
စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံတပ်များ တပ်စွဲထားသော စစ်ကိုင်းမြို့နယ်အနောက်ခြမ်း ကြွယ်ပုံရွာကို ဇန်နဝါရီ ၁၃ နံနက်တွင် အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ကြွယ်ပုံရွာတွင် စစ်သားများ အထိုင်ချထားသလို ပြည်သူ့စစ် ခေါ် ပျူစောထီးများလည်း ရှိကြောင်း၊ အနီးဝန်းကျင်ရွာများကို ဝင်ရောက် အကြမ်းဖက်လေ့ရှိသဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်ယက္ခက Myanmar Now ကို ပြောသည်။
“ဒီပဲယင်းကွဲရွာကို ဝင်ပြီး မီးရှို့တာတို့၊ နောက်ဆုံးဆိုရင် ကျောင်းက ဆရာတော်ကို သတ်သွားတာပေါ့။ ဒါတွေကြောင့် ကြွယ်ပုံ ပျူရွာကို ဘယ်လိုပြန်လုပ်ရင်ရမလဲ စဉ်းစားပြီးတော့၊ ကြေညာထားတဲ့အတိုင်း အဖွဲ့တွေပေါင်းပြီး ပြောက်ကျားတိုက်ခိုက်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
ရွာမြောက်ဘက်မှ ထွက်လာသည့် လက်နက်ကိုင်ပျူစောထီးတစ်ဦးကို စတင်ပစ်ခတ်ခဲ့ပြီးနောက် ရွာအတွင်းမှ စစ်တပ်နှင့်ပျူစောထီးအဖွဲ့ နှစ်ဖွဲ့ခွဲတက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ဆယ်မိနစ်ကြာ တိုက်ပွဲ ဖြစ်ခဲ့သည်။
ထိုပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၈ ဦးခန့် လဲကျသွားကြောင်း၊ ကြိုတင်ထောင်ထားသော မိုင်းပေါက်ကွဲ၍ စစ်သား အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း၊ တော်လှန်ရေးအဖွဲ့များဘက်မှ ထိခိုက်မှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။
ကြွယ်ပုံရွာရှိ စစ်တပ်နှင့် ပျူစောထီးများကို စစ်ကိုင်းခရိုင် တပ်ရင်း (၁)နှင့် မဟာမိတ် ၆ ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ယခုလ ဇန်နဝါရီ ၅ တွင် ကြွယ်ပုံရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး မှန်ပြောင်းတပ်ရိုင်ဖယ်နှင့် အပစ်ခံရပြီးနောက် ထိုကျေးရွာအနီး လက်နက်ကြီးများ အသုံးပြုသည့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာ ၆ တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၅၀ က ကာကွယ်ရေးအဖွဲ့ အထိုင်ချထားသည့် မိုင်ဝက်ခန့်သာဝေးသည့် ဒီပဲရင်းကွဲကျေးရွာကို လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်စီးနင်းမီးရှို့ ခဲ့သည်။
စီးနင်းရာတွင် ထိုရွာရှိရွှေဂူကျောင်းတွင် ယာယီသတင်းသုံးသည့် စစ်ကိုင်းမြို့ သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ (B.A Buddha) ဘွဲ့ရ၊ နာယက ဆရာတော် ၁၀ ပါးစာရင်းဝင် အရှင်ဂန္ဓသာရအပါဝင် ပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့သည်။
၂၀၂၂ နှစ်ကုန်ပိုင်းမှစ၍ စစ်ကိုင်းခရိုင်ကို နယ်မြေရှင်းလင်းရေး အကြီးကျယ်ဆင်ပြုလုပ်လာပြီး စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မန္တလေးဝင်ထွက်ပေါက် စစ်ကိုင်းမြို့ကို စိုးမိုးလိုသည့် ရည်ရွယ်ချက်ရှိကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်ယက္ခက ပြောသည်။
မန္တလေးမြို့အနီးရှိသော စစ်ကိုင်းမြို့အပါအဝင် စစ်ကိုင်းတိုင်းနေရာအနှံ့အပြားတွင် စစ်ကောင်စီ ကို လက်နက်ကိုင် ခုခံတိုက်ခိုက်နေပြီး တစ်နှစ်ကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားနေသလို ဒေသအနှံ့ စီးနင်း မီးရှို့ခံနေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)