
ချင်းပြည်နယ်၊ မြို့တော်ဟားခါးတွင် စစ်ကောင်စီခန့် ဝန်ကြီးများလိုက်ပါလာသည့် ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် မြို့ပေါ်ရပ်ကွက်တစ်ခုရှိ ဈေးဆိုင်များ ပိတ်ထားရန်၊ ဘုရားကျောင်းတွင်လည်း လူ ၅ ဦးထက် ပိုမိုစုဝေးခြင်း မပြုရန် စစ်ကောင်စီက ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဝန်ကြီးအိမ်ရာမှ မြို့ထဲသို့ သွားသည့် ယာဉ်တန်းကို ချင်းဒေသတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် CDF (Hakha) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၁၀ ရက်အကြာတွင် စစ်ကောင်စီ၏ ကန့်သတ်မိန့် ပေါ်လာခြင်းဖြစ်သည်ဟု CDF ဟားခါး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ဒီနေ့မှ စပြီးပိတ်ခိုင်းတာ။ အရင်နေ့က ဆိုင်တွေက ပုံမှန်ဖွင့်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့ကို ပစ်ထားလို့ ဒီလိုမျိုးလုပ်ရခြင်းဖြစ်တယ်လို့ (စစ်တပ်ဘက်က) ပြောထားပါတယ်” ဟု သူက ပြောသည်။
ယခုကန့်သတ်ချက်မှာ မြို့သစ်ရပ်ကွက်တစ်ခုတည်းသာဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
မြို့သစ်ရပ်ကွက်သည် မြို့တော်ဟားခါးမှ ထန်တလန်၊ ဖလမ်းဘက်သွားရာ လမ်းဆုံလည်း ရှိသဖြင့် ဈေးဆိုင်များလည်း ပေါများပြီး စည်ကားရာရပ်ကွက်တစ်ခုဖြစ်ကာ ဘုရားကျောင်း ၁၀ ကျောင်းခန့်လည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဘုရားကျောင်းများတွင် ၅ ဦးထက်ပိုပြီး စုဝေးခွင့်မပြုခြင်းသည် လွတ်လပ်စွာကိုးကွယ်ခွင့်အပေါ် ဖိနှိပ်တင်းကျပ်မှုဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) မှ အစီအစဉ်မန်နေဂျာ ဦးတီရာ (Terah) က မှတ်ချက်ပြုသည်။
“အဲ့ဒီ ပစ်ခတ်မှုက ဘာသာရေးအဆောက်အအုံနဲ့ မဆိုင်ဘူး။ အဲ့ဒါ သူတို့တမင်သက်သက် ခုတုံးလုပ်ပြီး၊ အကြောင်းပြပြီး ဘာသာရေးကို နှိပ်ကွပ်ချင်တဲ့ တင်းကျပ်ချင်တဲ့သဘောဖြစ်တယ်။ ဈေးဆိုင်တွေက ပစ်တယ်ဆိုတာလည်း ကျွန်တော်တို့ ကြားသလောက်တော့ မဟုတ်ဘူး။ ဈေးဆိုင်တွေ ပိတ်တာကလည်း တမင်သက်သက်အနိုင်ကျင့်တာ၊ ပြည်သူကို တင်းကျပ်အောင်လုပ်တာလို့ ယူဆတယ်” ဟု သူက ပြောသည်။

၂၀၁၄ ခုနှစ်တွင် ကောက်ယူထုတ်ပြန်ခဲ့သည့် သန်းခေါင်စာရင်းပါ အချက်အလက်များအရ ချင်းပြည်နယ်တွင် နေထိုင်သည့် လူဦးရေ စုစုပေါင်း ၄၈၀,၀၀၀ ကျော်အနက် ၈၅ ရာခိုင်နှုန်းကျော်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။
ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၀ ဇန်နဝါရီလ အချက်အလက်များအရ ဟားခါးမြို့နယ် လူဦးရေ ၅၁,၄၃၇ ဦးအနက် ၅၀၃၅၃ ဦးမှာ ခရစ်ယာန်ကိုးကွယ်ကြသည်။
ဘုရားကျောင်းများတွင်ပါ စုဝေးခွင့်တင်းကျပ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီကို တင်ပြသွားမည်ဟု ချင်းပြည်နယ်မှ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးက ပြောသည်။
ယနေ့ (ဧပြီ ၂၂) ရက်နေ့က အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာသည့် ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် စာအရ ဧပြီ ၁၂ ရက်နေ့ နံနက်ပိုင်း အရေးကြီးပုဂ္ဂိုလ်များလိုက်ပါလာသည့် ယာဉ်တန်း မြို့သစ်ရပ်ကွက်တွင် တိုက်ခိုက်ခံရပြီးနောက် လူကြီးတချို့အပါအဝင် ထိခိုက်ဒဏ်ရာရရှိမှုများရှိသည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီက ထိုဖြစ်ရပ်အကြောင်း သတင်းအမှောင်ချထားသည်။

ထိုတိုက်ခိုက်မှုအတွင်း စီးပွားရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ဇနီး၊ လူမှုရေးဝန်ကြီး၏ ယာဉ်မောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CDF Hakah ထံမှ သိရသည်။
ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဝန်ကြီးများကို နေရာပြောင်းရွှေ့ နေထိုင်စေခဲ့သည်ဟု သိရကြောင်း CDF Hakha ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“သူတို့ကို တိုက်ခိုက်ပြီးတဲ့နောက်မှာ နေတဲ့နေရာတွေကို ရွှေ့ပြောင်းတာ။ ဝန်ကြီးအိမ်ရာမှာ နေရာချထားတယ်။ တိုက်ခိုက်ပြီးနောက်ပိုင်း အကုန်လုံးကို ၂၆၆ တပ်ကုန်းပေါ်ကို ခေါ်သွားတယ်။ အခုတော့ လွှတ်တော်ရုံးအနီးအနားတစ်ဝိုက်က အိမ်တွေမှာ ပြန်ပြီးလုံခြုံရေးနဲ့ ထားထားတာ” ဟု CDF ဟားခါး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လက်နက်ကိုင်ခုခံမှုအားကောင်းရာ ချင်းပြည်နယ်တွင် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင် ချင်းအမျိုးသားတပ်ဦး (CNF)၊ နွေဦးတော်လှန်ရေးအတွင်း စုဖွဲ့ခဲ့ကြသည့် မြို့နယ်အလိုက်၊ မျိုးနွယ်စုအလိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီကို ခုခံတော်လှန်လျက်ရှိသည်။
ချင်းပြည်နယ်အတွင်း ရိခေါရ်ဒါမြို့၊ လိုင်လင်းပီမြို့၊ ရေဇွာမြို့တို့ကို ချင်းတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်များ စခန်းစွန့်ခွာသွားသည့် ဝေဘူလ၊ နှာရိန်၊ မကွီအိမ်နူး၊ ဆူခွာရ်မြို့တို့ကိုလည်း တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားသည်။