ဆောင်းပါး

သတင်းထောက်မှတ်စု | လောင်းကစားနွံထဲမှ ဆွဲထုတ်ပေးမဲ့သူကို ငံ့လင့်နေတဲ့ မြဝတီမြို့

မြဝတီမြို့ထဲကနေ ၅ မိနစ်ကြာ ကားမောင်းလာပြီးတဲ့နောက်မှာ သံတံတားကားဝင်းဟောင်းလမ်းလို့ ဒေသခံတွေခေါ်တဲ့ မြို့စွန်အနီးက လမ်းမကြီးပေါ်ရောက်ပါတယ်။ အချိန်က ည ၈ နာရီခွဲခန့်။ လျှပ်စစ်မီးတိုင်တွေမရှိဘဲ မှောင်ရိပ်ကျ နေတဲ့ လမ်းပေါ်မှာ လူစည်ကားလို့နေပါတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ ဥဒဟို သွားလာနေသလို လမ်းပေါ်ချ ရပ်ထားတဲ့ ယာဉ်တွေရယ်၊ သွားလာနေတဲ့ အမျိုးသမီး၊ အမျိုးသားတချို့ကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီလမ်းမကြီးဟာ နေ့လယ်ခင်းတုန်းကတော့ ခုလောက်မစည်ကားခဲ့ပါဘူး။

ဖေဖော်ဝါရီ ၂၇ ညမှာ ကျွန်မတို့ဦးတည်နေတာကတော့ ကိုးသုံးလုံးဂိတ်ထဲက Myawaddy Complex ကာစီနိုရုံပါ။ ကိုးသုံးလုံးဂိတ်လို့ ပြောလိုက်တာနဲ့ Myawaddy Complex ရှိတယ်ဆိုတာ မြို့ခံအားလုံးနီးပါး သိကြပါတယ်။ “များသောအားဖြင့် သွားကစားတဲ့လူတွေက ရှုံးတာပဲ” လို့ ကျွန်မတို့ကိုလိုက်ပို့ပေးတဲ့ မိတ်ဆွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်ကမှ မြဝတီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံပွဲ လာလုပ်ပြီးခါစ ပူပူနွေးနွေးပါ။ တွေ့ဆုံပွဲမှာတုန်းက မြဝတီမြို့ရဲ့ လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးဝါးနဲ့ ခိုးဆိုးလုနှိုက်ပြဿနာတွေကို ဒေသခံတစ်ဦးက တင်ပြခဲ့ပါသေးတယ်။

လူထုတွေ့ဆုံပွဲမတိုင်မီ တစ်ရက်တုန်းကတော့ “လူကြီးခရီးစဉ်” ရှိတဲ့အတွက် ဂိမ်းရုံတွေအများစု ပိတ်ထားခဲ့လို့ မြို့ကခြောက်ကပ်နေခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်အပြီး နောက်နေ့တွေမှာတော့ နယ်စပ်မြို့လေးရဲ့ ညခင်းအချိန်ဟာ ရပ်ကွက်တွေ၊ ဂိတ်တွေထဲမှာ လောင်းကစားရုံတွေ ပုံမှန်အတိုင်း ပြန်ဖွင့်ခွင့်ရတာနဲ့အတူ ပြန်ပြီးအသက်ဝင်လာခဲ့ပါတော့တယ်။

လောင်းကစားမြို့တော်

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံကြား ဖြတ်သန်းစီးဆင်းနေတဲ့ သောင်ရင်းမြစ်ပေါ် မေးတင်ထားတဲ့ မြဝတီမြို့ကို မြစ်က ရစ်ခွေစီးဆင်းနေပါတယ်။ မြစ်ကမ်းတစ်လျှောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကင်းစခန်းတွေ၊ ဂိတ်တွေရှိပြီး အရင်တုန်းကတော့ တစ်ဖက်နိုင်ငံက မှောင်ခိုပစ္စည်းမျိုးစုံ ဝင်ရောက်ရာလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာတော့ ဂိတ်တွေထဲမှာ ကာစီနိုတွေ၊ လောင်းကစားရုံတွေ ရောယှက်လာတာပါ။

