အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဟားခါးသို့လာသည့် စစ်ယာဉ်တန်း အပြင်းအထန် တိုက်ခိုက်ခံရ

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း-ဟားခါး လမ်းအတိုင်း တက်လာသည့် စစ်ယာဉ်တန်းကို ဒေသအခြေစိုက် ကာကွယ်ရေးတပ်များက လမ်းတစ်လျှောက် တိုက်ခိုက်နေရာ ယာဉ်အားလုံးနီးပါး ထိခိုက် ပျက်စီးနေပြီး ယနေ့ (ဧပြီ ၁၃ သင်္ကြန်အကြိုနေ့) တွင် စစ်ကောင်စီလေတပ်က ၄ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မတ်လ ၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း ကလေးမြို့မှ ထွက်လာသည့် ထိုစစ်ကြောင်းတွင် သံချပ်ကာယာဉ် ၂ စီး အပါအဝင် မော်တော်ယာဉ် အစီး ၃၀ ကျော် ပါဝင်သည်။  

ဟားခါးမြို့နှင့် ၁၀ မိုင်ခန့်အကွာ ချွန်ကျုံးရွာအနီး ရောက်နေသော ထိုစစ်ယာဉ်တန်းကို ယနေ့ တိုက်ခိုက်ရာ သံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည်၊ ယာဉ်တန်းမှ ကားအများစုမှာ ပျက်စီးနေကြသည်ဟု ချင်းအမျိုးသားတပ်မတော် (CNA)  ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယနေ့ နေ့လယ်တွင် Myanmar Now ကို ပြောသည်။ 

“တင့်ကား ၂ စီး ပါတယ်။ တစ်စီးကတော့ ပျက်သွားတယ်။ ချွန်ကျုံးက မထွက်နိုင်တော့ဘူးဆိုတာတော့ Confirm လုပ်လို့ (အတည်ပြုလို့) ရတယ်။ ဟားခါးက စစ်ကူသွားကြတာကို ချိတ်ဆက်လို့မရအောင် ဖြတ်ပြီးတော့ တိုက်ပွဲက ဖြစ်နေတာဖြစ်တယ်။ အဲ့ဒီယာဉ်တွေက တစ်စီးမှတော့ (အကောင်းအတိုင်း) မကျန်တော့ဘူး။ အားလုံး သိမ်းတာတွေ၊ ဖျက်ဆီးတာတွေ၊ အားလုံးက မကောင်းတော့ဘူး” ဟု သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုယာဉ်တန်းတွင် အရပ်သားများ၏ ၆ ဘီးကား၊ ၁၂ ဘီးကားများကို စစ်တပ်က ယူဆောင် အသုံးပြုနေခြင်းဖြစ်ပြီး စားနပ်ရိက္ခာနှင့် လက်နက်များ တင်ဆောင်လာခြင်းဖြစ်နိုင်ကြောင်း ၎င်း က ယူဆသည်။ 

“မသိမ်းဆည်းဘူး။ ဖျက်ပဲ ဖျက်ဆီးလိုက်တယ်။ အထဲမှာ ဘာတွေရှိလဲဆိုတာကတော့ ကျွန်တော်တို့ အသေအချာ ပြောလို့မရပေမဲ့ အဓိကကတော့ ကျည်ဆန်နဲ့၊ ဗုံးတွေနဲ့၊ စစ်သုံးယူနီဖောင်းတွေလို့ အကြမ်းဖျင်း ပြောလို့ရပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ 

ထို့နောက် နံနက် ၁၁ နာရီခွဲ ဝန်းကျင်တွင် ချွန်ကျုံးရွာအနီးကို လေကြောင်းမှ ၄ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သူက ဆိုသည်။ 

လေတပ်တိုက်ခိုက်မှု နောက်ဆက်တွဲ မြေပြင်အခြေအနေကို မသိရသေးပေ။

ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက စစ်ယာဉ်တန်းကို တိုက်ခိုက်ရာတွင် သာမန်မိုင်းများ၊ အတန်းလိုက် တစ်ပြိုင်နက် ပေါက်ကွဲစေသည့် ပဒေသာမိုင်းများ အသုံးပြုသလို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်သည့် နည်းလမ်းကိုလည်း အသုံးပြုနေသည်ဟု သိရသည်။ 

