
ကိုရိုနာရောဂါကာကွယ်ရေး လူစုလူဝေးများ ရှောင်ကြဉ်ရန် ယခုနှစ်ရွှေစက်တော်ဘုရားပွဲကို ပိတ်သိမ်းလိုက်ပြီဖြစ်ရာ ဘုရားပွဲအခြေပြု စီးပွားရေးလုပ်ကိုင်သူများကို ယနေ့မှ စ၍ နစ်နာကြေးထုတ်ပေးနေကြောင်း ရွှေစက်တော် ဘုရားဂေါပကဥက္ကဋ္ဌ ဦးဌေးဝင်းက ပြောသည်။
နှစ်စဉ် ပုံမှန်ကျင်းပနေသော ရွှေစက်တော်ရာ ဘုရားပွဲတော်ကို ယခုနှစ်တွင် ဇန်နဝါရီ ၂၉ ၌ စတင်ဖွင့်လှစ်ခဲ့ပြီး ရက်ပေါင်း ၈၀ တိုင် ကျင်းပမည်ဟု မူလကစီစဉ်ထားရာမှ လူစုလူဝေးပွဲများ မကျင်းပရန် အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် မတ် ၁၃ မှစ၍ ပိတ်သိမ်းခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ရွှေစက်တော်ဘုရားပွဲကို အခြေပြုလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းအမျိုးမျိုးရှိပြီး တည်းခိုခန်းများ၊ ဈေးဆိုင်ခန်းများ၊ သန့်စင်ခန်းများ စသည့် မြေနေရာများပေါ် မူတည်၍ ငှားရမ်းခများ ရရှိထားကြောင်း၊ ရရှိထားသောငွေကြေး၏ ၆၀ ရာခိုင်နှုန်းကို နစ်နာကြေးအဖြစ် ပြန်လည်ပေးအပ်မည်ဟု ဦးဌေးဝင်းက ဆိုသည်။
ယခုနှစ် ဘုရားပွဲအခြေပြု စီးပွားရေးလုပ်ငန်းမှ ရွှေစက်တော်ဘုရားကြီးအတွက် အကြမ်းဖျင်းရန်ပုံငွေ စုစုပေါင်း ၉,၉၇၄ သိန်းကျော် ရရှိခဲ့ပြီး ထိုထဲမှ ကျပ် ၅၉၈၄ သိန်းကျော် ပြန်လည်ပေးလျော်ရမည်ဟု ဂေါပက ဥက္ကဋ္ဌ ဦးဌေးဝင်းက ဆိုသည်။ ပြန်လျော်ရမည့်လုပ်ငန်းရှင် ဦးရေ၊ အနည်းဆုံးလျော်ရမည့်ပမာဏနှင့် အများဆုံးလျော်ရမည့်ပမာဏတို့ကို မေးမြန်းသော်လည်း “မတွက်ရသေး” ဟုသာ ၎င်းက ပြောသည်။
သို့သော် မတ် ၂၀ ရက် အထိ မဖျက်သိမ်းသည့် လုပ်ငန်းရှင်များ၊ တာဝန်မကျေသည့် လုပ်ငန်းရှင်များနှင့် ကြွေးကျန်ရှိသူများကို နစ်နာကြေးပေးမည် မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကျောင်းစာမေးပွဲနီး၍ ဘုရားဖူးနည်းခြင်း၊ အဓိကငွေဝင်မည့် ရက်များတွင် ပိတ်သိမ်းလိုက်ရခြင်းတို့အပေါ် သက်ညှာ၍ ၆၀ ရာခိုင်နှုန်းပေးလျော်ရန် ရွှေစက်တော်ဘုရားကြီး ဩဝါဒစရိယဆရာတော်များနှင့် တိုင်ပင်၍ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ဦးဌေးဝင်းက ဆိုသည်။
ရွှေစက်တော် ရွှေမင်္ဂလာ အထက်သောင်ရေစပ်တည်းခိုဆောင် တာဝန်ခံ ဦးသန်းဌေးဝင်းက ဂေါပကအဖွဲ့မှ နစ်နာကြေး ၆၀ ရာခိုင်နှုန်းပေးမည်ဟု တရားဝင်ပြောဆိုလာ၍ ၎င်းတို့၏ တည်းခိုခန်းအဆောက်အအုံများကို ယနေ့ ဖျက်သိမ်းနေပြီး နစ်နာကြေးသွားထုတ်မည်ဟု Myanmar Now ကို ပြောသည်။
ဘုရားပွဲတော်တွင် ရက် ၈၀ ခန့် စီးပွားရေးလုပ်ကိုင်ရန် မြေနေရာကို မဲစနစ်ဖြင့် ရယူရပြီး ရေခွန်၊မီးခွန်များ၊ ဘုရားထံ လှူရသည့် အလှူငွေများအပါအဝင် ကျပ်သိန်း ၁၀၀ ဝန်းကျင်ခန့် ၎င်းတို့အနေဖြင့် ကုန်ကျထားကြောင်း ဆိုသည်။
“၆၀ ရာခိုင်နှုန်းလောက်ဆိုလည်း အဆင်ပြေပါတယ်။ ကိုယ်နည်းနည်းပါးပါး ချေးငှားထားတာလေးတွေ ပြန်ပေးဖို့ အဆင်ပြေမယ်။ ပြန်ဖို့ လမ်းစရိတ် အဆင်ပြေမယ်။ သူများဆီက အတိုးနဲ့ ချေးငှားပြီး လုပ်ကြကိုင်ကြရတာပဲ။ ၁၀၀ မှာ ၉၉ ဦးက အဲဒီလိုမျိုး လုပ်ကြရတာချည်းပဲ” ဟု ၎င်းကဆိုသည်။
ဘုရားပွဲကျင်းပရန် ရက် ၃၀ ကျော် ကျန်သေးချိန်တွင် ပွဲကျင်းပမှုပိတ်သိမ်းလိုက်ခြင်းဖြစ်ပြီး အဆိုပါအချိန်များမှာ လုပ်ငန်းငွေဝင်မည့် ရက်များဖြစ်ကြောင်း ၎င်းကပြောသည်။
ကိုဗစ်ရောဂါကြောင့် ယခုနှစ် ဘုရားပွဲ ပိတ်သိမ်းလိုက်ရသော်လည်း နစ်နာခြင်းမရှိကြောင်း လက်ရှိဘုရားကြီး၏ ဘဏ်စာရင်းတွင် ကျပ်သိန်း ၆၈,၀၀၀ ကျော်ရှိနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော COVID-19 ရောဂါသည် ယနေ့အချိန်ထိ ကမ္ဘာတစ်ဝန်း လူပေါင်း တစ်သိန်းရှစ်သောင်းကျော် ကူးစက်ခံရပြီး ခုနစ်ထောင်ကျော် သေဆုံးခဲ့သည်။
ကမ္ဘာ့နိုင်ငံများအနက် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း လာအိုနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၀ ဝန်းကျင်သာ ရောဂါကူးစက်မှု မရှိသေးသည့် နိုင်ငံအဖြစ် ကျန်ရှိနေသည်။