သတင်း

ကိုရိုနာဗိုင်းရပ်ဟုတ်မဟုတ် မြန်မာနိုင်ငံတွင် နှစ်ပတ်အတွင်း စစ်နိုင်တော့မည်

ပြင်းထန်အဆုတ်ရောင် ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရခြင်း ရှိ မရှိကို မြန်မာနိုင်ငံတွင် လာမည့် ရက်သတ္တပတ်အတွင်း ဓာတ်ခွဲစမ်းသပ်နိုင်တော့မည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် ကာကွယ်နှိမ်နင်းရန်အတွက် ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ဖြစ်ပွားလာပါက အထိအခိုက်အသေအပျောက် နည်းပါးစေရန် အစိုးရက မည်ကဲ့သို့ စီမံထားသည်ကို ဒလမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာစိန်မြအေး၏ မေးမြန်းမှုအပေါ် ကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကို ပြောခြင်းဖြစ်သည်။

“ကျွန်တော်ထင်တာတော့ (ဖေဖော်ဝါရီလ) ၁၉၊ ၂၀၊ ၂၁ လောက်မှာ ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံမှာ ဒီရောဂါ ဟုတ် မဟုတ် ဆိုတာကို စမ်းသပ်လို့ ရဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှ စတင်ပျံ့နှံ့လာသည့် ကိုရိုနာဗိုင်းရပ် ရှိမရှိကို မြန်မာနိုင်ငံတွင် ဓာတ်ခွဲစမ်းသပ်မှု မလုပ်နိုင်ဘဲ ပြည်ပသို့ ပေးပို့စစ်ဆေးရမည်ဟု သတင်းများထွက်ပေါ်သည့်အပေါ် ဝေဖန်မှုများရှိခဲ့သည်။

ဒေါက်တာမြင့်ထွေးကမူ တစ်ကမ္ဘာလုံးတွင် အဆိုပါကူးစက်ရောဂါ (nCoV2019) ရှိမရှိကို စမ်းသပ် စစ်ဆေးနိုင်သည့် နေရာပေါင်း ၁၅ ခုသာ ရှိသည်ဟု ဆိုသည်။ အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ဩစတြေးလျ၊ တောင်အာဖရိက၊ ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ဂျပန်နှင့် အိန္ဒိယ စသည့် နိုင်ငံများတွင်သာ ဓာတ်ခွဲစစ်ဆေးနိုင်သေးသည်ဟု ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့နိုင်ငံမှာ စလုပ်တဲ့အခါမှာ sample (နမူနာ) ကို ဒီ ၁၅ ခုထဲက တစ်ခုကို ပေးရမယ်။ ကျွန်တော်တို့ဟာ မှန်လား၊ မမှန်လား ဆိုတာကို check (စစ်ဆေး) လုပ်မယ်။ ကျွန်တော်တို့က စလုပ်တာ ဖြစ်တဲ့အတွက် သူတို့က မယုံတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ထုံးစံပါပဲ။ စပြီးလုပ်တဲ့ စင်တာတွေမှာ နှစ်ခု ပေးရပါတယ်။ တကယ့်အထင်ကရ ဟာကြီးကိုပေးပြီး အပြန်အလှန် စစ်ဆေးတဲ့ သဘောပါ။ ဒါတွေလည်း လုပ်ဖို့ ရှိပါတယ်” ဒေါက်တာမြင့်ထွေးက ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်၍ သံသယလူနာနှင့် စောင့်ကြည့်လူနာများ ရှိသော်လည်း ယနေ့အချိန်ထိ ကူးစက်ခံရသူ မတွေ့ရှိရသေးပေ။

ကိုရိုနာဗိုင်းရပ်သည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည့် အခြေအနေ ရှိသည့်အတွက် သူ့အနေဖြင့် အလွန်စိုးရိမ်ကြောင်း၊ အထူးသဖြင့် တရားဝင် ၂၇ဂိတ် ရှိသည့် ကုန်းလမ်းမှ ဝင်ပေါက်၊ ထွက်ပေါက်များကို စိတ်ပူကြောင်းလည်း ဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသွားသေးသည်။

“ပြည်သူလူထုကို ပြောချင်တာက ရောဂါဖြစ်လာရင် ချက်ချင်းကုသရင် ရောဂါကောင်းသွားနိုင်ပါတယ်။ မကုဘဲ ရှောင်နေလို့ရှိရင် သူကနေတစ်ဆင့် သူ့ရဲ့ မိသားစု၊ ဆွေမျိုး၊ အသိုင်းအဝိုင်းတွေကို ကူးသွားမယ်ဆိုရင် ထိန်းမနိုင်၊ သိမ်းမရမယ့် အခြေအနေမျိုး ဖြစ်နိုင်ပါတယ်” ဟု ဒေါက်တာမြင့်ထွေးက အသိပေးသည်။

ဝန်ကြီး၏ ရှင်းလင်းမှုအပြီးတွင် “ပြည်ထောင်စုဝန်ကြီးက အသေးစိတ် ဖြေကြား၊ ရှင်းလင်းပြတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒီမေးခွန်းနဲ့ ဖြေကြားခြင်းဟာ နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေမယ့် မေးခွန်းနဲ့ ဖြေကြားချက်ဖြစ်တဲ့အတွက် နိုင်ငံတော်ပြန်တမ်းနဲ့ နိုင်ငံပိုင်သတင်းစာများမှာ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၀ အရ ဖော်ပြသွားမှာဖြစ်ကြောင်း” လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသွားသည်။

Related Articles

Back to top button