မြဝတီမြို့ အမှတ် (၅) ရပ်ကွက်က ဒေသခံတွေ ဝါးတောလို့ခေါ်တဲ့နေရာ ယခင် ကိုးသုံးလုံးဂိတ်ဝင်းနေရာမှာ Myawaddy Complex ကာစီနိုရုံ ရှိပါတယ်။ ကိုးသုံးလုံးဂိတ်ဆိုတာက ၂၀၁၀ ပြည့်နှစ်မှာ တပ်မတော်ရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းခဲ့တဲ့ တိုးတက်သောဒီမိုကရက်တစ်ကရင်အမျိုးသားတပ်မတော် (DKBA) လက်အောက်ခံ တပ်မဟာ (၉၉၉) ကို အစွဲပြုမှည့်ခေါ်ထားတာပါ။

ကိုးသုံးလုံးဂိတ် ရောက်ရင်တော့ Lucky Fish အမည်နဲ့ ကာစီနိုရုံတစ်ခုကို အရင်တွေ့ရမှာပါ။ အဲဒီကနေဆက်သွားရင် Myawaddy Complex ကာစီနိုရုံရဲ့ ယာဉ်ရပ်နားကွင်းကို ရောက်ပါတယ်။ ဆောက်ပြီးခါစ ဟိုတယ်ပုံစံ အခြားအဆောက်အအုံသစ်တစ်ခုဟာလည်း အလှဆင်မီးတွေနဲ့ ခံ့ခံ့ညားညားပါပဲ။

Myawaddy Complex ထဲမှာတော့ အခွန်လွတ်ဆိုင်တစ်ဆိုင်၊ Craft Beer အမည်ရှိ ယမကာဆိုင်နဲ့ ကာစီနိုခန်းမကြီး ရှိပါတယ်။ ဆိုင်အပြင်ဘက်ထောင့်မှာ အမျိုးသားတစ်ဦးဟာ ထိုင်းသီချင်းကို ဂီတာတီးပြီး သီဆိုနေပါတယ်။ ၉ နာရီဝန်းကျင်ညရဲ့ ဂီတသံ ငြိမ့်ငြိမ့်ညောင်းညောင်းက ပျံ့လွင့်နေဆဲပါ။

ကာစီနိုခန်းမကြီးထဲမှာတော့ လူလွတ်တဲ့ စားပွဲဝိုင်းရယ်လို့မရှိဘဲ လောင်းကစားသူတွေအပြည့်ပါပဲ။ ဘာကရာ (baccarat)၊ ကျား-နဂါး၊ ရှမ်းကိုးမီး၊ ဂျက်ပေါ့၊ ငါးဂိမ်း၊ ပန်းသီးဂိမ်း စတဲ့ကစားနည်းတွေ ရှိပါတယ်။ ထိုင်းဘတ်ငွေနဲ့ ကစားနေကြတာတွေ့ရပြီး မြန်မာငွေပဲပါလာရင်လည်း ကောင်တာမှာ ဘတ်နဲ့ လဲလှယ်နိုင်ပါတယ်။

လောင်းကစားသူအများစုဟာ သန့်သန့်ပြန့်ပြန့် ဝတ်စားထားတဲ့ ထိုင်းအများစုဖြစ်ပြီး တရုတ်နဲ့ မြန်မာအချို့လည်း ပါဝင်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ လောင်းကစားဥပဒေမှာတော့ ကာစီနိုမှာ နိုင်ငံခြားသားတွေကိုပဲ သီးသန့်လောင်းကစားခွင့်ပြုတယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် ကာစီနိုဖွင့်လှစ်ခွင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုချက်ပေးရမှာဖြစ်ပြီး ကာစီနိုနဲ့ဆိုင်တဲ့နည်းဥပဒေ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ဦးဆောင်ပြီးရေးဆွဲပေမဲ့ ထွက်ပေါ်မလာသေးပါဘူး။

ငွေစက္ကူတွေ၊ ကျား-နဂါးတွေ၊ ဖဲချပ်တွေနဲ့ ပျားပန်းခပ်မျှ အလုပ်ရှုပ်နေတဲ့ ခန်းမကြီးရဲ့ ထောင့်တစ်နေရာမှာတော့ Sport Betting and Online Casino Xavier Club ဆိုတဲ့ သီးသန့်အခန်းလေးရှိပါတယ်။ ဒီအခန်းထဲမှာတော့ လူမရှိနေပါဘူး။