စစ်ကောင်စီလက်နက်ကိုင်တို့က ယာဉ်တန်း ဝဲယာ၊ ရှေ့နောက် လုံခြုံရေးယူထားသော်လည်း နယ်မြေကျွမ်းကျင်သည့် ချင်းကာကွယ်ရေးအဖွဲ့များက မကြာခဏ ချုံခို တိုက်ခိုက်နေသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းရာ ချင်းပြည်နယ်ရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များထံ စားနပ်ရိက္ခာနှင့် ခဲယမ်းများ ဖြည့်တင်းရန် တက်လာသည့် ယာဉ်တန်းများကို ကာကွယ်ရေးအဖွဲ့များက မကြာခဏ တိုက်ခိုက်ခဲ့ရာ ယခုတစ်ကြိမ်တိုက်ခိုက်မှုမှာ အပြင်းထန်ဆုံးပျက်စီးခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ဆိုသည်။

မိုင် ၄၀ ကျော် အကွာအဝေးရှိသော ကလေးမြို့မှ ဖလမ်းမြို့ခရီးသည် ကားဖြင့် သွားပါက ပျမ်းမျှအားဖြင့် တစ်နာရီခွဲဝန်းကျင်သာ ကြာမြင့်သော်လည်း လမ်းတစ်လျှောက် တိုက်ခိုက်မှုများကြောင့် အဆိုပါယာဉ်တန်းသည် ၁၂ ရက် အချိန်ယူ သွားလာနေရသည်။

ထို့နောက် ဖလမ်းမှတစ်ဆင့် မိုင် ၆၀ ကျော် ဝေးသည့် ဟားခါးမြို့သို့ သွားရာတွင်လည်း ရက်သတ္တပတ် ၃ ပတ် နီးပါး ကြာမြင့်နေပြီး လမ်းတစ်လျှောက် တိုက်ပွဲများ ပြင်းထန်နေသည်။ 

စစ်ယာဉ်တန်း ရောက်နေသည့် ချွန်ကျုံးရွာမှာ ဟားခါးမြို့သို့ ရောက်ရန် ၁၀ မိုင်ခန့်သာ ကွာဝေးတော့သည်။

စစ်ကောင်စီတပ်က လက်နက်အင်အား သာလွန်သော်လည်း အထိနာနေရခြင်းမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့များတွင် နယ်မြေကျွမ်းကျင်ခြင်း၊ အာဏာသိမ်းတပ်ကို တိုက်ခိုက်လိုစိတ် ပြင်းထန်ခြင်း၊ ပြောက်ကျားတိုက်ခိုက်သည့် နည်းလမ်းကို အသုံးပြုခြင်း စသည့် အားသာချက်များ ရှိခြင်းကြောင့် ဖြစ်သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရနှင့် PDF တို့ကို ကူညီထောက်ပံ့နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပြတ်ပြတ်သားသား အရေးယူမည်ဖြစ်ကြောင်း မတ် ၂၇ ရက်နေ့တွင် စစ်ခေါင်းဆောင်က ပြောကြားပြီးနောက် ရက်ပိုင်းအတွင်း တိုက်ပွဲမရှိဘဲ ခွာဖိုးရွာကို လေကြောင်းမှ ပစ်ခတ်ရာ ၁၀ နှစ်အောက် ကလေးများအပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့သည်။ 

ဧပြီ ၁၀ ရက်နေ့ကလည်း ဝေဘူလမြို့ စာသင်ကျောင်းအနီး လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် CDM ကျောင်းအုပ်ကြီးအပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့သည်။ 

စစ်ကောင်စီလက်နက်ကိုင်တို့က ခုခံသူများ ဖြတ်သန်းသွားလာဖွယ်ရှိသည့် ကျေးရွာအများအပြားကိုလည်း မီးရှို့ဖျက်ဆီးလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles