စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း ဧပြီ ၂၁ ရက်မှ စတင်ဝင်ရောက်လာသည့် စစ်ကြောင်းက မူးမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများကို ရွာစဉ်လှည့် မီးရှို့ကာ ဒေသခံအမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်သွားသည်။
အင်အား ၁၀၀ ဝန်းကျင်ပါသည့် ထိုစစ်ကြောင်းသည် ဧပြီ ၂၄ ရက်အထိ သုံးရက်အတွင်း စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှ အင်းစ၊ တောင်ကြား၊ မူးသာ၊ တောင်မြို့၊ ရွာသစ်၊ ရွာထောင်၊ ဒီပဲယင်းကွဲ (တပုရင်းကွဲ) မှ နေအိမ်ပေါင်း ၄၅၀ ကျော်ကို မီးတင်ရှို့ခဲ့ကြောင်း၊ တပုရင်းကွဲရွာသား အသက် ၄၄ နှစ်အရွယ် ကိုထွန်ထွန်းဝင်းကို ခေါင်းနှင့် ငယ်ပါကို ဖြတ်၍ သတ်ခဲ့ကြောင်း ဒေသခံသုံးဦးထံမှ သိရသည်။
ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းတွင် ဒီပဲယင်းကွဲရွာကို စစ်ကြောင်းဝင်လာစဉ် ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီးနောက် ထိုရွာသား ကိုထွန်းထွန်းဝင်းကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးကာ ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် တပုရင်းကွဲရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
“(အလောင်းကို ပြန်ရှာတွေ့တော့) ခေါင်းနဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် ပေ ၅၀ လောက် ကွာပါတယ်ခင်ဗျ။ ခေါင်းဖြတ်ပြီး ခေါင်းကို တုံးပေါ်ကို တင်ခဲ့ပါတယ်။ တုံးပေါ်တင်ပြီးတော့ ငယ်ပါကို ဖြတ်ပြီးတော့ ပါးစပ်ထဲ ပြန်ထည့်ထားခဲ့ပါတယ်။ ရက်ရက်စက်စက်သတ်သွားတဲ့ အနေအထားပါ”။
နောက်တစ်နေ့ (ဧပြီ ၂၄) တွင် စစ်ကြောင်းက ထိုရွာမှ ပြန်ထွက်သွား၍ ဒေသခံများက ရွာအတွင်း ဝင်ရောက်ကြည့်ရှုရာ ကိုထွန်းထွန်းဝင်း၏ အလောင်းကို ရွာအရှေ့ဘက်၌ တွေ့ရှိခဲ့ရပြီးနောက် ရွာခံများက သင်္ဂြိုဟ်ပေးခဲ့ရသည်။
ဒီပဲယင်းကွဲရွာသို့ ဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့သည် ဘီလူးစစ်ကြောင်းမှ ဖြစ်သည်ဟု ပြောဆိုသွားခဲ့ ကြောင်း၊ ကိုထွန်းထွန်းဝင်းကို တော်လှန်ရေးအဖွဲ့အကြောင်း စစ်ဆေးမေးမြန်းစဉ် ကောင်းစွာမဖြေဟု အကြောင်းပြ၍ ထိုစစ်ကြောင်းက နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ဖမ်းဆီးခံရပြီးမှ ပြန်လည်လွတ်မြောက်လာသည့် ရွာသားတစ်ဦးကို ကိုးကား၍ အထက်ပါ ဒီပဲယင်းကွဲရွာခံက ပြောသည်။
