စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များ တပ်စွဲထားသည့် စစ်ကိုင်းမြို့နယ် အနောက်ခြမ်း၊ ကြွယ်ပုံရွာ သင်္ကြန်မဏ္ဍပ်တွင် ယမန်နေ့ (ဧပြီ ၁၃) ညနေ ၅ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားရာ သေဆုံးသူ ၇ ဦး အနည်းဆုံး ရှိသည်ဟု သိရသည်။
စစ်ကိုင်းမြို့မှ ၂၄ မိုင်အကွာရှိ ထိုကျေးရွာတွင် စာသင်ကျောင်းအနီး မဏ္ဍပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း အနီးအနားကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။
“ပျူစောထီးစခန်းရှိတဲ့ အဲ့ဒီရွာမှာ သူတို့က သင်္ကြန်လုပ်နေတာ။ မနက်ပိုင်း ဘာမှ မဖြစ်ဘူး။ ညနေပိုင်းလည်း သီချင်းတွေဖွင့်ပြီး ကနေကြတာ။ စာသင်ကျောင်း တောင်ဘက်က ဘောလုံးကွင်းထဲမှာ။ ရွာတွင်းမဏ္ဍပ်ပေါ့။ ဘောက်တွေ (အသံချဲ့စက်တွေ) နဲ့ ပျော်ကြပါးကြ လုပ်ကြတာ” ဟု ထိုသူက ဆိုသည်။
ပေါက်ကွဲမှုကြောင့် ၇ ဦးခန့် သေဆုံးသလို ၃၀ ခန့် ဒဏ်ရာရသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
“ထိခိုက်တဲ့အထဲ လူကြီးတွေတော့ သိပ်မပါလောက်ဘူး။ ကလေးတွေ အများဆုံးဖြစ်မှာပေါ့ဗျာ။ အဲဒီဘက်က ကြားသလောက်ဆို တချို့လည်း ခြေပြတ်လက်ပြတ် ဆေးရုံရောက်တယ် ကြားရပါတယ်” ဟု သူက ပြောသည်။
ဗုံးသီးလာချသောဒရုန်းကို စစ်ကောင်စီလက်နက်ကိုင်တို့က လိုက်လံပစ်ခတ်ခဲ့သည်ဟု သိရကြောင်း အထက်ပါရွာသားက ပြောသည်။
ထိုနေ့ညပိုင်းကလည်း ကြွယ်ပုံရွာအခြေစိုက် စစ်တပ်က လက်နက်ကြီး ၅ ချက်ခန့် အနီးပတ်ဝန်းကျင်ကျေးရွာများကို ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် စစ်တပ်က ဒေသအတွင်း ဝင်ရောက်စီးနင်းလာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း ဆိုသည်။
“ကျွန်တော်တို့ရွာကနေ ကြားတယ်။ ကျွန်တော်တို့လည်း ညတွင်းချင်း စစ်ကြောင်းများ ထိုးလာမလား ကြောက်ရတာပေါ့” ဟု ထိုဒေသခံအမျိုးသားက ပြောသည်။
ပျူစောထီးများ၊ စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံ တပ်ဖွဲ့ဝင်များက မူးမြစ်ကမ်းအနီးရှိ ကြွယ်ပုံရွာတွင် အခြေစိုက်ကာ အနီးပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံတို့၏ အဆိုအရ သိရသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်စာမျက်နှာများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကြောင့် ကလေး ၃ ဦး အပါအဝင် ၇ ဦး အနည်းဆုံး သေဆုံးကာ ကလေး ၄ ဦး အပါအဝင် လူ ၃၀ ကျော် ဒဏ်ရာရကြောင်း ဖော်ပြထားကြသည်ကို တွေ့ရသည်။
ကြွယ်ပုံရွာ သင်္ကြန်မဏ္ဍပ်ကို ကာကွယ်ရေးအဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သည်မှာ ဟုတ်မှန်ကြောင်း၊ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း PDF ၏ စစ်ကိုင်းခရိုင် တပ်ရင်း (၁) တပ်ရင်းမှူး ဗိုလ်ယက္ခက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ စုံစမ်းသိရသလောက်က ၁၀ ယောက်လောက် သေပြီးတော့ ၃၀ လောက် ထိသွားတယ်လို့ ကြားတယ်” ဟု အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သည့် လူမှုကူညီရေးအသင်းများကို ကိုးကား၍ သူက ဆိုသည်။
