သတင်း

ကလေးကို ကျောက်စည်ပိုင်းထဲ ရေနှစ်ခဲ့သည့် အဒေါ်နှင့် အဘွားကို ထောင် ၅ နှစ်စီချ

အသက် ၂ နှစ်ခန့်ရှိ ကလေးကို ကျောက်စည်ပိုင်းထဲထည့်ကာ ရေနှစ်နှိပ်စက်ခဲ့သည့် အဘွားနှင့်အဒေါ်ဖြစ်သူ ဒေါ်မြင့်ချိုနှင့် မအေးမြတ်လွင်တို့သားအမိကို အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်စီ ကျခံစေရန် မြောက်ဥက္ကလာမြို့နယ်တရားရုံးက ဖေဖော်ဝါရီလ ၂၈ ရက် (ယနေ့) တွင် အမိန့်ချလိုက်သည်။

မြောက်ဥက္ကလာမြို့နယ် () ရပ်ကွက်၊ တုသိတာလမ်း၊ ကန်ပေါင်ဘေး ကျူးကျော်နေရာတွင် နေထိုင်သည့် အသက် ၅၀ အရွယ် ဒေါ်မြင့်ချိုနှင့် ၂၃ နှစ်အရွယ် မအေးမြတ်လွင်တို့ သားအမိက ယမန်နှစ် ဧပြီလ ၂၀ ရက်နေ့တွင် ကလေးငယ်ကို ရေစည်ထဲ နှစ်နေသည့် မှတ်တမ်းရုပ်သံဖိုင် လူမှုကွန်ရက် facebook တွင် ပျံ့နှံ့သွားခဲ့သည်။

အဆိုပါအိမ်တွင် ငှားရမ်းနေထိုင်သည့် မနိုင်နိုင်မော်က ယင်းရုပ်သံဖိုင်ကို ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၂၀ ရက်ညတွင်ပင် ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သားအမိကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ အမြင့်ဆုံးချမှတ်နိုင်သော ပုဒ်မ ၃၀၇ (လူသတ်မှုကို ကျူးလွန်ရန် အားထုတ်ခြင်း) ဖြင့် မြောက်ဥက္ကလာမြို့နယ် ရဲစခန်းက ဧပြီ ၂၇ ရက်တွင် တရားစွဲလိုက်ပြီး အာမခံမရ၍ အချုပ်ဖြင့် အင်းစိန်ထောင်မှ တရားရင်ဆိုင်နေရကာ တစ်နှစ်နီးပါးအကြာ ယနေ့တွင် တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။

ကလေးမှာ ဝမ်းသွားပြီး မစင်နှင့် ဆော့ကစား၍ ပေပွကာ စောင်များကို လုံးထွေးနေကြောင်း၊ ကလေးကို ကျောက်စည်ပိုင်းထဲထည့်၍ ရေဆေးရာတွင် ကလေးကို လက်ဖြင့် ကိုင်ထား၍ ရေနစ်မည်မဟုတ်ကြောင်း ဒေါ်မြင့်ချိုနှင့် မအေးမြတ်လွင်တို့က တရားရုံးတွင် ထွက်ဆိုထားသည်။

ယင်းအပေါ် တရားသူကြီးက မနိုင်နိုင်မော်၏ သက်သေများသည် ထင်ရှားခြင်း၊ တရားခံများငြင်းဆိုသော ကလေးမစင်ပေကျံသဖြင့် ကျောက်စည်ထဲထည့်၍ ရေဆေးသည်ဆိုခြင်းမှာ ယုံကြည်နိုင်ဖွယ်မရှိဟု ယနေ့တရားခွင်တွင် သုံးသပ်ပြောဆိုသည်။

သို့သော် နှိပ်စက်ခံရသူ ကလေးနှင့် တရားခံများမှာ ဆွေမျိုးတော်စပ်နေခြင်း၊ တရားခံများမှာ ကလေးကို ကျွေးမွေးထိန်းသိမ်း စောင့်ရှောက်ခဲ့ကြောင်းပေါ်လွင်ခြင်း၊ ပြစ်မှုကျူးလွန်ဖူးကြောင်း ရာဇဝင်မရှိခြင်း၊ တရားခွင်တွင် ၎င်းတို့၏ အပြုအမူများမှာ အများသူငါ ယိုးစွပ် ပြောဆိုရလောက်အောင် ကြမ်းတမ်းမှု မရှိခြင်းတို့ကြောင့် ထောင်ဒဏ် နှစ်သာ ကျခံရန် အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း တရားသူကြီးက ဆိုသည်။

ချုပ်ရက် ၁၀ လကျော်ကို ထုတ်နုတ်သဖြင့် ဒေါ်မြင့်ချိုနှင့် မအေးမြတ်လွင်တို့သည် ထောင်ထဲတွင် နှစ်ကျော် နေထိုင်ရမည် ဖြစ်သည်။

ထိုကလေးသည် ဒေါ်မြင့်ချို၏ သားမှမွေးသော မြေးဖြစ်ပြီး လင်မယားချင်း ကွဲသဖြင့် ဒေါ်မြင့်ချိုက မြေးကို စောင့်ရှောက်ထားခြင်းဖြစ်ကာ ကလေး၏ဖခင်မှာ ဒေါ်မြင့်ချိုတို့အိမ်တွင် နေထိုင်ခြင်း မရှိပေ။

ကလေးငယ်ကို လူမှုဝန်ထမ်းဦးစီးဌာနက ယခုအထိ ထိန်းသိမ်းစောင့်ရှောက်ထားသည်။

 

Show More

Related Articles

Back to top button