
အာဏာသိမ်းစစ်ကောင်စီတပ်စခန်းတစ်ခုပေါ်တွင် ဒရုန်း ပျံဝဲနေတတ်သည်၊ မကြာမီ ထိုဒရုန်းတွင် တပ်ဆင်ထားသည့် ဗုံးသီး ၁ လုံး သို့မဟုတ် ၂ လုံးကို ဖြုတ်ချလိုက်ရာ စခန်းထဲ ကျရောက် ပေါက်ကွဲလေသည်။
စခန်း၏ အပေါ်စီးမြင်ကွင်း၊ ဗုံးသီးကျရောက်ပေါက်ကွဲပုံတို့ကို ဒရုန်းတွင် တပ်ဆင်ထားသော ကင်မရာက မှတ်တမ်းတင်ကာ အဆိုပါ တိုက်ပွဲရုပ်သံမှတ်တမ်းများမှာ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေတတ်သည်။
ခုခံစစ်ဆင်နေကြရာတွင် အပျော်တမ်းဒရုန်း၊ တိုက်ပွဲဝင်ဒရုန်းတို့ကို ဗျူဟာမြောက် အသုံးပြုနေကြသည့် အဖွဲ့အစည်း အများအပြား ရှိလာနေသည်။
မြန်မာပြည်တောင်ပိုင်းတွင် လှုပ်ရှားနေသော Saw Dragon Drone Force ၏ အဖွဲ့ခေါင်းဆောင် စောနဂါးက စစ်ကောင်စီတပ်သည် ကောင်းကင်တွင် ဒရုန်းတစ်စီး ရုတ်တရက် ပေါ်လာပြီး “မိုးကျရွှေကိုယ် အသီးလေးတွေ“ ဖြုတ်ချမည်ကို စိုးရိမ်နေမည်မှာ သေချာသည်ဟု ပြောသည်။
“အခုချိန်ဆိုရင် စစ်ကောင်စီ တပ်သားတွေရော ဗိုလ်ကြီးတွေရော အုံးလွဲနေလောက်ပြီ၊ ဘာကြောင့်အုံးလွဲတာလဲ ဆိုတော့ အပေါ်မော့ပြီးတော့ ကင်းထောက်နေရတာ” ဟု စောနဂါးက ပြောသည်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က လေတပ်ဖွဲ့စည်းပြီးဖြစ်ကြောင်း ၂၀၂၁ စက်တင်ဘာတွင် ကြေညာရာ ထိုစဉ်က လှောင်ပြောင်စရာတစ်ခုဖြစ်ခဲ့သည်။ ထိုကြေညာချက် တစ်နှစ် ပြည့်လာချိန်တွင်မူ NUG ၏ လေတပ်မှာ ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်းဖြစ်ကြောင်း အများက နားလည်လာကြသလို ဗုံးတပ်ဒရုန်းသည် ခုခံစစ်ဆင်သူတို့ အားကိုးရသည့် လက်နက် ဖြစ်လာသည်။
စိတ်ဓာတ်စစ်ဆင်ရေး
NUG ၏ လေတပ်သည် ဒေသအသီးသီးမှ ဒရုန်းရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်နေသည်။
ဒရုန်းအများစုမှာ ကောင်းကင်မှ ရုပ်သံရိုက်ကူးရန် ရည်ရွယ်ချက်နှင့် အသုံးပြုခဲ့သော အပျော်တမ်းဒရုန်းများ ဖြစ်သည်။
ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင်မူ အပျော်တမ်းဒရုန်းများထက် အရွယ်အစား ပိုမိုကြီးမားသည့် ဒရုန်းများ သုံးကာ စစ်ဆင်ရေး ဖော်ဆောင်နေသည်။
တိုက်ခိုက်ရန်အတွက် လူအင်အား များစွာ မလိုအပ်သလို ကိုင်တွယ်မောင်းနှင်သူများလည်း အန္တရာယ်ကင်းသည်ဟူသော အားသာချက်ရှိသော ဒရုန်းစစ်ဆင်ရေးများသည် တစ်နှစ်အတွင်းမှာပင် အားကောင်းလာသည်။