အရေအတွက်အားဖြင့် တိတိကျကျမသိရတဲ့ လောင်းကစားရုံတွေဟာ သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှာ လက်ညှိုးထိုးမလွဲပါပဲ။ Myawaddy Complex၊ Grand Myawaddy၊ Heng Sheng Group Entertainment Complex၊ G.M Complex စတာတွေဟာ အဆင့်မြင့်ကာစီနိုရုံကြီးတွေပါ။ အလတ်စားလောင်းကစားရုံတွေကတော့ အမှတ် (၃) ရပ်ကွက်ထဲက နယ်စပ်ဂိတ်မှာ ရှိနေပါတယ်။ ဒီကာစီနိုရုံတွေမှာတော့ မြန်မာနိုင်ငံသားအများစု ဝင်ကစားတာ တွေ့ရပါတယ်။ ဂိတ်တွေထဲမှာတင်မကဘဲ သံတံတားကားဝင်းဟောင်း လမ်းမကြီးပေါ်မှာတော့ KKK၊ ရွှေဖျံ စတဲ့ လောင်းကစားရုံတွေကို အထင်းသား တွေ့မြင်နိုင်ပါတယ်။

လောင်းကစားရုံတွေဟာ ၂၄ နာရီ ဖွင့်လှစ်လေ့ရှိပြီး ညပိုင်းမှာ လူတွေနဲ့ ပိုမိုပြည့်ကျပ် စည်ကားတာကို တွေ့ရပါတယ်။ ရုံတိုင်းမှာ CCTV တွေ တပ်ဆင်ထားပြီး ဓာတ်ပုံ ဗီဒီယိုရိုက်ကူးခွင့်ကိုတော့ လုံးဝတားမြစ်ထားပါတယ်။ ဒါ့အပြင် ဆောက်လုပ်ပြီးစီးခါစ “UK” လို့အမည်ရတဲ့ ကာစီနိုရုံကြီးကို လျှပ်စစ်မီးနဲ့ အလှဆင်ထားပုံက ကြယ်ငါးပွင့်ဟိုတယ်တစ်လုံးအလား ခမ်းနားလှပါတယ်။

ဂိတ်တွေမှာရှိတဲ့ လောင်းကစားရုံအနီးတစ်ဝိုက်မှာ ဝန်ထမ်းကတ်ဆွဲထားတဲ့ တရုတ်လူမျိုးတွေ ဥဒဟို သွားလာနေကြပါတယ်။ ဂိတ်ဝင်းတွေထဲမှာ ကာစီနိုရုံကြီးတွေနဲ့ အခြားလောင်းကစားရုံတွေဟာ အမည်နာမ အမျိုးမျိုးနဲ့ရှိနေပြီး တချို့ ဂိတ်ဝင်းတွေမှာ နယ်ခြားစောင့်တပ်ယူနီဖောင်းနဲ့ သေနတ်ကိုင်ထားသူတွေ လုံခြုံရေးစောင့်ကြပ်နေတာ တွေ့နိုင်သလို တချို့နေရာမှာတော့ သာမန်အနက်ရောင်လုံခြုံရေးဝတ်စုံနဲ့ နံပါတ်တုတ် ကိုင်ထားသူတွေကို တွေ့ရမှာပါ။

“ဂိမ်းတွေရှုံးမယ် စက်တွေထုမယ် ဒေါသတွေထွက်မယ် … အဲဒီမှာ မန်နေဂျာဆိုတဲ့ တရုတ်တစ်ယောက်က ထွက်လာမယ် … ဒီဂိမ်းရုံကို တာဝန်ခံထားတဲ့ လက်နက်ကိုင်ခေါင်းဆောင်ကို ခေါ်လိုက်တယ်။ အချိန်တန်ရင် သူတို့ (လက်နက်ကိုင်တွေ) ရောက်လာတယ်။ ဒါကို ရပ်ကွက်လူကြီးလည်းသိတယ်။ မြို့တစ်မြို့လုံးလည်းသိတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မြို့ထဲက ဂိမ်းဆိုင်တွေမှာ ပြဿနာတစ်ခုခုဖြစ်တာနဲ့ မြန်မာနိုင်ငံအလံ လက်မောင်းတံဆိပ်တပ်ဆင်ထားတဲ့ နယ်ခြားစောင့်တပ်ယူနီဖောင်းဝတ်တွေဟာ သေနတ်ကိုယ်စီနဲ့ ရောက်လာလေ့ရှိတယ်လို့ သူကဆိုပါတယ်။

