အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သတင်းထောက်များကို ‘ထိန်းသိမ်း’ ခဲ့သူကို စစ်ဆေးအရေးယူမည်ဟု ကရင်နယ်ခြားစောင့်တပ်ပြော

မြဝတီ၌ ထိန်းသိမ်းခံခဲ့ရသည့် ရန်ကုန်အခြေစိုက် Frontier Myanmar သတင်းဌာန သတင်းထောက်နှင့် မြန်မာတိုင်းမ် ဓာတ်ပုံသတင်းထောက်တို့ကို ပြန်လွှတ်ပေးပြီး ကရင်ပြည်နယ် ဘားအံမြို့သို့ ပို့ဆောင်ပေးရန် ညွှန်ကြားလိုက်ပြီဟု ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက Myanmar Now ကို ပြောသည်။

မြဝတီသို့ သတင်းယူရန် ရောက်ရှိနေသည့် မနော်ဘတ်တီဟန်သည် မတ် ၄ နေ့လယ်ပိုင်းကတည်းက သတင်းဌာနနှင့် အဆက်အသွယ် ပြတ်သွားခဲ့ပြီး ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က နယ်စပ်ဂိတ် အမှတ်(၁) အနီးတွင် ၎င်းကို ထိန်းသိမ်းခဲ့သည်ဟု သတင်းထောက်ထံမှ နောက်ဆုံးရရှိခဲ့သည့် ဖုန်းမတ်ဆေ့ချ်အရ သိရသည်ဟု Frontier Myanmar က ယနေ့ထုတ်ပြန်ခဲ့သည်။

မြန်မာတိုင်းမ် သတင်းဌာန၏ ဓာတ်ပုံသတင်းထောက် မားနော်နှင့် ယနေ့ (ကြာသပတေးနေ့) ညနေ ၆ နာရီခန့်တွင် Myanmar Now က ဖုန်းအဆက်အသွယ် ရရှိခဲ့ရာ ၎င်းမှာ မြဝတီ၌ပင် ရှိသေးသည်ဟု ပြောသည်။ တစ်ညလုံး ထိန်းသိမ်းခံခဲ့ရပြီး မအိပ်ခဲ့ရသည့်အပြင် ဘားအံသို့ ပို့ဆောင်ပေးမည် ဟုတ်၊ မဟုတ်ကိုမူ သေချာမသိရဟု ပြောသည်။

အမှတ် (၁) နယ်စပ်ဂိတ်အနီးတွင် သတင်းထောက် မနော်ဘတ်တီဟန် ဓာတ်ပုံရိုက်နေသည်ကို BGF တပ်ဖွဲ့ဝင်များက ခေါ်ယူမေးမြန်းခဲ့ပြီးနောက် ၎င်း၏ သတင်းထောက်မှတ်စုအတွင်း ကာစီနိုနှင့် အခြားအကြောင်းအရာများ ရေးသားထားသည်ကို တွေ့သည့်အတွက် ထိန်းသိမ်းထားခဲ့ခြင်းဟု သိရကြောင်း ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့၏ တပ်နယ် (၄) မှ “ဗိုလ်မုတ်သုံ” ဆိုသူ၏ လက်အောက်တပ်သားအချို့က သတင်းထောက်နှစ်ဦးကို မြဝတီ၌ တစ်ညတာ “ထိန်းသိမ်း” ခဲ့ခြင်းဖြစ်ပြီး အထက်၏ ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနှင့်ကိုယ် ဆောင်ရွက်ခဲ့သည့်အတွက် စစ်ဆေးအရေးယူသွားမည်ဟုလည်း ဗိုလ်မှူးကြီးစောချစ်သူက Myanmar Now ကို ပြောသည်။

“ညွှန်ကြားချက် မပါဘဲနဲ့ သူ့သဘောနဲ့သူ လုပ်ရင်တော့ ဒါအပြစ်ရှိပြီလေ” ဟု ၎င်းက ပြောသည်။

အပြစ်ထင်ရှားပါက ထိန်းသိမ်းခဲ့သူများကို အများဆုံး ထောင်ဒဏ် ရက် ၃၀ အထိ ချမှတ်အရေးယူနိုင်သည်ဟုလည်း ဗိုလ်မှူးကြီးစောချစ်သူက ဖြည့်စွက်ပြောသည်။

သတင်းထောက် မနော်ဘတ်တီဟန်သည် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့၏ နယ်မြေအတွင်း မြေရောင်းဝယ်မှုများနှင့် အခြားစီးပွားရေးအကျိုးစီးပွားများအကြောင်းကို ဖော်ထုတ်ရေးသားထားခဲ့သည်။

Related Articles

Back to top button