သို့သော်လည်း ကောင်းကင်အမြင့်မှ ဗုံးဖြုတ်ချရသည့်အလုပ်ကို ရိုက်ကူးရေး ဒရုန်းအသေးစားများနှင့် အကောင်အထည်ဖော်ရသဖြင့် ပစ်မှတ်ကို တိတိကျကျထိမှန်ရေး ဆိုသည်မှာ ခက်ခဲနေဆဲပင်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု ခေါ် CDM တွင် ပါဝင်နေသည့် ဗိုလ်ကြီးထက်မြက်က ဒရုန်းစစ်ဆင်ရေးသည် ပစ်မှတ်အနီး ဗုံးကွဲသည်နှင့် အောင်မြင်သည်ဟု ပြောနိုင်ကြောင်း သုံးသပ်သည်။
ဒရုန်းက ဖြုတ်ချလိုက်သည့်ဗုံးကြောင့် ရန်သူကို ကြောက်စိတ်ရိုက်သွင်းပေးနိုင်သလို အမြဲတမ်း စစ်ပန်းစေသည်ဟု ဆိုသည်။
“ဒရုန်းနဲ့ ဗုံးသီးတစ်လုံးချိတ်ပြီး တစ်နေ့တစ်လုံးကြဲနေမယ်ဆိုရင် ဒီကောင်တွေ နေ့ မနေရဲ၊ ဘာမှမလုပ်ရဲ မကိုင်ရဲနဲ့ သူတို့ကို ဖြတ်ထားသလိုမျိုး လုပ်ထားနိုင်တယ်ပေါ့နော်။ ဒါဟာ ကျွန်တော်တို့အတွက် ထိရောက်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုပဲ” ဟု သူက ပြောသည်။
ဩဂုတ် ၃၀ ရက်နေ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတစ်ခုတွင် NUG ၏ ဒရုန်းစစ်ဆင်ရေးကို သတိထားရမည်၊ လုံခြုံရေးလစ်ဟာလျှင် ထိုစစ်ဆင်ရေး ကြောက်စရာကောင်းမည်ဟု ထည့်သွင်းပြောကြားကြောင်း ပေါက်ကြားလာသည့် တပ်တွင်းလျှို့ဝှက်ညွှန်ကြားစာတွင် ဖော်ပြထားသည်။
ဒရုန်းကို ဟန့်တားနိုင်သော Jammer ခေါ် ဆက်သွယ်ရေး ဖြတ်တောက်သည့်စက်၊ ဒရုန်းများကို ပစ်ချနိုင်သည့် လက်နက်တို့ကို စစ်စခန်းများ၊ စစ်ကြောင်းများတွင် တပ်ဆင်နေပြီဖြစ်ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၀ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။
NUG ၏ Federal Wings အဖွဲ့က ကရင်ပြည်နယ် ဝေါ်လေ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် ဒေသတွေများတွင် ဒရုန်းစစ်ဆင်ရေးပေါင်း (၈၉) ကြိမ်ပြုလုပ်ရာ စစ်ကောင်စီတပ်ဘက်မှ (၄၈) ဦး သေဆုံးကြောင်း အောက်တိုဘာ ၁ တွင် သတင်းထုတ်ပြန်ထားသည်။
ထိခိုက်သေဆုံးမှုကိန်းဂဏန်းကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထိုအကြောင်းအရာများကို သတင်းအမှောင်ချထားတတ်သည်။

စစ်ကောင်စီတပ်နှင့် ဒရုန်း
ကျေးလက်ဒေသတွင် လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်ဖွဲ့ အများအပြားက ဒရုန်းကို ထိထိရောက်ရောက် အသုံးချနေသည်ဟု အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် တိုက်ပွဲဖြစ်စဉ်များကို လေ့လာ စောင့်ကြည့်နေသူတစ်ဦးဖြစ်သော ဧရာဝတီတိုင်းသတင်းဌာန အယ်ဒီတာချုပ်က သုံးသပ်သည်။
စစ်ကောင်စီတပ်က လေယာဉ်၊ ရဟတ်ယာဉ်များသုံးပြီး စစ်ဆင်နေသကဲ့သို့ ခုခံသူများ၏ ဒရုန်းကလည်း အသုံးတည့်သည့် လက်နက်ဖြစ်လာသည်ဟု သူက ဆိုသည်။
