သတင်း

‘ပုဂ္ဂလဓိဋ္ဌာန်စွပ်စွဲပုတ်ခတ်’သည့် ပြည်ခိုင်ဖြိုးအမတ်ဆွေးနွေးချက် မှတ်တမ်းမှဖျက်

အိမ်ထောင်ဖက် ရွေးချယ်မှုအရ နိုင်ငံ့အကြီးအကဲမဖြစ်၍ အခြေခံဥပဒေပုဒ်မ ၅၉(စ)ကို လက်ညှိုးထိုးသည်ဟု ထည့်သွင်းဆွေးနွေးခဲ့သည့် မက်မန်းမြို့နယ်အမတ်၏ ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက က ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်) အစည်းအဝေးစတင်ချိန်တွင် လွှတ်တော်သို့ အသိပေးလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်က လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးကဆွေးနွေးရာတွင် ပြည်ခိုင်ဖြိုးအမတ် ဦးတင်အေး၏ဆွေးနွေးချက်ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံ့အကြီးအကဲမဖြစ်တာနဲ့ ဒီပုဒ်မကြောင့်ဆိုပြီး စိတ်ခံစားမှုကို ရှေ့တန်းတင်၊ ရမယ်ရှာ၊ လက်ညှိုးထိုး ဝေဖန်ပြောဆိုနေသံတွေ ကြားရတော့ အင်မတန်မှ စိတ်မကောင်းဖြစ်မိပါတယ်

ဟု ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ဆုံးရှုံးခဲ့သည့် သမ္မတအရည်အချင်းသတ်မှတ်ချက်ဖြစ်သော အခြေခံဥပဒေပုဒ်မ ၅၉(စ)အား ရည်ညွှန်းကာ ယမန်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၅၉ (စ) တွင် နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများသည် နိုင်ငံခြားသား အိမ်ထောင်ဖက်၊ သားသမီး၊ သမက် သို့မဟုတ် ချွေးမ မရှိရဟု ပြဋ္ဌာန်းထားသည်။

ဦးတင်အေး၏ ဆွေးနွေးချက်သည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ (င)၊ (ဌ)တို့နဲ့ မညီညွတ်ကြောင်း စိစစ်တွေ့ရှိသည့်အတွက်လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ပြီးဖြစ်ကြောင်းဦးတီခွန်မြတ်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ (င)တွင် “လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးအား ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် စွပ်စွဲပုတ်ခတ်ပြောဆိုခြင်း သို့မဟုတ် နိုင်ငံရေးပါတီတစ်ခုခုအား ထိပါးပုတ်ခတ် ပြောဆိုခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။

နည်းဥပဒေခွဲ (ဌ) တွင်လည်းမိမိကိုယ်ကို အမွှမ်းတင်ခြင်းအားဖြင့်လည်းကောင်း၊ အခြားပုဂ္ဂိုလ်များအား သိက္ခာချခြင်းဖြင့်လည်းကောင်း၊ မသမာသော နည်းများဖြင့်လည်းကောင်း၊ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးပိုင်ခွင့်ကို အလွဲသုံးစား မပြုရဟူ၍ ပါရှိသည်။

ဦးတင်အေး၏ ဆွေးနွေးမှုကို NLD အမတ် ဦးအောင်ကြည်ညွန့်က ကန့်ကွက်ခဲ့ပြီး လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန်နှင့် ထိုကဲ့သို့ ဆွေးနွေးချက်မျိုး ထပ်မံမရှိရေး ထိန်းချုပ်ပေးရန် လွှတ်တော်နာယကကို ချက်ချင်းတောင်းဆိုခဲ့သည်။

ထိုဆွေးနွေးချက်များကိုလုံးကောက်ပြန်စစ်ပြီးနောက် ဦးတီခွန်မြတ်က လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ရန် ဆုံးဖြတ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၇)တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းများအပေါ် ဆွေးနွေးနေကြသည်မှာ ယနေ့ဆိုလျှင့် သုံးရက်မြောက် ရှိလာပြီဖြစ်ပြီး ဦးတင်အေးအပါအဝင် ကြံ့ခိုင်ရေးအမတ် သုံးဦး၏ ဆွေးနွေးချက်အချို့ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ရန် နာယကက ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်က ကြံ့ခိုင်ရေးအမတ်နှစ်ဦးဖြစ်သည့် ဦးမောင်မြင့်နှင့် ဦးစိုင်းသန်းနိုင်တို့၏ ဆွေးနွေးချက်အချို့ကိုလည်း လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း ဦးတီခွန်မြတ်က (ဖေဖော်ဝါရီ ၂၆ ရက်) လွှတ်တော်အစည်းအဝေးတွင် ကြေညာခဲ့သေးသည်။

ယနေ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ် ၂၉ ဦးက အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးကြမည် ဖြစ်သည်။ ပထမဆုံးနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးကဆွေးနွေးခဲ့သည်။

မတ်လ ၅ ရက်နေ့အထိ ဆွေးနွေးကြမည့် အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းအတွက် လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦးက ဆွေးနွေးရန် စာရင်းပေးထားသည်။

Show More

Related Articles

Back to top button