မြို့မှာ လောင်းကစားကြောင့် ဘဝပျက်သူ ဒုနှင့်ဒေးရှိပြီး အထင်ရှားဆုံးသာဓက တစ်ခုကတော့ လွန်ခဲ့တဲ့ လေးနှစ်ခန့်က လောင်းကစားကြောင့် အကြွေးတင်ပြီး ရွှေဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးစလုံး ကိုယ့်ကိုယ်ကိုယ် အဆိပ်သောက် သတ်သေခဲ့ကြတယ်လို့ သူကဆက်ပြောပါတယ်။

မြဝတီမြို့မှာ အမှတ် (၁) ကနေ အမှတ် (၅) အထိ ရပ်ကွက်ငါးခုရှိပြီး လောင်းကစားရုံတွေဟာ ရပ်ကွက်တိုင်းမှာ အနည်းနဲ့အများ ရှိနေတာပါ။ မြဝတီမြို့ဟာဆိုရင်ဖြင့် လူတန်းစားအားလုံး ပါဝင်ကစားနိုင်တဲ့ လောင်းကစားနည်းတွေကို နည်းအမျိုးမျိုးနဲ့ ဖန်တီးပေးထားပါတယ်။

ဒေသအခေါ် ‘အာဝါဒေး’ (ဇာတ်ပွဲငှားပြီး လောင်းကစားဝိုင်းတွေသွင်းတဲ့စနစ်) ကနေတစ်ဆင့် လူနေရပ်ကွက်တွေထဲကို ငါးဂိမ်းရုံတွေ ရောက်လာပါတယ်။ နောက်ပိုင်းမှာ ငွေကြေးတတ်နိုင်တဲ့ ကုန်သည်လူတန်းစားတွေအတွက် အဆင့်မြင့်ကာစီနိုရုံတွေ ပေါ်လာပါတယ်။

များသောအားဖြင့် လောင်းကစားရုံတွေဟာ ရပ်ကွက်လမ်းကြားတွေထဲမှာ သွပ်ကာရံထားတဲ့ အိမ်ပုံစံ အဆောက်အအုံအနေနဲ့ရှိကြပြီး အနည်းစုကတော့ ခြံဝင်းထဲမှာ ကျကျနနဆောက်လုပ်ထားတဲ့ တံခါးပေါက် မှန်အနက် တပ်ဆင်ထားတဲ့ တစ်ထပ်အဆောက်အအုံတွေ ဖြစ်ပါတယ်။

လူနေရပ်ကွက်ထဲက လောင်းကစားရုံတွေကတော့ ရုံအသေးလေးတွေဖြစ်ပြီး အမည်ပေးထားတာမျိုး မရှိပါဘူး။ အများစုကတော့ ငါးဖမ်းဂိမ်းတွေဖြစ်ပြီး ဖဲကစားနည်းတွေလည်း ရှိပါတယ်။ ဂိတ်ဝင်းတွေထဲက လောင်းကစားရုံ တွေနဲ့ တူညီတဲ့အချက်ကတော့ ၂၄ နာရီပတ်လုံးဖွင့်လှစ်ပြီး CCTV တပ်ဆင်ထားတာပဲ ဖြစ်ပါတယ်။

အဲဒီမြို့ခံကိုယ်တိုင် ၂၀၀၉ ခုနှစ်လောက်က ငါးဂိမ်းကို တစ်နှစ်ခန့် စွဲစွဲလမ်းလမ်းဆော့ရာမှာ ကျပ်သိန်း ၆၀၀ ကျော် ဆုံးရှုံးဖူးတယ်လို့ ပြောပါတယ်။

ငါးဂိမ်းဆိုတာက ၂ ပေ x ၄ ပေ အကျယ်ရှိတဲ့ ဖန်သားပြင်စားပွဲထောင့်မှာ ဘုသီးခလုတ် အများဆုံး ၁၀ စုံအထိပါပြီး လူ ၁၀ ဦး တစ်ပြိုင်နက် ကစားနိုင်ပါတယ်။ တချို့ခုံတွေကတော့ ၈ ဦး ပါဝင်ကစားနိုင်ပါတယ်။ တီဗီဖန်သားပြင်လိုဖြစ်နေတဲ့ စားပွဲမျက်နှာပြင်မှာ ခုန်ပြေးနေတဲ့ ကျားရုပ်၊ နဂါးရုပ်၊ ရေကူးနေတဲ့ ရေသူမရုပ်၊ ရောင်စုံငါး အကြီးအသေး စတာတွေကို ဘုသီးနှိပ်ပြီး ပစ်ရတာပါ။

