အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကိုရိုနာဂယက်ကြောင့် အလုပ်ရှင်ပြန်လာမရ၍ အထည်ချုပ်စက်ရုံဆန္ဒပြမှု ညှိနှိုင်းမရ

တရုတ်နိုင်ငံအလည်ပြန်သွားသည့် စက်ရုံလုပ်ငန်းရှင် ပြန်လာမှသာ လုပ်ခလစာကဲ့သို့ ငွေကြေးဆိုင်ရာ တောင်းဆိုမှုများမှာ ဆုံးဖြတ်နိုင်မည်ဖြစ်ခြင်းကြောင့် ပေါ်ပြူလာ (ကျင့်ကျန်) အထည်ချုပ်လုပ်သားများ ဆန္ဒပြမှုမှာ ရက်ပေါင်း ၂၀ ခန့်ကြာလာသော်လည်း ပြေလည်မှုမရသေးခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိကဆိုသည်။

အလုပ်သမားများ တောင်းဆိုသည့် အချက် ၂၅ ချက်ကို အလုပ်ရှင်နှင့်အလုပ်သမားများ ပြေလည်အောင် ညှိနှိုင်းနိုင်ခဲ့ပြီး ငွေကြေးဆိုင်ရာ တောင်းဆိုချက် ၃ ချက်သာ ကျန်ရှိတော့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ လှိုင်သာယာမြို့နယ် အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ၊ လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အတွင်းရေးမှူး ဦးသိန်းဝင်းထွန်းကဆိုသည်။

ငွေကြေးပမာဏကလည်း နည်းနည်းလေး များတယ်ဆိုတော့ သူဌေးကိုယ်တိုင် လာမှသာ ဆုံးဖြတ်ပေးနိုင်တဲ့ အနေအထားမျိုးဖြစ်နေတယ်ဟု ၎င်းက ပြောသည်။

အထည်ချုပ် စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားမှာ တရုတ်နှစ်သစ်ကူးကာလတွင် တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်နေပြီး ကိုရိုနာဗိုင်းရပ်ပြဿနာကြောင့် မြန်မာနိုင်ငံသို့ ပြန်မလာနိုင်ခြင်း ဖြစ်ကြောင်း၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ကတည်းက အလုပ်သမားသပိတ် စတင်ခဲ့ခြင်းဖြစ်ပြီး ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး၊ လုပ်သက်နှစ်ကြေးများ တိုးမြှင့်ပေးရန် တောင်းဆိုထားသောအချက် သုံးချက်ကို ညှိနှိုင်းမရသေးခြင်းဖြစ်သည်ဟု ပေါ်ပြူလာ (ကျင့်ကျန်) အထည်ချုပ် စက်ရုံ အလုပ်သမားခေါင်းဆောင် မချစ်သဇင်ဖြိုးက ပြောသည်။

ယင်းအထည်ချုပ်စက်ရုံ အလုပ်သမားများက အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့တွင် ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းက ထပ်မံဆန္ဒပြ တောင်းဆိုခဲ့ကြပြီး အလုပ်သမားနစ်နာမှုများအား အစိုးရအဖွဲ့မှ အမြန်ဆုံးတာဝန်ယူ ဖြေရှင်းပေးရန်နှင့် အလုပ်သမား ဥပဒေကို လေးစား လိုက်နာအောင် အစိုးရက အလုပ်ရှင်များအား အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

အလုပ်သမား ၁၆၀၀ နီးပါးရှိသည့် လှိုင်သာယာ စက်မှုဇုန်() ဦးရွှေအိုးလမ်းရှိ ပေါ်ပြူလာ (ကျင့်ကျန်) အထည်ချုပ် စက်ရုံရှေ့တွင်လည်း အလုပ်သမားအင်အား ၈၀ ခန့်က သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပြီး ၎င်းတို့ထဲမှ တချို့ တစ်ဝက်က အလုပ်သမား ရုံးရှေ့တွင် လာရောက် ဆန္ဒပြ တောင်းဆိုကြခြင်းဖြစ်သည်။

အလုပ်ရှင်ဘက်ကိုတော့ (ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က) ဖုန်းဆက်ပြီးတော့ ခေါ်ပေးတာပဲ။ ဒါပေမဲ့ ဆုံးဖြတ်မပေးနိုင်တဲ့ လူပဲရောက်လာတယ်။ ဆုံးဖြတ်မပေးနိုင်ဘဲနဲ့ကတော့ ကျွန်မတို့ဆီလာတာ အလကားပဲလေ။ ကျွန်မတို့က ဆုံးဖြတ်ပေးနိုင်တဲ့ အဖြေတစ်ခုပဲ လိုချင်တာဟု မချစ်သဇင်ဖြိုးက ပြောသည်။

လှိုင်သာယာမြို့နယ်တွင် စက်မှုဇုန် ၁၃ ဇုန်ရှိပြီး ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးနှင့်လုပ်သက် နှစ်ကြေးများ တိုးမြှင့်တောင်းဆိုခြင်းကြောင့် အလုပ်သမားများနှင့် အလုပ်ရှင်များကြား ပြဿနာမကြာခဏ ပေါ်ပေါက်လေ့ရှိသည်။

လှိုင်သာယာမြို့နယ် ငွေပင်လယ် စက်မှုဇုန်ရှိ RUINING MYANMAR -( ရူနိုင်း မြန်မာ ) အထည်ချုပ်စက်ရုံ အလုပ်သမား ၉၀၀ ကျော်ကလည်း လုပ်ခလစာတိုးမြှင့်ပေးရန် ဖေဖော်ဝါရီ  ရက်နေ့ကစက်ရုံရှေ့တွင် သပိတ်စခန်း ဖွင့်လှစ် တောင်းဆိုခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button