သတင်း

ကိုဗစ်ကာကွယ်ရေး ကျိုက်ထီးရိုးဘုရားပိတ်ရန် ပြည်နယ်အစိုးရထံ မွန်လွှတ်တော်စာပို့

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ကျိုက်ထီးရိုးဘုရားကို ခေတ္တပိတ်ထားရန် မွန်ပြည်နယ်လွှတ်တော်က ပြည်နယ်အစိုးရအား မတ် ၁၆ တွင် စာပို့ အကြောင်းကြားလိုက်သည်။

ယနေ့ မွန်ပြည်နယ်လွှတ်တော်၌ ကိုယ်စားလှယ်များ ပုံမှန်ကျင်းပနေကျ လဝက်အစည်းအဝေးတွင် ကျိုက်ထီးရိုးဘုရားခေတ္တပိတ်ထားသင့်ကြောင်း ဆုံးဖြတ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်ကို လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ပြည်နယ်အစိုးရထံ ပေးပို့ခဲ့သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက Myanmar Now ကို ယနေ့ (မတ် ၁၆) ပြောသည်။

ကျိုက်ထီးရိုးစေတီတော်သည် ပုံမှန်အားဖြင့် ပွင့်လင်းရာသီတွင် ဘုရားဖူးများပြည့်ကျပ်နေလေ့ရှိပြီး နိုင်ငံခြားခရီးသွား ၂၀၀ ခန့် နေ့စဉ်ဝင်ရောက်နေကြောင်း၊ ထိုင်းနယ်စပ်နှင့်လည်းနီးသဖြင့် ခရီးသွားဝင်ရောက်နိုင်ခြေများသဖြင့် ရောဂါပိုးပျံ့နှံ့ရန် အခွင့်အလမ်းများသည်ဟု ပြောသည်။

ကျွန်တော်တို့ မစွန့်စားသင့်တဲ့ကိစ္စတွေ မစွန့်စားသင့်ဘူး။ Risk (အန္တရာယ်)ကို မယူသင့်တဲ့ကိစ္စ မယူသင့်ဘူးပေါ့။ ဒီနေ့အချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင်ကလည်း စွန့်စွန့်စားစားလုပ်နေရတယ်။ ကျွန်တော့်အမြင်ပေါ့လေ နောက်တစ်ခါ ပြည်သူဘက်ကကြည့်ရင်လည်း စိတ်မသက်မသာ ဖြစ်နေတဲ့ ပုံစံမျိုးမြင်ရတယ်ဟုဆိုသည်။

ပိတ်ထားမည့်ကာလကို လွှတ်တော်အနေဖြင့် ဆုံးဖြတ်ထားခြင်းမရှိဘဲ ရောဂါဖြစ်သည့် အတိုင်းအတာပေါ်မူတည်ပြီး အစိုးရက ဆုံးဖြတ်ရမည်ဟု ပြောသည်။

ကျိုက်ထီးရိုးဘုရားဖူးများကို ပိတ်ထားမည့်အစီအစဉ်မရှိသော်လည်း စောင့်ကြပ်ကြည့်ရှုမှုများကို မတ် ၁၆ မှစ၍ ဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မတ်လ ၁၄ တွင် မီဒီယာများကို ပြောခဲ့သည်။

တောင်ခြေ ကင်မွန်းစခန်းတွင် COVID-19 ရောဂါအား အဖျားစောင့်ကြည့်စစ်ဆေးရန်အတွက် ပြည်နယ်အစိုးရမှ အဖွဲ့ဖွဲ့ထားပြီး သံသယလူနာများအား သီးခြားခွဲထားရန် ကင်မွန်းချောင်းတိုက်နယ်ဆေးရုံတွင် ပြင်ဆင်ထားကြောင်းသိရသည်။

ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်း၏ စာရင်းများအရ မတ် ၁၆ တစ်ရက်တည်းတွင်ပင် နံနက် နာရီမှ ညနေ နာရီအတွင်း တောင်တက်မော်တော်ယာဉ် အစီး ၉၀ (ခရီးသည် ,၅၀၀ ခန့်) ပြေးဆွဲပြီးဖြစ်သည်ဟု သိရသည်။

