သတင်း

ဗစ်တိုးရီးယားမိသားစုပါ ၆ ဦးကို ကျောင်းကြီးကြပ်ရေးမှူးကဖွင့်သည့်အမှု ရဲပိတ်သိမ်း

နေပြည်တော်မှ နာမည်ကျော် သက်ငယ်မုဒိမ်းမှုတွင် မိန်းကလေး၏ဖခင်နှင့် ရှေ့နေများအပါအဝင် ဦးကို ကလေးငယ်တက်ခဲ့သည့် မူကြိုကျောင်း၏ ကြီးကြပ်ရေးမှူးက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေဖြင့် ဖွင့်ထားသည့်အမှုကို ရဲတပ်ဖွဲ့က ပိတ်သိမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် မူလကစွပ်စွဲခံခဲ့ရပြီး ပြန်လွတ်လာခဲ့သူ ကိုအောင်ကြီး၏ ရှေ့နေ ဒေါ်စုဒါလီအောင်ကို ထိုကြီးကြပ်ရေးမှူးကပင် စွဲထားသည့်နောက်တစ်မှုတွင် အမှုကို မချေဖျက်ပေးနိုင်ဟု အထက်တိုင်းတရားလွှတ်တော်က ပယ်ချလိုက်သည်။

ဗစ်တိုးရီးယားဟုအမည်ဝှက်ပေးထားသည့် မိန်းကလေးငယ်၏ ဖခင်၊ ဦးလေး၊ အဒေါ်တို့အပြင် ရှေ့နေဒေါ်ရွက်နုအောင်၊ ကိုအောင်ကြီး၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်နှင့် သက္ကမိုးညို() ဒေါက်တာဝင်းကိုကိုသိန်းတို့ ဦးကို Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ၂၀၁၉ စက်တင်ဘာ ၂၆ က ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းအပေါ် ရဲတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း အမှုပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။

“ဘယ်နေ့ကပိတ်တာလဲဆိုတာတော့ အတိအကျမမှတ်မိဘူး၊ ရက်ပိုင်းအတွင်းကပါပဲ။ မြို့နယ်ဥပဒေရုံးက တရားစွဲဆိုဖို့မသင့်ဘူးလို့ မှတ်ချက်ပြန်လာလို့ပါ။ တရားလိုဘက်က တစ်ခုခု ဆက်လက်ဆောင်ရွက်မယ်ဆိုရင်တောင် အခုမရသေးဘူး” ဟု စခန်းမှူး ဒုရဲအုပ် ဇော်လင်းထက်ကပြောသည်။

၎င်းတို့ကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁-က (၂) (စွပ်စွဲခံရသော သို့မဟုတ် မှုခင်းတွင် သက်သေအဖြစ် ပါဝင်သော ကလေးသူငယ်ကို မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်မှု)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ရဲက အမှုပိတ်သိမ်းခြင်းနှင့်ပတ်သက်၍ တရားလိုဒေါ်ဥမ္မာလှိုင်ထံမေးမြန်းရန် Myanmar Now ကကြိုးပမ်းနေသော်လည်း ဆက်သွယ်၍မရသေးပေ။

အမှုဖွင့်ခံရသူတစ်ဦးဖြစ်သည့် ဗစ်တိုးရီးယား၏ ဖခင်ကမူ အမှုပိတ်လိုက်သဖြင့် “အလုပ်ရှုပ် သက်သာသွား” သည်ဟု ပြောသည်။

“အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ဖို့ သမ္မတကြီးက ညွှန်ကြားထားတဲ့အပေါ် ဘာတွေဆက် ဖြစ်လာမလဲ ပိုအာရုံစိုက်လို့ရတာပေါ့” ဟု Myanmar Now ကိုမှတ်ချက်ပြုသည်။

ကျူးလွန်ခံရစဉ်က အသက် နှစ်နှစ်မပြည့်သေးသည့် ဗစ်တိုးရီးယားသည် မုဒိမ်းပြုကျင့်ခံရသည်ဟု ၂၀၁၉ မေတွင် ပေါ်ပေါက်ပြီးနောက် ၎င်း၏ဖခင်က ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးဖြစ်သော ကိုကိုနှင့် ညီညီတို့အပါအဝင် လူအချို့၏ဓာတ်ပုံများကို ကလေးအား ပြသမေးမြန်းထားသည့် ဗီဒီယိုဖိုင် ခုပါ လက်ကိုင်ဖုန်းကို ဒက္ခိဏခရိုင်တရားရုံးသို့ တင်သွင်းခဲ့သည်။