ထိုတိုက်ခိုက်မှုအတွင်း ကလေး ထိခိုက်သေဆုံးမှုမှာ ဖြစ်နိုင်ခြေနည်းကြောင်း ၎င်းက ယူဆသည်။
“ကလေးတွေ ထိခိုက်တယ်ဆိုတာမျိုးတော့ မကြားသေးဘူး။ ဖြစ်နိုင်ဖို့လည်း နည်းတယ်၊ ဘာလို့ဆို ဒီအထဲမှာက ကလေး သိပ်မရှိဘူး။ ပျူတပ်ဖွဲ့ဝင်နဲ့ စကစ တပ်သားတွေပဲ ရှိတာ။ ရှိတဲ့လူ အကုန်လုံးလိုလိုက ပျူတပ်ဖွဲ့ဝင်တွေပဲ နေကြတာ” ဟု ဗိုလ်ယက္ခက ပြောသည်။
ကြွယ်ပုံရွာအတွင်း ပျူစောထီးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများသာ နေထိုင်ကြပြီး၊ ရွာသူရွာသားအများစုမှာ စစ်ကိုင်းမြို့ပေါ်နှင့် အခြားကျေးရွာများသို့ ရွှေ့ပြောင်းနေထိုင်နေကြကြောင်း၊ ရွာအတွင်းတွင် လူ ၁၀၀ ခန့်သာ နေထိုင်နေကြောင်း ၎င်းက ဆက်ပြောသည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဒေသတွင်းတိုက်ခိုက်မှုများတွင် မိုင်းများ အသုံးပြုတိုက်ခိုက်ကြသလို ဒရုန်းဖြင့်လည်း ဗုံးသီးချ တိုက်ခိုက်နေသည်။
စစ်ကောင်စီတပ်က လေယာဉ်၊ ရဟတ်ယာဉ်များ သုံးပြီး စစ်ဆင်နေသကဲ့သို့ ကာကွယ်ရေးအဖွဲ့တချို့ အသုံးပြုကြသော ဒရုန်းကလည်း အသုံးတည့်သည့် လက်နက်ဖြစ်လာသည်။
တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ယနေ့ ညနေ ၃ နာရီအထိ မည်သည့်ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များကမျှ ထုတ်ပြန်ထားခြင်း မရှိကြသေးပေ။
ကြွယ်ပုံကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ထိုရွာမှ မိုင်ဝက်ခန့်အကွာ ဒီပဲယင်းကွဲကျေးရွာကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာအတွင်း ဝင်ရောက်စီးနင်းခဲ့ပြီး ရွာဦးကျောင်းမှ ဆရာတော်တစ်ပါးနှင့် အရပ်သားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ထိုရွာရှိ စစ်ကောင်စီတပ်သားများကို ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များကလည်း ပြောက်ကျားတိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။
ယခုနှစ် ဇန်နဝါရီ ၁၃ ကလည်း ကြွယ်ပုံရွာရှိ စစ်တပ်နှင့် ပျူစောထီးများကို စစ်ကိုင်းခရိုင် တပ်ရင်း (၁) နှင့် မဟာမိတ် ၆ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့သေးသည်။
စစ်ကိုင်းတိုင်းအနောက်ဘက် မူးမြစ်ကမ်းအနီးတွင် ကြွယ်ပုံရွာတည်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၂၀၀၀ ကျော် ရှိကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ကလည်း ကြွယ်ပုံရွာဘောလုံးကွင်းရှိ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် မူးမြစ်တစ်ဖက်ကမ်း မြင်းမူနယ် ဂုံညင်းဆိပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
ထိုကျေးရွာမှ အသက် ၇ နှစ်အရွယ် မအိအိချွန်မှာ လက်နက်ကြီးစ မှန်သဖြင့် ဘယ်ဘက်မျက်လုံး ပေါက်ထွက်ကာ အခြားနှစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်။
ယမန်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး PDF များ၏ တိုက်ခိုက်မှုကြောင့် ၄ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ယနေ့ ဖော်ပြထားသည်။