ဘီလူးစစ်ကြောင်းဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ဖေဖော်ဝါရီလဝန်းကျင်မှစကာ ဧရာဝတီမြစ်နှင့် မူးမြစ်ဆုံရာ စစ်ကိုင်းခရိုင်အတွင်းရှိ ရွာများသို့ လှည့်လည်၍ စစ်ရေးလှုပ်ရှားနေပြီး မန္တလေးတိုင်း၊ မိတ္ထီလာမြို့အခြေစိုက် တပ်မ (၉၉) လက်အောက်ခံတပ်ဖွဲ့ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တာတိုင်ရွာတွင် မတ်လအတွင်း ဒေသခံ ၁၇ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း Myanmar Now က သတင်းဖော်ပြပြီး ဖြစ်သည်။
ထို့ပြင် မတ်လကုန်ပိုင်းတွင် မြောင်မြို့နယ်၌ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းမိသည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် (၁) ၏ ဒုတပ်ရင်းမှူး ကိုဆင်ရိုင်းကိုလည်း ထိုစစ်ကြောင်းက ခေါင်းဖြတ်သတ်ဖြတ်ခဲ့ဖူးသည်။
ဒီပဲယင်းကွဲရွာတွင် ကိုထွန်းထွန်းဝင်းကို သတ်ဖြတ်ခဲ့သည့် ဘီလူးစစ်ကြောင်းဟု လူသိများသည့် တပ်မ (၉၉) လက်အောက်ခံ တပ်ဖွဲ့ ဟုတ်မဟုတ် သီးခြားအတည်မပြုနိုင်သေးပေ။ ဒီပဲယင်းကွဲရွာကို စစ်ကြောင်းဝင်စဉ် ဖမ်းဆီးခံခဲ့ရပြီးမှ ပြန်လွတ်လာ သည့် ရွာနီးချုပ်စပ်မှ စံသစ်ရွာခံ အမျိုးသားတစ်ဦးကို ကိုးကား၍ ထိုစစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းဖြစ်သည်ဟု အထက်ပါ တပုရင်းကွဲရွာခံက ပြောခြင်းဖြစ်သည်။
“(စစ်ကောင်စီတပ်က ဒီပဲယင်းကွဲရွာရဲ့) အရှေ့အနောက် စစ်ကြောင်းသုံးကြောင်းခွဲပြီးတော့ ကင်းသုံးကြောင်း ခွဲထားတာ။ တပ်ပေါင်းသွားတော့ ဓားစာခံကို ပြန်လွှတ်လိုက်ပါတယ်။ ဓားစာခံကို ပြန်လွှတ်တဲ့အချိန်မှာ ကျွန်တော်တို့ မေးကြည့်တော့ ဘီလူးစစ်ကြောင်းဖြစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကိုင်းဒေသခံ ဒုတိယသတင်းရင်းမြစ် အမျိုးသားတစ်ဦး၏ အဆိုအရ စစ်ကောင်စီတပ်ဖွဲ့က ကိုထွန်းထွန်းဝင်းကို နေအိမ်တစ်လုံးထဲသို့ ခေါ်ကာ ခြေသည်း၊ လက်သည်းများ ခွာကာ ရိုက်နှက်၊ နှာခေါင်းအတွင်းသို့ ကပ်ကြေးဖြင့် ထိုးကာ နှိပ်စက်ခဲ့သည်ဟု သိရသည်။
ထိုစစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်နှင့် ကပ်လျက် မူးမြစ်အနောက်ဘက်ကမ်း၊ မြင်းမူမြို့နယ် မူးမန္တလေးရွာမှတစ်ဆင့် စစ်ကိုင်းမြို့နယ်ဘက်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ မြေပြင်တိုက်ပွဲ ပြင်းပြင်းထန်ထန်မဖြစ်ဘဲ ဒေသတွင်းရှိ ကျေးရွာများကို မီးရှို့နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တိုက်ပွဲမရှိပါဘူးခင်ဗျ။ (ဒီစစ်ကြောင်းက) ရွာစဉ်ပတ်မီးရှို့တဲ့ ရည်ရွယ်ချက်ပါပါတယ်”
