သတင်း

အိမ်များ မီးလောင်သဖြင့် ခင်ဦးမြို့မှ စစ်ကောင်စီစခန်းတစ်ခု နေရာပြောင်း

စစ်ကိုင်းတိုင်းအတွင်း လေတပ်ကြောင့် အကာအကွယ်မဲ့သွားသော စစ်ကောင်စီစခန်းကြီးတစ်ခု နေရာရွှေ့သွားသည်၊ မိုင်းထောင်ခဲ့သဖြင့် တော်လှန်ရေးသမား ၂ ဦး ထိခိုက်သွားသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း   မဒေါင်းလှရွာတွင် တပ်စွဲထားသော စစ်တပ်နှင့်ပြည်သူ့စစ်များ မကြာခဏ  တိုက်ခိုက်ခံရပြီးနောက်  ယမန်နေ့ (စက်တင်ဘာ ၁၈) တွင် စခန်းကို စွန့်ခွာသွားကြောင်း တော်လှန်ရေး အင်အားစုထံ မှသိရသည်။ 

မြို့မြောက်ဘက် ၃ မိုင်ခန့်အကွာ ရွှေဘို-မြစ်ကြီးနား ရထားလမ်းအနီးရှိ မဒေါင်းလှရွာကို တော်လှန်ရေး အင်အားစုက ဩဂုတ် ၁၅ ရက်ကတစ်ကြိမ်၊ ဩဂုတ်လကုန်ပိုင်းတွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ  စစ်တပ်က လေကြောင်းပစ်ကူသုံးပြီး အပြင်းအထန်ခုခံခဲ့သည်။ 

ထို့နောက် နှစ်ပတ်ကျော်အကြာတွင် လက်နက်ကိုင် အင်အား ၂၀၀ နီးပါး နှင့် မဒေါင်းလှရွာခံအချို့သည် ထိုရွာနှင့်ကပ်လျက်ရှိ ကန့်ဘလူမြို့၊ ဇီးကုန်းသကြားစက်သို့ ဆုတ်ခွာ သွားသည်ဟု တော်လှန်ရေး အင်အားစုက ဆိုသည်။ 

စစ်တပ်သည် အိမ်ခြေ ၁၀၀ ခန့်ရှိသည့် မဒေါင်းလှရွာ ပတ်ပတ်လည်တွင် ကွန်ကရစ်ဇလီဖားတုံးများဖြင့် ဘန်ကာများ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာတပ်စွဲထားခြင်းဖြစ်သည်။ 

စခန်းစွန့်သွားခြင်းမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ရွာမှ နေအိမ်အများအပြား ပျက်စီးသွားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုက သုံးသပ်သည်။ 

“နေလို့မရတဲ့အနေထားဖြစ်သွားတာ။ အိမ်တွေကလည်း မီးလောင်ပျက်စီးတော့ ဘုရားကုန်း၊ ဘုန်းကြီးကျောင်း၊ ဆန်စက်ပဲကျန်တော့ ဘေးပတ်ဝန်းကျင်က အကာကွယ်မရှိဘူး”ဟု ခင်ဦးမြို့နယ် အခြေစိုက်တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“မြေပြင်မှာရော အပေါ်ကရော ဘယ်ကကြည့်ကြည့် အကာအကွယ်မဲ့နေတဲ့အနေထားဖြစ်သွားတာ”

စစ်ကောင်စီတပ်ဖွဲ့များသည် မဒေါင်းလှရွာခံများ၊ ၎င်းတို့မိသားစုဝင်များကို ကားသုံးစီးဖြင့် တင်ဆောင်ပြီး မူးဘောင်အတိုင်း ကန့်ဘလူမြို့နယ်ဘက်သို့ ဆုတ်ခွာသွားစဉ် တော်လှန်ရေးအင်အားစုနှင့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့ကြောင်းသိရသည်။ 

ကျေးရွာထဲတွင် နင်းမိုင်းအများအပြားထောင်ထားခဲ့သဖြင့်  အပြီးတိုင် စခန်းစွန့် သွားခြင်းဖြစ်နိုင်သည်ဟု တော်လှန်ရေးအင်အားစုက သုံးသပ်သည်။ 

မဒေါင်းလှရွာကို စခန်းစွန့်သွားပြီးနောက် တော်လှန်ရေးအင်အားစုက ကျေးရွာထဲတွင် နယ်မြေရှင်းလင်း ရေးဝင်ရောက်ချိန်တွင် ရဲဘော်နှစ်ဦး မိုင်းထိခဲ့ပြီး ခြေထောက်ဖြတ်တောက်ခဲ့ရသည်ဟု ခင်ဦးမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။  

မဒေါင်းလှရွာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးသော်လည်း ရွာရှိအိမ်ခြေအားလုံးနီးပါးမှာ ပျက်စီးနေပြီဖြစ် သည့်အတွက် ဒေသခံများပြန်လည်ဝင်ရောက်နေထိုင်ရန် မဖြစ်နိုင်ကြောင်း ပကဖ တာဝန်ရှိသူက ဆိုသည်။ 

မဒေါင်းလှရွာမှ စစ်တပ်စွန့်ခွာသွားသဖြင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ လယ်ယာလုပ်ငန်းခွင် ဝင်နိုင်မည်ဖြစ်ပြီး မြို့မြောက်ဘက်ပိုင်းတွင်လည်းတော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေ ပိုမိုကျယ်ပြန့်လာကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။ 

မဒေါင်းလှရွာတိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာလဆန်းမှစပြီး အနီးဝန်းကျင်ကျေးရွာများဖြစ်သည့် ငကြိုင်း၊ အင်ကြင်းပင်၊ စောကြီး၊ သနပ်စိန်၊ ဖန်ခါးကုန်း၊ ပေါက်တော၊ နှဲတွင်း၊ ဆီဆုံလေး၊ မဒေါင်းကြီး၊ ရွှေကာရွာ အပါအဝင် ၅ မိုင်ပတ်လည်အတွင်းရှိ ကျေးရွာ ၁၅ ရွာကို စစ်ကြောင်းထိုးမီးရှို့ခဲ့ရာ အိမ်ခြေ ၅၀၀ နီးပါး ပျက်စီးခဲ့ရသည်ဟု မြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။ 

Show More

Related Articles

Back to top button