အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံရေးသတင်း

စစ်ကိုင်း၊ ဆားလင်းကြီးတွင် လူငယ် ၄ ဦးကို စစ်တပ်က သတ်ဖြတ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ စစ်ကိုင်းတိုင်း၏ မြို့တော် မုံရွာမြို့တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်အတွင်းတွင် ယနေ့ (ဧပြီ ၂၅) နံနက်ပိုင်းက ဒေသခံ အမျိုးသား ၄ ဦးကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်သည်။

မုံရွာမြို့ နန်ချွန်ဆိပ်ကမ်းမှတစ်ဆင့် ချင်းတွင်းမြစ် အနောက်ဘက်ခြမ်း ဆားလင်းကြီးရှိ ညောင်ပင်ကြီးဆိပ်ကမ်းသို့ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စက်လှေဖြင့် ကူးလာသည့် အင်အား ၁၅၀ နီးပါးပါ စစ်ကြောင်းက ထိုသို့ ပြုမူခဲ့သည်ဟု ဒေသခံနှစ်ဦးက ပြောသည်။

သေဆုံးသူများအနက် ၃ ဦးမှာ ထိုစစ်ကြောင်း မုံရွာမြို့မှ လာစဉ် ဖမ်းခေါ်လာသူများဖြစ်ပြီး ၁ ဦးမှာ ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းပေါ်ရှိ ရွှေလှေနှင့် တုံရွာကြားတွင် ဆိုင်ကယ်ဖြင့် သွားလာနေသူဖြစ်ပြီး မည်သူမည်ဝါ ခွဲခြားမရသေးကြောင်း ၎င်းတို့က ဆိုသည်။ အသက် ၃၀ ဝန်းကျင်ဟု ခန့်မှန်းရသည့် ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က လမ်းပေါ်တွင်ပင် ထားပစ်ခဲ့ကြောင်း သိရသည်။

“လမ်းပေါ်က ဆိုင်ကယ်သမားကို ပစ်လိုက်တာ။ မြိုင်ဘက်ကနေ ကားလိုင်စင် သက်တမ်းတိုးလာတာလို့ ပြောတယ်။ တစ်ယောက်က သေသွားတယ်။ ရင်ဘတ်ကို မှန်သွားတာ” ဟု ဆားလင်းကြီးမြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မုံရွာဘက်ကမ်းမှ စစ်ကြောင်းနှင့်အတူ ပါလာပြီး သတ်ဖြတ်ခံရသူတို့မှာ အသက် ၂၀ ဝန်းကျင် အမျိုးသားများဖြစ်ပြီး အလောင်းများကို ဆားလင်းကြီးမြို့နယ် မကျည်းတန်းရွာနှင့် ဖောင်းကတာရွာကြား ယာခင်းတစ်ခုအတွင်း ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဒေသခံတို့ ရှာတွေ့သည်။

“(မုံရွာမှ ပါလာသူ ၃ ဦးကို) အနားနဲ့ ကပ်ပြီး တေ့ပစ်သွားတာ။ လူငယ်ပိုင်းတွေထဲကပဲ။ ၂၀ ကျော်ထဲက။ ကျွန်တော်တို့ဘက်ကမ်းကတော့ မဟုတ်ဘူး။ မုံရွာဘက်ကမ်းက ပါလာတာဆိုတော့ ဘယ်သူဘယ်ဝါ မသိရသေးဘူး” ဟု အလောင်းကောက်ရာတွင် ပါဝင်သည့် အသက် ၂၀ အရွယ် အမျိုးသားက ပြောသည်။

မကျည်းတန်းနှင့် ဖောင်းကတာရွာများသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနှင့် တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးတွင် ရှိသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒေသများလည်း ပါဝင်သည်။ ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးအဖွဲ့များက စစ်တပ်နှင့် တရုတ်ပိုင် ကြေးနီစီမံကိန်းကို ရပ်တန့်ထားရန် ၂၀၂၂ ဧပြီတွင် သတိပေးပြီး နောက်ပိုင်းတွင် စစ်ကောင်စီက ထိုဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်နေသည်။

လူငယ် ၄ ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မွန်းလွဲ ၂ နာရီခန့်တွင် ဆားလင်းကြီးမြို့အနီးသို့ ရောက်နေပြီး ထိုစစ်ကြောင်းနှင့်အတူ ဓားစာခံဟု ယူဆရသူ ၂ ဦးကို တွေ့ရပြီး အထုပ်အပိုးများ သယ်ဆောင်ထားကြသည်ဟု မျက်မြင်များကို ကိုးကား၍ ၎င်းတို့ထံမှ သိရသည်။

ထိုစစ်ကြောင်းကြောင့် ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းပေါ်ရှိ  ရေခါး၊ ဖောင်းကတာ၊ ကျောက်ဖြူတိုင်တို့ အပါအဝင် ကျေးရွာ ၁၂ ရွာမှ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန် ယခုနှစ် ဖေဖော်ဝါရီတွင် နိုင်ငံအနှံ့ရှိ မြို့နယ်ထက်ဝက်ခန့်ကို မအုပ်ချုပ်နိုင်ဟု ဝန်ခံထားရသည့် စစ်ကောင်စီက မြို့နယ်ပေါင်း ၄၀ ကျော်ကို စစ်အုပ်ချုပ်ရေး ကြေညာထားရာ ဆားလင်းကြီးမြို့နယ်လည်း ပါဝင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button