ စစ်ကောင်စီစခန်းသည် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အတွက်လည်း ကာကင်းစခန်း တစ်ခုသဖွယ် ဖြစ်နေသည့်အတွက် စခန်း လက်မလွှတ်ရန် အပြင်းအထန် တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုက သုံးသပ်သည်။
ထိုစခန်းသည် ဘန်ကာများ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာတည်ဆောက်ထားသည့် စခန်းဖြစ်သည်ဟုလည်း ကိုဖိုက်တာက ပြောသည်။
“ကွန်ကရစ် ဇလီဖားတုံးတွေကို တစ်တုံးပီးတစ်တုံးထပ်ပြီး ကျောက်ထုပ်လောင်းပြီး ပိတ်ပစ်လိုက် တယ်။ လူဝင်ပေါက်ပဲ ထားတယ်။ အဲ့ဒီကောင်က တော်တော်လေးကိုခိုင်ခိုင်မာမာပဲ” ဟု ကိုဖိုက်တာက ဆိုသည်။
“ရွာပတ်ပတ်လည်မှာ ဘန်ကာ အခု ၄၀ ကျော် တယ်။ ရွာတွင်းထဲမှာတော့ အဝင် အထွက်တွေမှာ ကတုတ်ကျင်းပုံစံမျိုးနဲ့ ဘန်ကာလုပ်ထားတယ်”
မဒေါင်းလှရွာတိုက်ပွဲအတွင်း တော်လှန်ရေးတပ်သား ငါးဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရသွားသည်၊ ထိခိုက်မှု အများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟုလည်း သိရသည်။
ဩဂုတ်လ ဒုတိယပတ်ကလည်း မဒေါင်းလှရွာရှိ ထိုစခန်းကို တော်လှန်ရေးအင်အားစုက တိုက်ခိုက်ခဲ့သေးသည်။ ထိုတိုက်ပွဲဖြစ်ရာသို့ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ် စစ်ကူပေးသည်၊ Y 12 ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။
ခင်ဦးတွင် ကျေးရွာ အများစုကို တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထားသည်။
စစ်တပ်က မြို့ပေါ်ရပ်ကွက်များ၊ မြို့မြောက်ဘက်တွင် မဒေါင်းလှ၊ အရှေ့ဘက်တွင် မကျီးတုံရွာနှင့် အနောက်ဘက်တွင် ပြင်ထောင်ရွာတို့တွင် တပ်စွဲထားသည်။
စစ်တပ်က ရွာများတွင် ပျူစောထီး ခေါ် ပြည်သူ့စစ်များနှင့်အတူ အခိုင်အမာ အထိုင်ချတပ်စွဲထားခြင်း ဖြစ်သည်။ မကျီးတုံရွာကို တော်လှန်ရေးအင်အားစုက ပြီးခဲ့သည့်နှစ်က တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သော်လည်း စစ်တပ်ကရွာအတွင်း ပြန်လည်နေရာယူ တပ်စွဲထားသည်။ စစ်တပ်နှင့်လက်အောက်ခံအဖွဲ့များ၏ မီးရှို့မှုများကို စောင့်ကြည့် မှတ်တမ်းတင်နေသည့် Data for Myanmar အဖွဲ့၏ ဇူလိုင်လကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာအရ အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း အိမ်ခြေ ၉၅,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ထိုအထဲမှာ အိမ်ခြေ ၇၀ ရာခိုင်နှုန်းကျော်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်။