တစ်ခါပစ်ရင် အနည်းဆုံး ကျပ် ၁,၀၀၀ ထည့်ရပြီး အဲဒီအတွက် အမှတ် ၁,၀၀၀ ရပါတယ်။ တစ်ချက်ပစ်ရင် ကျပ် ၁၀ ကနေ ၁,၀၀၀ အထိ တန်ကြေးရှိတဲ့ ကျည်ဆန်တွေကို စိတ်ကြိုက်ရွေးပြီး ပစ်လို့ရပါတယ်။ ရေသတ္တဝါလေးတွေ သေရင် အမှတ်ရမှာဖြစ်ပြီး မသေရင် မိမိငွေ ဆုံးရှုံးမှာဖြစ်ပါတယ်။

တစ်ခါတလေ ဘေးလူပစ်လိုက်တဲ့ ကျည်ဆန်ကြောင့် မသေပေမဲ့ မိမိလက်ထဲရောက်မှ သေသွားရင် အမှတ်အများကြီးရပြီး ငွေဝင်နိုင်ပါတယ်။ ဥပမာအားဖြင့် ငွေ ၁,၀၀၀ ရင်းပြီး ပစ်ရင်းနဲ့ အမှတ် ၅,၀၀၀ ရရင် ကျပ် ၄,၀၀၀ ကိုထုတ်ပြီး ကျန်တဲ့ ၁,၀၀၀ နဲ့ ဆက်ကစားနိုင်ပါတယ်။ ဒီလိုအချက်တွေကြောင့် ငါးဂိမ်းဟာ စွဲလမ်းစရာ ဖြစ်လာပါတယ်။

နောက်တစ်ချက်ကတော့ ငါးဂိမ်းဟာ တခြားလောင်းကစားနည်းတွေလို ကျွမ်းကျင်မှု အထူးတလည်မလိုအပ်ဘဲ တစ်ခါကစားမိရုံနဲ့လည်း အနိုင်ရပြီး လောင်းကစားပိုးဝင်နိုင်တာကြောင့် ကလေး၊ လူငယ်၊ လူကြီး အမျိုးသမီး အမျိုးသားမရွေး စွဲလမ်းကြပါတယ်။

Grand Myawaddy ကာစီနိုရုံဝန်ထမ်းများ (ဓာတ်ပုံ – Grand Myawaddy facebook)

အမှတ် (၄) ရပ်ကွက်ထဲက ငါးဂိမ်းရုံတစ်ခုမှာတော့ မနက် ၇ နာရီခွဲ အချိန်မှာ သဲကြီးမဲကြီးငါးဂိမ်းဖမ်းနေတဲ့ လူငါးဦးလောက် ရှိနေပါတယ်။ အမျိုးသားတစ်ဦးသာရှိပြီး ကျန်တာက အမျိုးသမီးတွေပါ။ ဆေးလိပ်တဖွာဖွာနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကတော့ ဒီလအတွက် အိမ်လခကို ငါးဖမ်းဂိမ်းမှာ လာဆော့နေတယ်လို့ ပြောပါတယ်။ အားလုံးဟာ ညကတည်းက ကစားတဲ့အရှိန်မကုန်သေးလို့ ဒီမနက်အထိ ဆက်ရှိနေကြပုံပါပဲ။ တချို့ကတော့ မျက်လုံးတွေ နီစပ်စပ်နဲ့ပါ။

အမှတ် (၁) နဲ့ အမှတ် (၄) ရပ်ကွက်တွေမှာရှိတဲ့ လောင်းကစားရုံနှစ်ရုံမှာတော့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေ တွေ့ခဲ့ရပါတယ်။ တချို့က မိဘနဲ့အတူ လိုက်ပါကစားကြတာဖြစ်ပြီး တချို့ကတော့ အုပ်ထိန်းသူ မပါပါ။

