သတင်း

စစ်ကိုင်း မူးမြစ်ကမ်းဘေးရွာများကို စစ်တပ်မီးရှို့နေ၊ လူငယ် ၁ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း မူးမြစ်ကမ်းဘေးရှိ ကျေးရွာများကို စစ်တပ်က ယမန်နေ့ (ဩဂုတ် ၂၉) မှစ၍ ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးနေပြီး အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး အသတ်ခံရသည်။ 

စစ်ကိုင်းမြို့နယ်အတွင်း တောင်မြို့ရွာကို ယမန်နေ့တွင် စစ်တပ်ဝင်ရောက်စီးနင်းစဉ် အိမ်ခြေ ၃၀ ကျော် မီးရှို့ခံရသည့်နည်းတူ ထိုရွာမှ လူငယ်ပါ အသတ်ခံရသည်။​

စစ်တပ်နှင့် စစ်ကောင်စီက လက်နက်ပံ့ပိုးထားသည့် အရပ်ဝတ်လက်နက်ကိုင် (ပျူစောထီး) အဖွဲ့ အခြေစိုက်သည့် ကြွယ်ပုံရွာမှ အင်အား ၅၀ ဝန်းကျင်မှာ ထိုနေ့ နံနက် ၆ နာရီဝန်းကျင်က ထွက်လာပြီး စစ်ကိုင်းမြို့ အနောက်မြောက်ဘက် နှစ်မိုင်အကွာရှိ တောင်မြို့ရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်စီးနင်းခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“တိုက်ပွဲဖြစ်တာ မရှိဘူး။ ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးနယ်မြေ။ ဒါပေမဲ့ အနီးအနားက ကြွယ်ပုံဆိုတဲ့ ပျူရွာကနေပြီးတော့ အင်အားလေး စုလိုက်။ ဟိုရွာဝင်စီးလိုက်၊ ဒီရွာဝင်စီးလိုက်နဲ့ အနီးပတ်ချာလည်က ရွာတွေကို လိုက်လုပ်နေတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အိမ်ခြေ ၂၀၀ ကျော်ရှိသည့် တောင်မြို့ရွာမှ အိမ်ခြေ ၃၇ အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရွာခံ လမ်းပြဖြစ်သူ၏ လမ်းညွှန်မှုဖြင့် အိမ်များကို ရွေးချယ်မီးရှို့သွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မူးမြစ်ကမ်းဘေးရှိ တောင်မြို့ရွာတွင် ဩဂုတ် ၂၉ ရက်က စစ်တပ်က ပစ်သတ်၍ သေဆုံးသွားသည့် လူငယ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့ ပြန်ကြားရေး

တောင်မြို့ရွာကို စီးနင်းပြီးနောက်တွင် အရှေ့မြောက်ဘက် ၆ မိုင်ခန့်အကွာရှိ တောင်ကြားရွာသို့ စစ်ကောင်စီအဖွဲ့ ဆက်လက်ထွက်ခွာကာ ယမန်နေ့ (ဩဂုတ် ၃၀) မွန်းလွဲ ၃ နာရီဝန်းကျင်မှစ၍ မီးရှို့ နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ တောင်ကြားရွာ ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးပေ။

စစ်တပ်နှင့်ပျူစောထီးအဖွဲ့၏ စီးနင်းမှုကြောင့် တောင်မြို့ရွာ၊ တောင်ကြားရွာအပါအဝင် အနီးအနားကျေးရွာများမှ ရာနှင့်ချီသည့်ဒေသခံများမှာ ဘေးလွတ်ရာ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဆိုသည်။ အသေးစိတ်မသိရသေးပေ။

စစ်ကိုင်းမြို့အခြေစိုက်၊ ခြေတော်ရာတပ်အနီးရှိ ကြွယ်ပုံရွာတွင် စစ်တပ်နှင့် အရပ်ဝတ်လက်နက်ကိုင်အဖွဲ့များက ကတုတ်ကျင်းများတူးကာ အခိုင်အမာအခြေပြုတပ်စွဲထားသည်မှာ လနှင့်ချီ ကြာမြင့်နေပြီ ဖြစ်သည်။ 

ကြွယ်ပုံရွာရှိ စစ်တပ်နှင့် ပျူစောထီးများအား  ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်အကျအဆုံးများရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များဘက်က ထုတ်ပြန်ထားသည်။ 

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးချိန်မှ ယခုနှစ် ဩဂုတ်လ ၂၇ ရက်အထိ စစ်တပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံအနှံ့ အိမ်ခြေ ၂၈,၃၄၃ လုံး ပျက်စီးခဲ့ရကြောင်း အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်သည့် စာရင်းအရ သိရသည်။ 

မီးရှို့ဖျက်ဆီးခံရသည့်အနက် စစ်ကိုင်းတိုင်းက အိမ်ခြေ ၂၀,၀၀၀ကျော်ဖြင့် အများဆုံးဖြစ်ပြီး မကွေးတိုင်းမှ အိမ်ခြေ ၅,၀၀၀ကျော်၊ ချင်းပြည်နယ်မှ အိမ်ခြေ ၁၄၀၀ ကျော်ပါဝင်သည်။ 

ထိုအဖွဲ့မှ ထုတ်ပြန်သည့်စာရင်းများအရ ယခုနှစ် ဧပြီလ၊ မေလ၊ ဇွန်လတို့တွင် မီးရှို့မှုအများဆုံး ဖြစ်ပြီး ၃လအတွင်း အိမ်ခြေ ၁၅,၀၀၀ ကျော် ဆုံးရှုံးခဲ့သည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မူးမြစ်ကမ်းဘေးရှိ တောင်မြို့ရွာတွင် ဩဂုတ် ၂၉ ရက်က စစ်တပ်ကောင်စီက ဝင်ရောက်မီးရှို့သွားသည်။ ဓာတ်ပုံ-စစ်ကိုင်းမြို့ ပြန်ကြားရေး

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့်ရွာများ၊ ထောက်ပံ့မှု‌ပေးသည့် ရွာများကို အဓိက ပစ်မှတ်ထားကာ ရွာလုံးကျွတ်နီးပါး ပြာကျသည်အထိ မီးရှို့ဖျက်ဆီးလေ့ရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။

ဒေသကာကွယ်ရေးအဖွဲ့များအပေါ် ပြည်သူများ၏ ထောက်ခံမှု၊ အားပေးမှုလျော့ကျစေရန် မြေလှန် မီးရှို့သည့်နည်းလမ်းကို စစ်တပ်က သုံးနေသည်ဟု ထိုအဖွဲ့များက မှတ်ချက်ပြုထားသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံနေကြရာ၊ စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက လက်နက်ထုတ်လုပ်ရေးတပ်များကိုပါ တိုက်ခိုက်ရေးတွင် သုံးနေသလို ၎င်းတို့ကို ထောက်ခံသူများကို လက်နက်တင်ဆင်ပေး၍ ခုခံမှုများကို နှိမ်နင်းနေသည်။

ပျူစောထီးဟု အများသိသည့် ပြည်သူ့စစ်အမည်ခံ ထိုအဖွဲ့များ၏ လှုပ်ရှားမှုကို စစ်ကိုင်းတိုင်းတွင် အများဆုံးတွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button