သတင်း

မြင်းမူတွင် လက်နက်ကြီးကျည်ကျ၊ ၇ နှစ်သမီးအပါအဝင် သုံးဦးဒဏ်ရာရ

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂) နံနက်က မြင်းမူမြို့နယ် ဂုံညင်းဆိပ်ရွာတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး ဘယ်ဘက်မျက်လုံး ပေါက်ထွက်ကာ အခြားနှစ်ဦး အပြင်းအထန်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ပြည်သူ့စစ် ခေါ် ပျူစောထီးများ အခြေစိုက်သည့် စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာတွင် တပ်စွဲထားသည့် စစ်တပ်က ၁၀၂ မမ လက်နက်ကြီးဖြင့် ၅ ချက်ထက်မနည်း ပစ်ခတ်ခဲ့ရာ ရွာနီးချုပ်စပ်ဖြစ်သော မူးမြစ်အနောက်ဘက်ကမ်း ကပ်လျက်ရှိ ထိုရွာတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ 

မအိအိချွန်သည် လက်နက်ကြီးကျည်စ မှန်သဖြင့် ဘယ်ဘက်မျက်လုံး ပေါက်ထွက်ခဲ့သလို ၂၅ နှစ်အရွယ် မဆုမွန်ဇော်မှာ ကျောကုန်းတွင် ဒဏ်ရာရသွားကြောင်း၊ နှစ်ဦးလုံး၏ ဒဏ်ရာများ စိုးရိမ်ရပြီး အခြားတစ်ဦး၏ အခြေအနေကိုမူ အသေးစိတ် မသိရသေးကြောင်း စစ်ကိုင်းမြို့နယ်ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ကြွယ်ပုံရွာဘောလုံးကွင်းကနေ ၁၀၂ မမ တည်ပြီးပစ်ခဲ့တာပါ။ ပျူတွေတောင် ကွင်းထဲ အဝင်မခံဘဲ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာပါ။ တိုက်ပွဲမရှိပါဘူး။ အခြားတစ်ဦးနာမည်တော့ မသိရသေးဘူးဗျ။ ဂုံညင်းဆိပ်တောင်ပိုင်းက အိမ်ပေါ်ကျတာပါ” ဟု ၎င်းက ဆိုသည်။ 

ထိုနေ့က ဂုန်ညင်းဆိပ်ကျေးရွာတွင် မင်္ဂလာဆောင်အခမ်းအနားတစ်ခုရှိပြီး ထိုပွဲကို ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်များ တက်ရောက်သည်ဟု ယူဆ၍ ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း မြင်းမူဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။ 

“ခေါင်းဆောင်ပိုင်းတွေ အဲဒီဘက်မှာ ရှိတယ်။ မင်္ဂလာဆောင်ကို လာမယ်ဆိုပြီး သတင်းကြားလို့ ထုတယ်လို့ ထင်ကြေးတွေ ဒီဘက်မှာ ပြောနေကြတာပေါ။ အဲဒီလို ထုတဲ့အချိန်မှာ ကလေးတွေ ထိသွားတာပေါ့ဗျာ” ဟု ထိုသူက ဆိုသည်။

ဂုံညင်းဆိပ်ရွာအပါအဝင် အနီးအနားရှိ ကျေးရွာများသို့လည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။ 

ထိုသို့ ပစ်ခတ်ခံရပြီးနောက် ယင်းနေ့ ညနေမှာပင် ဒေသခံကာကွယ်ရေးအဖွဲ့များက ကြွယ်ပုံရွာကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အသက် ၇ နှစ်အရွယ် မအိအိချွန် လက်နက်ကြီးကျည်စ မှန်သဖြင့် ဘယ်ဘက်မျက်လုံး ဒဏ်ရာရထားစဉ်။ (ဓာတ်ပုံ-ပေးပို့)

ကြွယ်ပုံရွာတွင် စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က အထိုင်ချ နေရာယူထားသလို​ ပျူစောထီးများ အားကောင်းသောရွာဖြစ်ကာ ရွာနီးချုပ်စပ်ကျေးရွာများကို ၎င်းတို့က ဝင်မွှေလေ့ရှိသည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များက ဆိုသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ကလည်း စစ်ကိုင်းမြို့နယ် မူးမြစ်ကမ်းဘေး သရက်ခြံတွင် ဆေးဖျန်းနေသည့် စံသစ်ရွာမှ အမျိုးသားသုံးဦးကို ကြွယ်ပုံရွာမှ ပျူစောထီးများက ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် အသက် ၄၄ နှစ်အရွယ် ဦးဝင်းအောင် သေဆုံးခဲ့ပြီး အခြားနှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့သည်။ 

ထို့ပြင် ဖေဖော်ဝါရီ ၅ မွန်းလွဲပိုင်းက ယင်းမကျင်းရွာမှ အသက် ၆၀ ကျော် ဦးပေါဌေးဆိုသူကို ကြွယ်ပုံရွာ ပျူစောထီးများက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ 

အရပ်သားများကို စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရသေးပေ။

၂၀၂၂ နှစ်ကုန်ပိုင်းမှစ၍ စစ်ကိုင်းခရိုင်ကို နယ်မြေရှင်းလင်းရေး အကြီးအကျယ်ပြုလုပ်လာကြောင်း၊ စစ်ကောင်စီ ပြုလုပ်လိုသည့် ရွေးကောက်ပွဲအတွက် မန္တလေးမြို့သို့ အဓိကဝင်ထွက်ရာ စစ်ကိုင်းမြို့ကို စိုးမိုးလိုသည့် ရည်ရွယ်ချက်ရှိပုံရကြောင်း ကာကွယ်ရေးအဖွဲ့ဝင်များက သုံးသပ်သည်။

စစ်ကိုင်းခရိုင် PDF တပ်ရင်းများကလည်း ဇန်နဝါရီ ၁၃ တွင် စစ်ကိုင်းမြို့နယ်အနောက်ခြမ်း ကြွယ်ပုံရွာကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button