ဒီလို ရပ်ကွက်တွေထဲမှာ ပေါ်ပေါ်ထင်ထင်ဖွင့်လှစ်ထားတဲ့ ငါးဂိမ်းရုံတွေအပြင် မြဝတီမြို့ရဲ့ နောက်ထပ် လောင်းကစားနည်းတစ်ခုကတော့ ‘အာဝါဒေး’ လို့ ဒေသခံတွေခေါ်တဲ့ ဇာတ်ပွဲငှားပြီး လောင်းကစားဝိုင်းတွေ သွင်းတာပဲဖြစ်ပါတယ်။

အနီထောင်၊ ကာလာခွဲ၊ အန်ဂလုံ၊ ရွှေဘောလုံး၊ ကွန်ပျူတာဆယ်ဆ စတာတွေကို ‘အာဝါဒေး’ မှာ ကစားနိုင်တယ်လို့ ဆိုပါတယ်။ မြဝတီမှာ ‘အာဝါဒေး’ တွေ ပေါ်ပေါက်လာတာဆိုရင် ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီလို့ သိရပါတယ်။

ပုံမှန်အားဖြင့် ရပ်ရွာမှာ ဘာသာရေးအရ ဘုရားပွဲရှိမှသာ ဇာတ်ပွဲတွေသွင်းပေမယ့် ‘အာဝါဒေး’ လုပ်ဖို့ကတော့ အကြောင်းပြချက် တစ်စုံတစ်ရာမလိုဘဲ ဦးဆောင်တဲ့ ‘ကန်ထရိုက်’ ဆိုသူက ဇာတ်ပွဲကို အနိမ့်ဈေးနဲ့ငှားပြီး လောင်းကစားဝိုင်းထောင်တဲ့ပုံစံမျိုးလို့ ဒေသခံတွေဆိုပါတယ်။

အာဝါဒေးပွဲတွေဟာ မိုးရာသီကလွဲလို့ တစ်နှစ်ပတ်လုံးရှိနေပြီး လောင်းကစားဝိုင်းတွေ ဇာတ်ပွဲတွေနဲ့ ညစဉ်ညတိုင်း ဆူညံနေလေ့ရှိတယ်လို့ ဆိုပါတယ်။

အမှတ် (၅) ရပ်ကွက် ဝါးတောမှာ လူသုံးရပ်စာလောက်ကျော်တဲ့ သွပ်ပြားတွေ ကာရံထားတဲ့ကွင်းကို တွေ့ရပါတယ်။ ဒီရက်ပိုင်းမှာတော့ ဆယ်တန်းစာမေးပွဲနီးတာကြောင့် အာဝါဒေးတွေ ပိတ်ထားတဲ့အတွက် လောင်းကစားဝိုင်းတွေ မတွေ့ခဲ့ရပါဘူး။

အပေါင်ဆိုင်တွဲလျက်ရှိနေတဲ့ လောင်းကစားရုံတွေ

လောင်းကစားရုံတွေရှိတဲ့ နေရာခြောက်ခုထက်မနည်း ရောက်ခဲ့ရာမှာတော့ နေရာတိုင်းမှာ အပေါင်ဆိုင်တွေ ရှိနေတာကို တွေ့ခဲ့ရပါတယ်။

အတိုးနှုန်း ၁၀ ရာခိုင်နှုန်း၊ ၁၂ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်း အမျိုးမျိုးယူကြတဲ့ အပေါင်ဆိုင်တွေရဲ့ ထူးခြားချက်ကတော့ ပေါင်ပြီး ၁၀ ရက်အတွင်း မရွေးနိုင်ရင် (သို့မဟုတ်) အတိုးမသတ်နိုင်တာနဲ့ ပစ္စည်းအဆုံးခံရမှာ ဖြစ်ပါတယ်။

“တော်တော်များများက အရှုံးခံလိုက်ကြတာများတယ်။ ဘာလို့လဲဆိုတော့ သူတို့ယူလာတဲ့ပစ္စည်းကိုက နဂိုကတည်းက ခိုးလာတာ ဝှက်လာတာ။ ကိုယ်ပိုင်ပစ္စည်းကို အရင်ပေါင်တယ်။ ကုန်သွားတဲ့အခါကျတော့ တခြားပစ္စည်းကို ခိုးယူတယ် ဒီလိုမျိုးတွေ ကျူးလွန်နေကြတယ်” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးဝင်းနိုင်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ခန့်က အိမ်နီးနားချင်း လူငယ်တစ်ဦးဟာ သူ့ဆိုင်ကယ်ကို ငှားယူသွားပြီး ပြန်မပို့ဘဲနေရာမှာ နောက်တစ်ပတ်အကြာ အဲဒီလူငယ်ဟာ တခြားအိမ်က ဆိုင်ကယ်တစ်စီးကို ခိုးယူပြီး အမှုရဲစခန်းရောက်တော့မှ သူ့ဆိုင်ကယ်လည်း ကာစီနိုရုံဘေးက အပေါင်ဆိုင်မှာ ရောက်နေတာကို သိခဲ့ရတယ်လို့ ဦးဝင်းနိုင်ဦးက ပြောပါတယ်။

