သတင်း

လူနေအိမ်အနီး လက်နက်ကြီးကျည်ကျ၍ ခင်ဦးဒေသခံတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာတချို့ ပစ်ခတ်ခံရစဉ် လက်နက်ကြီးကျည်တစ်လုံးမှာ နေအိမ်ခြံဝင်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲသဖြင့် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတစ်ရွာအတွင်း ယမန်နေ့ (မေ ၃၀) ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံများက ပြောသည်။

သေဆုံးသူမှာ နှဲတွင်းကျေးရွာနေ အသက် ၅၀ ခန့်အရွယ် ဦးတင်ဆောင်ဖြစ်ပြီး ၎င်း၏ နေအိမ်ခြံဝင်းတွင်း လက်နက်ကြီးကျည်ကျခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ ည ၈ နာရီခန့်အချိန်က ရွာတောင်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ မဒေါင်းလှကျေးရွာ အခြေစိုက်စစ်စခန်းက ၆၀ မမ စိန်ပြောင်းဟု ယူဆရသည့် လက်နက်ဖြင့် ပစ်ခတ်ရာ နှဲတွင်းရွာအပြင်တွင် ကျည် ၂ လုံး၊ ရွာတွင်းတွင် ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ခြံဝင်းအတွင်း နွားနှစ်ကောင်နှင့်အတူ ရှိနေသည့် ဦးတင်ဆောင် ကျည်စ ထိမှန်ခဲ့သလို နွားတစ်ကောင်လည်း သေဆုံးခဲ့သည်ဟု အနီးကျေးရွာတစ်ခုမှ ကျေးရွာကာကွယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

“ဦးတင်ဆောင်က အဲ့ဒီအချိန် အိမ်ပေါ်က ဆင်းပြီး ဝင်းထဲ ရောက်နေခဲ့တာ။ သူ့အိမ်ဝင်းထဲ လက်နက်ကြီးကျတော့ ထိသွားတာပဲ”

ယနေ့နံနက် ဦးတင်ဆောင်၏ နေအိမ်တွင် နာရေးအစီအစဉ် ပြုလုပ်လျက်ရှိကြောင်း ရွာသားတစ်ဦးကလည်း ပြောသည်။

“မဒေါင်းလှဘက်ကနေ ပစ်လိုက်တာ။ တစ်လုံးက ရွာထဲကျပြီး ထိခိုက်သွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အထက်ပါရွာသားက ဆိုသည်။

“ဟိုးရှေ့ပိုင်းတွေတုန်းကတော့ မဒေါင်းလှဘက်က သေနတ်ဖောက်သံလောက်ပဲ ကြားရလေ့ရှိတာ။ အခုလပိုင်းအတွင်းကျမှ လက်နက်ကြီးတွေနဲ့ ပစ်ချင်ရာပစ်တဲ့အသံတွေ ကြားလာရတာ”

နှဲတွင်းကျေးရွာကို ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ခင်ဦးမြို့နယ်နှင့် ပတ်သက်ပြီး စစ်တပ်၏ အင်တာနက်စာမျက်နှာတွင် ပြီးခဲ့သည့် ရက် ၃၀ အတွင်း သတင်းဖော်ပြခြင်း မရှိခဲ့ပေ။

နှဲတွင်းကျေးရွာသည် ခင်ဦးမြို့နယ်မြောက်ပိုင်း မဒေါင်းလှကျေးရွာအုပ်စုအတွင်း အိမ်ခြေ ၇၀ ဝန်းကျင်ခန့်ရှိသည့် ရွာငယ်တစ်ခုဖြစ်သည်။

ရွာတောင်ဘက် တစ်မိုင်ခွဲခန့်အကွာတွင် ရှိသည့် မဒေါင်းလှကျေးရွာတွင် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးကတည်းက စစ်စခန်းတစ်ခု အခြေစိုက်တပ်စွဲထားခြင်းဖြစ်သည်။