စနေနေ့များတွင် အနည်းဆုံး တောင်တက်ယာဉ် အစီး ၂၀၀ (ခရီးသည် ,၅၀၀ ခန့်) နှင့် တနင်္ဂနွေနေ့များတွင် အစီး ၁၅၀ (ခရီးသည် ,၀၀၀ ကျော်) ပြေးဆွဲလေ့ရှိကြောင်း တောင်တက်မော်တော်ယာဉ်အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ကင်မွန်းစခန်းတောင်တက်ယာဉ်ဂိတ်၌ ခရီးသွားများကို အပူချိန်တိုင်းတာစစ်ဆေးခဲ့ပြီး အပူချိန်တိုင်းတာရန် ရာနှင့်ချီသော ဘုရားဖူးများက စောင့်ဆိုင်းနေသည်ကို UKyi Lwin ဖေ့ဘွတ်ခ် အကောင့်မှ ရုပ်သံဖိုင် တင်ခဲ့ပြီး လူအများဝေဖန်မှုရှိခဲ့သည်။

လက်ရှိတွင် ကျန်းမာရေးစိစစ်မှုများဖြင့် ဘုရားဖူးများကို ဝင်ခွင့်ပြုနေပြီး ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ဩဝါဒစရိယဆရာတော်များ၏ ညွှန်ကြားချက်ကို လိုက်နာနေသည်ဟု ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ခေါင်းဆောင် ဦးကျော်ဝင်းလှိုင်က Myanmar Now ကို ပြောသည်။

ပြည်ထောင်စုဆီက ညွှန်ကြားချက်ရတာနဲ့ ပိတ်ဆိုတာနဲ့ ကျွန်တော်တို့ပိတ်ရမယ်ဟု ၎င်းကဆက်ပြောသည်။

ယင်းကိစ္စအတည်ပြုရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားသဖြင့် အဆက်အသွယ်မရပါ။ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းကလည်း လူကိုယ်တိုင် လာရောက်မေးမြန်းရန်ပြောပြီး ဖုန်းချသွားခဲ့သည်။ မွန်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းထံသို့ ဆက်သွယ်ခဲ့သော်လည်း ၎င်းအနေဖြင့် ပြောရေးဆိုခွင့်မရှိသောကြောင့် ဖြေဆိုရန် ငြင်းခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မတ်လ ၁၅ ရက်နေ့ည ထုတ်ပြန်ချက်တွင် ကမ္ဘာတစ်ဝန်း COVID-19 ကြောင့် သေဆုံးသူ ,၄၀၀ ခန့်ရှိနေပြီး မြန်မာနိုင်ငံတွင် စောင့်ကြည့်နှင့် သံသယလူနာ ၁၃၀ အနက် ဦးမှာ ဓာတ်ခွဲခန်းအဖြေကို စောင့်ဆိုင်းဆဲဖြစ်ပြီး ရောဂါအတည်ပြုလူနာမရှိသေးကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ COVID-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် မတ် ၁၁ တွင် စတင်ကြေညာခဲ့ပြီးနောက် သင်္ကြန်ပွဲအပါအဝင် လူစုလူဝေးဖြင့်ကျင်းပသော အခမ်းအနားပွဲလမ်းသဘင်များကို ဧပြီလကုန်အထိ မပြုလုပ်ကြရန် နိုင်ငံတော်သမ္မတရုံးက မတ် ၁၃ တွင် ညွှန်ကြားချက်ထုတ်ခဲ့သည်။

လက်ရှိတွင် မကွေးတိုင်းရှိ ရွှေစက်တော်ဘုရားပွဲနှင့် ပဲခူးတိုင်းရှိ ရွှေမော်ဓောဘုရားပွဲများကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများနှင့် အစိုးရမူကြိုကျောင်းများကိုလည်း ခေတ္တပိတ်ထားသည်။

Related Articles

Back to top button