“မင်းလေယာဉ်ကြီးနဲ့ ဒီဒရုန်းလေးနဲ့ကွာ မင်းယှဉ်လို့ရပါ့မလားလို့ မေးစရာရှိပါတယ်။ ဒါပေမဲ့ PDF တွေဘက်က ဒရုန်းကလည်း စစ်ကောင်စီအပေါ်ကို တော်တော်ကို ဒုက္ခပေးနိုင်လာတယ်ဆိုတာ သတင်းတွေအရ တော်တော်လေး ထင်ထင်ရှားရှားတွေ့ရတယ်” ဟု ဆလိုင်းသန့်စင်က ပြောသည်။
စစ်ကောင်စီတပ်တွင်လည်း စစ်မြေပြင်သုံးဒရုန်းကို ရန်သူ့နယ်မြေထောက်လှမ်းရေးအတွက် သုံးနေသည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။ ထို့အပြင် စျေးပိုမိုသက်သာသော အပျော်တမ်းဒရုန်းခေါ် ရိုက်ကူးရေးဒရုန်းများကိုလည်း စစ်တပ်က ဝယ်ယူစုဆောင်းထားပြီးဖြစ်သည်။
သို့သော်လည်း ဒရုန်းသုံးပြီး တိုက်ခိုက်မှုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင်မှ တွေ့ခဲ့ရသည်။
အောက်တိုဘာ ၁၃ ရက်နေ့က တနင်္သာရီတိုင်း၊ ပုလောမြို့အရှေ့ဘက် ၄ မိုင်အကွာ ဒူးရင်ပင်ရှောင်ရွာရှိ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF-ပုလော) ၏ စစ်ဆေးရေးဂိတ်ကို စစ်တပ်က ဒရုန်းတွင် ဗုံးသီးတပ်၍ ၃ လုံး ကြဲချခဲ့ကြောင်း သိရသည်။
၃ ဦး ဒဏ်ရာရသည်ဟု KPDF-ပုလောက ဆိုသည်။
လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကလည်း မိမိတို့၏ ဒရုန်းနောက်ကို နောက်ယောင်ခံလိုက်ကာ တန်ပြန်တိုက်ခိုက်လာနိုင်ခြေရှိကြောင်း သတိထားရမည်ဟု သတိပေးထားသည်။
တန်ပြန်တိုက်ခိုက်မှုမှာ ဖြစ်လာနိုင်သည်ဟု CDM ဗိုလ်ကြီးထက်မြက်က ဆိုသည်။
“ဒရုန်းသွားတိုက်တဲ့အခါ သူတို့ဆီက ပစ်မှတ် မှတ်ပုံတင်ထားတာမျိုးတွေ ရှိနိုင်တယ်။ သူတို့ဆီက ဒရုန်းကို ဗုံးချိတ်ပြီးတော့ ကျွန်တော်ဆီက ဒရုန်းနောက်လိုက်လာပြီးတော့ ကျွန်တော်တို့ဆီကို ဗုံးကြဲသွားတာမျိုးတွေ လုပ်လာနိုင်တယ်” ဟု သူက ပြောသည်။

တီထွင်မှုများ
ပြည်သူ့ကာကွယ်ရေးတပ်များ ဒရုန်း စတင်အသုံးပြုချိန်တွင် ကြုံရသည့် အကြီးမားဆုံးအခက်အခဲမှာ လေတိုက်နှုန်းကို တွက်ချက်မောင်းနှင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုထွန်းကြီးက ပေါ့ပါးသည့် ကင်မရာငယ်များတပ်ဆင်ကာ ရိုက်ကူးရေးလုပ်သည့် ဒရုန်းကို ပိဿာနှင့်ချီပြီး လေးသည့် ဗုံးသီး တပ်ဆင် မောင်းနှင်မှုမှာ ခက်ခဲသည့်အလုပ်ဖြစ်သည်ဟု ပြောသည်။
“မြေပြင်ကို တိတိကျကျရောက်နိုင်လားဆိုတဲ့အပိုင်းမှာတော့ ကျွန်တော်တို့လေကြောင်းမှာ လေတိုက်တဲ့နှုန်းရှိမယ်။ ဒါပေမဲ့လည်း ကြာလာနဲ့အမျှ ကျွန်တော်တို့ ပိုပြီး တိတိကျကျ ဖြစ်လာတယ်ပေါ့။ ဒီနေရာကို ချချင်တယ်ဆိုရင် ဘယ်နေရာလောက်ကနေ ချလိုက်ရင် ရောက်နိုင်တယ်ဆိုတာကို တွက်လာနိုင်တယ်” ဟု သူက ဆိုသည်။
စစ်ကောင်စီတပ်၏ဒဏ်ကို အကြီးအကျယ်ခံနေရသော၊ ခုခံမှုအားကောင်းသော စစ်ကိုင်းတိုင်းတွင် ဒရုန်း အသုံးများသည့် အဖွဲ့တစ်ခုမှာ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သည်။