ယခုနှစ်ဆန်းအထိ စစ်သား ၃၀ ခန့်နှင့် ပျူစောထီးခေါ် ပြည်သူ့စစ်အဖွဲ့ဝင်များ စခန်းချ နေထိုင်နေကြပြီး၊ စုစုပေါင်း အင်အား ၇၀ ဝန်းကျင်ခန့်အထိ ရှိခဲ့သည်ဟု ဒေသတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များက ခန့်မှန်းထားသည်။

ယခုနှစ် မတ်လတွင် ထိုစခန်းမှ စစ်သားများအများစု ကန့်ဘလူမြို့နယ်ဘက်မှ ဝင်ရောက်လာသည့် စစ်ကြောင်းနှင့်အတူ လိုက်ပါသွားခဲ့ရာမှ လတ်တလောတွင် စစ်သားအနည်းငယ်နှင့် ပျူစောထီးများသာ ကျန်ခဲ့သည်ဟု ဆိုသည်။

ထိုစခန်းက လက်နက်ကြီးဖြင့် အခြားရွာများဘက်ကို ပစ်ခတ်တတ်သည်ဟု အထက်ပါ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။

“မဒေါင်းလှခြံက ပုံမှန်ဆိုရင် ကျွန်တော်တို့ဘက်က သွားပစ်ရင်တောင်မှ ပြန်လည်ပစ်ခတ်တာမျိုး လုပ်လေ့မရှိဘူး။ အခုလပိုင်းတွေအတွင်းမှ အနီးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်တာတွေ လုပ်လာတယ်” ဟု သူက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များကို တုံ့ပြန်ပစ်ခတ်ခြင်းမျိုးမဟုတ်ဘဲ၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံရွာသူရွာသားများကို ခြောက်လှန့်လိုခြင်း ဖြစ်နိုင်သည်ဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ယူဆကြသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း မဒေါင်းလှကျေးရွာအတွင်းရှိ စစ်စခန်းမှ စစ်သားများက ရွာတောင်ဘက်ရှိ စောကြီးကျေးရွာအုပ်စု သနပ်စိန်၊ အင်ကြင်းပင်၊ ဖန်းခါးကန်း၊ ပေါက်တောနှင့် တဲကြီးကျေးရွာများဘက်သို့ ပစ်ခတ်ခဲ့ဖူးသော်လည်း လက်နက်ကြီးကျည်မှာ ကျေးရွာများအတွင်း မကျရောက်ခဲ့ဘဲ၊ ရွာအပြင်ဘက်တွင်သာ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ခင်ဦးမြို့နယ်တွင် ကျေးလက်ဒေသအများစုကို ဒေသခံတော်လှန်ရေးတပ်များက စိုးမိုးထားသည်။

စစ်စခန်းများမှာ မြို့ပေါ်ရပ်ကွက်များနှင့် မန်ကြီးတုံရွာ၊ ပျဉ်ထောင်ရွာ၊ မဒေါင်းလှကျေးရွာတို့တွင် ရှိနေသည်။

အဆိုပါစစ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ကိုယ်တိုင်ထုတ်လုပ်ထားသည့် လက်နက်ကြီး စမ်းသပ်သည့်အခါများတွင် သွားရောက်ပစ်ခတ်တတ်သလို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်ရာတွင်လည်း ပစ်ခတ်လေ့ရှိကြသည်။

အလားတူ စစ်ကောင်စီတပ်ကလည်း တပ်ရင်းအလိုက် စစ်ကြောင်းထိုးလာသည့်အခါများတွင် တော်လှန်ရေးတပ်များကို အားပေးသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ စစ်ရှောင်ရွာသူရွာသားများနှင့် တော်လှန်ရေးအဖွဲ့ဝင်များကို ပစ်ခတ်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လေ့ရှိကြသည်။

ခင်ဦးမြို့နယ်အတွင်း မကြာခဏ စစ်ကြောင်းထိုးသည့် တပ်များမှာ ရေဦး၊ ရွှေဘို၊ ကန့်ဘလူမြို့ပေါ်မှ လာခြင်းဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button