ထိုစစ်ကြောင်းလက်ချက်ဖြင့် အင်းစရွာမှ နေအိမ် ၂၈၈ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း၊ တောင်ကြားရွာမှ ၁၀ လုံး၊ မူးသာရွာမှ စာကြည့်တိုက်အပါဝင် ၄၉ လုံး၊ တောင်မြို့ရွာမှ ၁၆ လုံး၊ ရွာသစ်ရွာမှ ၃၇ လုံး၊ ရွာထောင်မှ ၅ လုံးနှင့် ဒီပဲယင်းကွဲရွာမှ ၅၃ လုံးနှင့် ဓမ္မာရုံ ၁ လုံးတို့ မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီလှုပ်ရှားမှုများကို မှတ်တမ်းတင်နေသည့် စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ (ဧပြီ ၂၅) တွင် ထုတ်ပြန်ထားသည်။
အထက်ပါ စစ်ကောင်စီတပ်ဖွဲ့သည် စစ်ရှောင်များ နေထိုင်သည့် နေရာများကိုပါ ရောက်လာပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ခဲ့ကြောင်း တတိယသတင်းရင်းမြစ်ဖြစ်သည့် တပုရင်းကွဲရွာခံ အမျိုးသားတစ်ဦးထံမှ သိရသည်။
“(ဖမ်း) မိတဲ့လူလည်း မိတယ်။ မေးမြန်းပြီးတော့ ဖုန်းတွေကို အကုန်လုံး ယူတယ်။ ကတ်တွေကို ချိုးပစ်တယ်။ အဲ့လိုမျိုး ယူသွားရင်းနဲ့ ရွာထဲရောက်တဲ့အချိန်မှာ အိမ်တွေကို မီးရှို့တာ”။
ထိုစစ်ကြောင်းသည် ဧပြီ ၂၄ ရက်တွင် ဒီပဲယင်းကွဲရွာမှတစ်ဆင့် ထိုရွာနှင့် မိုင် ၂၀ ကျော်အကွာ အရှေ့တောင်ဘက်၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ စစ်ကိုင်းမြို့အခြေစိုက် ခြေတော်ရာတပ်အတွင်းသို့ ပြန်သွားကြောင်း၊ အင်းစရွာ မှ ၁ ဦး၊ ရွာသစ်မှ ၁ ဦး၊ မူးသာရွာမှ ၁ ဦး အပါအဝင် ဒေသခံ ၅ ဦးထက်မနည်းကို ဖမ်းသွားကြောင်း အထက်ပါ သတင်းရင်းမြစ်သုံးဦးထံမှ သိရသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ရွာများကို စစ်ကောင်စီက မကြာခဏ စီးနင်းမီးရှို့နေသည်။ ထိုဖြစ်စဉ်များအတွင်း ဒေသခံများ သတ်ဖြတ်ခံရလေ့ရှိသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာကလည်း ဒီပဲယင်းကွဲရွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီး ရွာဦးကျောင်းမှ ဆရာတော်တစ်ပါးနှင့် အရပ်သားတစ်ဦး သတ်ဖြတ်ခံရဖူးသည်။
မြန်မာနိုင်ငံအလယ်ပိုင်းမြို့တော် မန္တလေးမြို့အနောက်ဘက်နှင့် ကပ်လျက်ရှိသည့် စစ်ကိုင်းမြို့နယ်သည် စစ်ကောင်စီကို ခုခံသည့် တော်လှန်ရေးအဖွဲ့များ လှုပ်ရှားမှုအားကောင်းပြီး ဒီပဲယင်းကွဲရွာ မြောက်ဘက်ကပ်လျက် ကြွယ်ပုံရွာ သင်္ကြန်မဏ္ဍပ်ကို တော်လှန်ရေးအဖွဲ့က ဧပြီ ၁၃ ရက် ညနေပိုင်းတွင် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၇ ဦး အနည်းဆုံးရှိသည်။ ကြွယ်ပုံရွာတွင် စစ်ကောင်စီတပ်နှင့် စစ်တပ်က လက်နက်ပေးထားသည့် ပျူစောထီးအဖွဲ့ စခန်းချထားသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်၊ ၎င်းတို့ကို ထောက်ခံသည့် အရပ်သားများကို လက်နက်တပ်ဆင်သည့် နည်းလမ်းများကို အားပြုကာ ခုခံမှုများကို တုံ့ပြန်နေသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။