“အညာထန်းသီး” ဟု ၎င်းတို့အမည်ပေးထားသော လက်လုပ်ဗုံးသီးများကို အမျိုးသမီးတပ်ဖွဲ့ဝင်တို့ ပြုလုပ်နေပြီး အမျိုးသမီးများကိုယ်တိုင် ဒရုန်းအငယ်စား ထိန်းချုပ်မောင်းနှင်ကာ စစ်ကောင်စီတပ်များ၊ စစ်ကောင်စီအလိုတော်ရိများကို တိုက်ခိုက်လျက်ရှိသည်။
နည်းပညာရရှိရန် များစွာ မခက်ခဲသော ကာလဖြစ်သောကြောင့် ခုခံစစ်ဆင်နေသူတို့က ရှာဖွေလေ့လာပြီးနောက် ၈၀ မမ ဗုံးသီးကိုပင် သယ်ဆောင်နိုင်သည့် ဒရုန်းများ တည်ဆောက် အသုံးပြုနေပြီ ဖြစ်သည်။
တပ်ဖွဲ့တချို့က အငယ်စားဒရုန်းများတွင်လည်း ဗုံးသီးတစ်လုံးထက်ပိုပြီး တပ်ဆင် သယ်ဆောင်နိုင်စေရန် တီထွင်နေသည်ဟု သတင်းထွက်နေသည်။
CDM ဗိုလ်ကြီးထက်မြက်က စစ်ကောင်စီတပ်သည် ဗုံးတပ်ဒရုန်း၏ စွမ်းအားကို သိရှိပြီးဖြစ်သည်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အဆိုပါဒရုန်း သုံးခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသည့်ထဲတွင် အရာရှိပိုင်းလည်း ပါဝင်သည်ဟု ဆိုသည်။
ဗုံးတပ်ဒရုန်းသည် လက်နက်ကြီးကဲ့သို့ အသုံးတည့်လာသော်လည်း ထိုအခြေအနေကို လျှို့ဝှက်ထားသင့်သည်ဟု သူက တိုက်တွန်းသည်။
“ဒရုန်းမှာပါဝင်တဲ့ အစိတ်အပိုင်းတွေကို မြင်တာနဲ့ ဒီဒရုန်းကို ဘာနဲ့ ဖျက်ချလို့ရမလဲဆိုတာကို သိတဲ့အဖွဲ့တွေ ဟိုဘက်မှာရှိတယ်။ ရှိတယ်ဆိုတော့ ကျွန်တော်တို့ ဆင်ခြင်သင့်တယ်။ ကိုယ့်ရဲ့သုံးနေတဲ့ လက်နက်ရဲ့အမျိုးအစားကို မဖော်ပြဖို့ တစ်ဖက်ရန်သူမသိအောင် ထိန်းသိမ်းထားဖို့က အရမ်းလိုအပ်တယ်” ဟု သူက ဆိုသည်။
ဤအတောအတွင်း စစ်ကောင်စီက PDF ကို တိုက်ခိုက်ရေး အကြောင်းပြကာ အရပ်သားများကို ဖမ်းဆီး သတ်ဖြတ်မှု နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်။ နိုင်ငံအနှံ့အပြား စစ်ကောင်စီတပ်၏ ရန်ကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရ၊ နေရပ်စွန့်ခွာနေရသူများထဲတွင် ကလေးများပင် ပါဝင်နေသည်။
ထိုဖြစ်ရပ်များ အဆုံးသတ်နိုင်ရေးအတွက် နွေဦးတော်လှန်ရေး အမြန်ဆုံး အဆုံးသတ်ရန် လိုအပ်သည်ဟု Saw Dragon Drone Force အဖွဲ့ခေါင်းဆောင် စောနဂါးက ပြောသည်။
စစ်ကောင်စီတပ်ကို ဗုံးသီးတပ်ဒရုန်း အသုံးပြုပြီး ဆက်လက်တိုက်ခိုက်သွားမည်ဟု ဆိုသည်။
“သူတို့ရဲ့ခေါင်းပေါ်မှာ၊ မြို့တွင်းမြို့ပြင် သူတို့ရဲ့တပ်စခန်း အခြေစိုက်နေရာတွေ အားလုံးမှာ ကျွန်တော်တို့ ဒရုန်းတွေ နေ့ရောညပါ ဝဲနေမယ်” ဟု စောနဂါးက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)