ယင်းလက်ကိုင်ဖုန်းကို လေးကြိမ်မြောက် တရားခွင်ဖြစ်သော ဩဂုတ်လ ၁၄ ရက်နေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့ပြီး အဆိုပါ ရုပ်သံဖိုင် ခုနှင့် ပတ်သက်၍ မီဒီယာများကို ပြောဆိုခဲ့သည့် အချက်များနှင့် ဆက်စပ်ကာ ဗစ်တိုးရီးယား အဖေနှင့် ရှေ့နေများအပါအဝင် ဦးကို အရေးယူပေးရန် ဒေါ်ဥမ္မာလှိုင်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့မီဒီယာများကို ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ ၎င်းတို့ ၆ ဦးအပြင် ကိုအောင်ကြီး၏ ရှေ့နေဒေါ်စုဒါလီအောင်ကိုလည်း ဩဂုတ်လအတွင်းကပင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။

ဒေါ်စုဒါလီအောင်အား တရားစွဲထားမှုကို ပုဗ္ဗသီရိမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ်အထိ အများဆုံးချမှတ်နိုင်သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁-က (၂) ဖြင့် လက်ခံစစ်ဆေးနေသည်။

ထို့ကြောင့် ဒေါ်စုဒါလီအောင်က တရားစွဲဆိုရန်မသင့်သည့်ကိစ္စဟုဆိုကာ အမှုတွဲကိုချေဖျက်ပေးရန် ဇန်နဝါရီ၌ လျှောက်ထားခဲ့ရာတွင် အထက်ရုံးဖြစ်သည့် မန္တလေးတိုင်းတရားလွှတ်တော်က ယနေ့(မတ် ၆)တွင် ပလပ်လိုက်သည်။

ယင်းကြောင့် Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဖွင့်လှစ်ထားသည့် အဆိုပါ အမှုနှစ်ခုအနက် တစ်ခုကို ရဲတပ်ဖွဲ့က ပိတ်သိမ်းလိုက်သော်လည်း ချေဖျက်ခွင့်လျှောက် ထားသည့် အခြားတစ်မှုကိုမူ မန္တလေးတိုင်းတရားလွှတ်တော်က ပယ်ချလိုက်သဖြင့် ဒေါ်စုဒါလီအောင်မှာ ဆက်လက် တရားရင်ဆိုင်ရဦးမည်ဖြစ်သည်။

“အမိန့်ကို မိတ္တူအမြန်ရအောင်ကူးနေတယ်။ အဲဒါရပြီးမှပဲ အထက်ရုံး(ပြည်ထောင်စုတရား လွှတ်တော်) ဆက်တက်မတက် စဉ်းစားလို့ရမှာပါ” ဟု ဒေါ်စုဒါလီအောင်က Myanmar Now ကိုပြောသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် သံသယတရားခံ ကိုအောင်ကြီးကို ၂၀၁၉ ဒီဇင်ဘာတွင် ဒက္ခိဏခရိုင်တရားရုံးက အပြစ်ရှိကြောင်းမပေါ်ပေါက်၍ ပြန်လွှတ်ထားပြီးဖြစ်သည်။ ရဲတပ်ဖွဲ့က ခရိုင်တရားရုံးဆုံးဖြတ်ချက်အပေါ် ပြင်ဆင်ချက်ပေးရန် မန္တလေးတိုင်း ဥပဒေချုပ်ရုံးသို့ ဖော်ဖော်ဝါရီတွင် လျှောက်ထားခဲ့သော်လည်း ပလပ်ခံရပြီးလည်းဖြစ်သည်။

ယင်းနောက်တွင် ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေး ရဲတပ်ဖွဲ့က မည်သို့ဆက်လက်ဆောင်ရွက်နေသည်ကို မသိရသေးပေ။

ထိုသို့သောအခြေအနေတွင် ၂၀၁၉ ဒီဇင်ဘာအတွင်း ရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဗစ်တိုးရီးယားနှင့်မိသားစုဝင်များ၏ အမည်များထုတ်ဖော်ပြောဆိုခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လူမှုကွန်ရက်၌ ထုတ်ပြန်ခြင်းတို့ကြောင့် ရဲတပ်ဖွဲ့အရာရှိအချို့ကို ဥပဒေကြောင်းအရ တရားစွဲရန် စီစဉ်သူများရှိနေ ပြီး ဗစ်တိုးရီးယား၏ဖခင်ကလည်း ယခုနှစ်ဆန်းပိုင်းတွင် ကိုယ်စားလှယ်လွှဲစာ ပေးအပ်ထားပြီးဖြစ်သည်။

နိုင်ငံတော်သမ္မတကလည်း ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ရန်၊ တာဝန်ကိုကျေပွန်စွာ မဆောင်ရွက်နိုင်သူများ၊ ဥပဒေနှင့်မညီသည်များကို အရေးယူရန် ဖေဖော်ဝါရီလကုန်ပိုင်း၌ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားသည်။

Show More

Related Articles

Back to top button