အဆိုပါလူငယ်ဟာ ဦးဝင်းနိုင်ဦးရဲ့ ဆိုင်ကယ်ကို သုံးသိန်းခွဲနဲ့ ပေါင်နှံခဲ့ကြောင်းနဲ့ အပေါင်စာရွက်ကို ကာစီနိုရုံထဲ ရောက်နေတဲ့ လူငယ်ဆီကတောင်းပြီး အတိုး ၁၅ ရာခိုင်နှုန်းနဲ့ ဦးဝင်းနိုင်ဦးကိုယ်တိုင် ပိုက်ဆံစိုက်ပြီး သွားရွေးခဲ့ရတယ်လို့ ဆိုပါတယ်။

တချို့အပေါင်ဆိုင်တွေမှာ ကား၊ ဆိုင်ကယ်ဂိုဒေါင်တွေပါ တွဲလျက်ရှိနေတာကို တွေ့ခဲ့ရပါတယ်။

“ဒီအပေါင်ဆိုင်တွေကြောင့်ပဲ သူခိုးတွေက အတင့်ရဲလာတယ်၊ ခိုးလာတယ်။ သူတို့ လွယ်လွယ်ပေါင်လို့ရမှန်း သိတယ်လေ။ ဒါ အားပေးအားမြှောက်ပြုတာပဲ” လို့ ဦးဝင်းနိုင်ဦးက ဆိုပါတယ်။

မြဝတီမြို့မရဲစခန်းကနေ ရရှိလာတဲ့ အချက်အလက်တွေအရ မြဝတီမြို့မှာ ၂၀၁၇ ခုနှစ်အတွင်း ခိုးမှု ၄၅ မှုကို မြို့မရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပြီး၊ ၂၀၁၈ ခုနှစ်မှာ ၅၈ မှုနှင့် ၂၀၁၉ ခုနှစ်မှာတော့ ၆၆ မှုအထိ တိုးလာတာကို တွေ့ရပါတယ်။

Myawaddy Complex ကာစီနိုရုံအတွင်းပိုင်း မြင်ကွင်း (ဓာတ်ပုံ – Myawaddy Complex facebook)

ပြည်သူတွေရဲ့ လောင်းကစားတိုက်ဖျက်ရေး

စီးပွားရေးအချက်အချာကျတဲ့ နယ်စပ်မြို့လေးကို ငွေရှာဖို့ အကြောင်းပြချက်နဲ့ ပြောင်းရွှေ့ရောက်လာသူတွေများပြီး ဒီလိုရှာဖွေလာတဲ့ငွေကို အလွယ်တကူ သုံးပစ်ဖို့ လောင်းကစားရုံတွေကလည်း အဆင်သင့်ရှိနေတာပါ။ လောင်းကစားရဲ့ နောက်ဆက်တွဲကြောင့် လူထုရဲ့ အသက်အိုးအိမ်မလုံခြုံမှု၊ အိမ်တွင်းလူမှုရေးပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာအထိ ရှိလာပြီး ကလေးတွေရဲ့ အနာဂတ်ကို မြို့ခံတွေက စိုးရိမ်နေရကြရပါတယ်။

ဒါကြောင့် ကာစီနိုနှင့် လောင်းကစား ပပျောက်ရေးအတွက် မြို့သူမြို့သား ၄၀၀ ခန့်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ သက်ဆိုင်ရာအစိုးရ သိစေဖို့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲအပြီးမှာ မြို့တွင်းက လောင်းကစားဂိမ်းရုံ‌တွေ ခဏတာ ငြိမ်သက်သွားသလို ရှိပေမယ့် နောက်ပိုင်းမှာ ရပ်ကွက်တွေထဲ ပြန်ရောက်လာတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မြဝတီမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးမျိုးအောင်က ပြောပါတယ်။

