
မြောက်ဦးမြို့တွင် ၂၀၁၉ မတ်လကဖြစ်ပွားခဲ့သောတိုက်ပွဲအကြောင်း ဧရာဝတီသတင်းဌာန မြန်မာပိုင်းတွင် ဆောင်းပါးဖော်ပြမှုနှင့် ပတ်သက်၍ ၎င်းသတင်းဌာန၏ အကြီးတန်းအယ်ဒီတာ ကိုရဲနည်ကို တပ်မတော်က ယမန်နှစ်က အမှုဖွင့်ထားမှုကို လာမည့် မတ် ၁၃ တွင် ကျောက်တံတားမြို့နယ်တရားရုံး၌ တရားစွဲတင်မည်ဖြစ်သည်။
ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းဌာန၏ မြန်မာပိုင်းတွင် ၂၀၁၉ ဧပြီ ၅ ရက်နေ့က ဖော်ပြခဲ့သော “သတင်းထောက်တဦး၏ မြောက်ဦးမှတ်တမ်း” ဆောင်းပါးပါ ဖော်ပြချက်သည် တစ်ဖက်သတ်ဆန်ဆန် ရေးသားထားသည်ဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးဇော်မင်းထွန်းက ၂၀၁၉ ဧပြီတွင် ကျောက်တံတားမြို့နယ်ရဲစခန်း၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ဦးရဲနည်ကို ရဲစခန်းက အာမခံပေးခဲ့သည်။
ယင်းဆောင်းပါးကို ထိုစဉ်က ဧရာဝတီ အင်္ဂလိပ်ပိုင်း၏သတင်းထောက်ဖြစ်သည့် ကိုမိုးမြင့်က အင်္ဂလိပ်ဘာသာဖြင့် ကနဦးရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး ၎င်းဆောင်းပါးကို မြန်မာဘာသာဖြင့် ထပ်မံဖော်ပြခဲ့သည်။ မြန်မာဘာသာဆောင်းပါးကိုအခြေခံ၍ တရားစွဲခြင်းဖြစ်သည်။
ကိုမိုးမြင့်မှာ လက်ရှိတွင် RFA မြန်မာဌာန၏ ရန်ကုန်ရုံးလက်ထောက်ဌာနမှူးဖြစ်သည်။
အမှုဖွင့်ပြီး ၁၁ လအကြာတွင်မှ ကျောက်တံတားမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်ရန် ရဲတပ်ဖွဲ့က အကြောင်းကြားလာခြင်းဖြစ်ကြောင်း အယ်ဒီတာ ဦးရဲနည်က ဆိုသည်။
“ကျွန်တော်လည်း အံ့ဩနေတာ။ ကျွန်တော်နဲ့ မတိမ်းမယိမ်း တရားစွဲခံထားရတဲ့ ကိုမင်းထင်ကိုကိုကြီးတို့ဆို ပြန်တောင်လွတ်နေပြီ။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဆို သူတို့ ကျတောင်ကျနေပြီ… ကျွန်တော်က ပထမ မစွဲတော့ဘူးတောင် ထင်ထားတာ။ ပြန်ရုပ်သိမ်းသွားပြီလို့ အဲဒီလိုမျိုးတောင် ထင်ထားတာ” ဟု ၎င်းက ဆိုသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ဖြစ်သည့်အတွက် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမှုဖွင့် မဖွင့် ထောက်ခံချက် လျှောက်ထားနေရခြင်းဖြစ်ပြီး ပြန်ကြားစာရရချင်း တရားစွဲတင်ခြင်းဖြစ်သည်ဟု ရဲက အကြောင်းပြကြောင်း ကိုရဲနည်က ဆိုသည်။
အယ်ဒီတာ ကိုရဲနည်ကို တရားစွဲခဲ့သည့် ၂၀၁၉ မတ်နှင့် ဧပြီလတို့တွင် လူ့အခွင့်အရေးမှတ်တမ်းရုပ်ရှင်ရိုက်သူ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ကို တပ်မတော်က တရားစွဲထားချိန်ဖြစ်သည်။
၎င်းတို့အသီးသီးမှာ ထောင်ဒဏ်များ ချမှတ်ခံရပြီး ဦးမင်းထင်ကိုကိုကြီးမှာ ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ထဲတွင် ၁၀ လကျော် နေထိုင်ခဲ့ရကာ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။
တရားစွဲခံရသည့် အဆိုပါဆောင်းပါးတွင် ၂၀၁၉ မတ် ၁၈ က ဧရာဝတီသတင်းထောက်တစ်ဦး မြောက်ဦးသို့ ရောက်စဉ် ကြုံတွေ့ကြားသိရသည့် ပစ်ခတ်မှုအခြေအနေအကြောင်း ရေးသားထားခြင်းဖြစ်သည်။ ၎င်းကြုံတွေ့ ကြားသိရသည့် အချက်အလက်များအရ ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်များမှာ မြေပြင်အခြေအနေနှင့် ကွဲလွဲကြောင်း ယင်းဆောင်းပါးတွင် ဖော်ပြထားသည်။
‘၇ နာရီ ၂၀ မိနစ်ခန့် ရောက်သောအခါ ဒေသခံများထံမှ ကြောက်မက်ဖွယ်ရာ သတင်းစကားတစ်ခု စာရေးသူထံ ရောက်လာခဲ့သည်။ မြန်မာ့တပ်မတော်ယာဉ်တန်းတစ်ခုသည် မြို့အတွင်း ဝင်ရောက်လာကတည်းက စတင်ပစ်ခတ်နေသည်ဟူသော သတင်းပင်ဖြစ်သည်။ မိနစ်အနည်းငယ်ကြာသောအခါတွင် ကျယ်လောင်လှသော သေနတ်သံ၊ အမြောက်သံများကို ကြားရသည်’ ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။
ထိုဆောင်းပါးတွင် တပ်မတော်ဘက်မှ ပြောကြားချက်ကို ထည့်သွင်းဖော်ပြခြင်း မရှိကြောင်း တပ်မတော်က စွပ်စွဲထားပြီး ယင်းအပေါ် ကိုရဲနည်က သတင်းထောက်ကိုယ်တိုင် တွေ့မြင်ကြားသိရချက်ကို ရေးသားခြင်းဖြစ်၍ တပ်ဘက်မှ အသံကို မဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းအား စတင်အမှုဖွင့်ချိန်က ဆိုထားသည်။