“ဒီမူးယစ်ဆေးဝါးနဲ့ လောင်းကစားဟာဆိုရင် မြို့ပေါ်မှာရှိကိုရှိရမယ့် မြို့အင်္ဂါရပ်ထဲမှာ ပါနေလို့လား၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်မိတယ်။ လုပ်နေတာ ဘာမှမဖြစ်လာဘူး” လို့ ဦးမျိုးအောင်က ပြောပါတယ်။

၂၀၁၅ ခုနှစ် ဇူလိုင်လမှာတော့ အမှတ် (၄) ရပ်ကွက်မှာဖွင့်ထားတဲ့ လောင်းကစားဂိမ်းဆိုင်တစ်ဆိုင်ကို ရဲတပ်ဖွဲ့ဝင်တွေ ဝင်ဖမ်းရာမှာ မြဝတီမြို့မရဲစခန်းက ဒုတပ်ကြပ်နယ်ထိန်းတစ်ဦးကို ဆိုင်အတွင်းကနေ သေနတ်သမားတစ်ဦးက လှမ်းပစ်လိုက်လို့ လက်မောင်းဒဏ်ရာရခဲ့တယ်လို့ ‘ဧရာဝတီ’ သတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာ ပါရှိပါတယ်။

လောင်းကစားတိုက်ဖျက်ရေးကို ပြည်သူတွေဘက်က တတ်နိုင်တဲ့နည်းနဲ့လုပ်ကြပေမဲ့ တစ်ဖက်ကလည်း မိမိအသက်အန္တရာယ်ကို စိုးရိမ်တာကြောင့် အချို့က တွန်းတွန်းတိုက်တိုက် မလုပ်ရဲကြဘူးလို့ ဦးမျိုးအောင်က ဆက်ပြောပါတယ်။

လောင်းကစားရဲ့ အကျိုးဆက်ကြောင့် မြို့နေလူထု ကလေး၊ လူငယ်၊ လူကြီးမရွေး အကျင့်စာရိတ္တပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတွေ တစ်နေ့ထက်တစ်နေ့ပိုများလာတဲ့ အနေအထားကို မြို့ခံတွေက စိုးရိမ်တကြီးရှိနေကြပါတယ်။

“အိမ်ထောင်ဦးစီးပေါင်းမြောက်မြားစွာ မြဝတီမြို့မှာ ပျက်စီးနေပြီ။ မိသားစုထဲမှာလည်း အများကြီး အတွင်းမှာ လှိုက်စားနေပြီ။ တချို့တလေဆိုရင် ဖုံးမနိုင်ဖိမရ ကိုယ့်ရဲ့သားတွေ မူးယစ်ဆေးဝါးနဲ့ လောင်းကစားစွဲနေတဲ့ အခါကျတော့ ဘယ်သူ့မှလည်း မပြောရဲဘူး။ ဖုံးဖုံးဖိဖိနဲ့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ … အများကြီး ဖြစ်နေတယ်” လို့ ဦးမျိုးအောင်က ဆိုပါတယ်။

နယ်စပ်မြို့လေးရဲ့ မြို့တွင်းမြို့ပြင် နေရာအနှံ့မှာ လောင်းကစားရုံတွေဟာ လုံခြုံရေး အစောင့်အကြပ်အပြည့်နဲ့ လူတွေတိုးဝှေ့နေဆဲပါ။ ငါးဖမ်းဂိမ်းရုံတွေထဲက အနိုင်ရလိုဇောနဲ့ ဘုသီးခလုတ်ကို သဲကြီးမဲကြီး ထုရိုက်သံကလည်း တဗုန်းဗုန်းနဲ့ ဆူညံနေဆဲဖြစ်ပါတယ်။

“ဒီအနေအထားဖြစ်နေတဲ့အခါမှာ ဘာဆက်လုပ်ကြမှာလဲ။ ပြည်နယ်အစိုးရအနေနဲ့ကော ဘယ်လို အဖတ်ဆယ်မှာလဲ။ ဒေသခံ ပြည်သူအနေနဲ့ မေးခွန်းထုတ်ချင်ပါတယ်” လို့ ရှေ့နေဦးမျိုးအောင်က မချင့်မရဲနဲ့ ပြောပါတယ်။

Related Articles

Back to top button