အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ပညာရေး

ရခိုင်ကျောင်းအတွင်း ‘တပ်စွဲ’ ဆိုသည့် အမတ်၏စကားကို လွှတ်တော်က ပယ်ဖျက်မည်

တပ်မတော်စစ်ကြောင်းတစ်ခုက ရခိုင်မြောက်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းအတွင်း ‘တပ်စွဲ’ ခဲ့သည် ဆိုသည့် ရခိုင်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်သွားမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက က ဖေဖော်ဝါရီ ၁၀ ရက် အစည်းအဝေးတွင် ကြေညာလိုက်သည်။

ပြီးခဲ့သည့် ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၆ရက်) က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေ၏ ဆွေးနွေးချက်ကို ပြန်လည် စိစစ်ခဲ့ရာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉ နှင့် မညီညွတ်သဖြင့် “လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်သွားမည်” ဟု တနင်္လာနေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဦးတီခွန်မြတ်က ကြားဖြတ် ကြေညာခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉ တွင် “ဆွေးနွေးဆဲ ကိစ္စတစ်ခုနှင့် တိုက်ရိုက်မသက်ဆိုင်သော စကား မပြောဆိုရ” ဟူ၍ ပြဋ္ဌာန်းထားသည်။

အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ လုပ်ငန်း အစီရင်ခံစာအပေါ် ဝင်ရောက်ဆွေးနွေးစဉ် ဒေါ်ခင်စောဝေက ၎င်း၏ မဲဆန္ဒနယ် ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းရွာ အထက်တန်းကျောင်းအတွင်း တပ်မတော်စစ်ကြောင်းတစ်ခုက တပ်စွဲခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ထိုကျောင်းမှာ ယနေ့အချိန်ထိ ပိတ်ထားရသည့်အတွက် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁,၀၀၀ ကျော်၏ ပညာရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ပြောဆိုခဲ့သည်။

ထို့ပြင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို စာသင်ကျောင်းများတွင် ‘တပ်စွဲနေရာယူခြင်း’ မပြုလုပ်သင့်ကြောင်းလည်း ဒေါ်ခင်စောဝေက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဒေါ်ခင်စောဝေ၏ ဆွေးနွေးမှု ပြီးပြီးချင်းမှာပင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက “နောက်နောင်မှာ မိမိရဲ့ ဆွေးနွေးချက်ကို လွှတ်တော်မှာ ဆွေးနွေးတဲ့အခါမှာ နည်းဥပဒေ ၁၉အရ မဆိုင်တဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့အကြောင်းကို မထည့်ဘဲနဲ့ ကြုံရင် ကြုံသလို ဒီဟာမျိုးထည့်ပြီးတော့ တခြား အဖွဲ့အစည်းတစ်ခုခုကို ထိခိုက်စေတဲ့ အပြုအမူ၊ အပြောအဆိုများကို မသုံးဖို့ တားမြစ်ပေးပါ” ဟု လွှတ်တော်နာယကအား တောင်းဆိုခဲ့သည်။

သို့သော် အဆိုပါ ကျောက်တန်းကျေးရွာတွင် အမှန်တကယ်ပင် ယနေ့အချိန်ထိ ကျောင်းမဖွင့်နိုင်သဖြင့် မည်သည့် အဖွဲ့အစည်းကိုမှ ထိခိုက်စေလိုခြင်း မရှိဘဲ ပညာရေးမူဝါဒ ရေးဆွဲသူများ သိရှိစေရန်အတွက်သာ အပြုသဘောဆောင် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်ခင်စောဝေက Myanmar Now ကို တယ်လီဖုန်းဖြင့် ပြောသည်။ လွှတ်တော်နာယက၏ ဆုံးဖြတ်ချက်ကို လက်ခံကြောင်းလည်း ၎င်းက ဆိုသည်။

“နောင်ကို ဒီလိုအဖြစ်တွေကနေ ရှောင်ကြဉ်နိုင်အောင်ဆိုပြီး ထည့်ပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပညာရေးနဲ့ပတ်သက်တာ သက်ဆိုင်တယ်လို့ မြင်တယ်။ သက်ဆိုင်တဲ့ဟာကို ထည့်ဆွေးနွေးတာပါ။ သူတို့(တပ်မတော်)ရဲ့ ဥပဒေအရ ကန့်ကွက်တာကို လက်ခံပါတယ်။ ဘာမှ မပြောလိုပါဘူး” ဟု ဒေါ်ခင်စောဝေက ဆိုသည်။

ပြီးခဲ့သည့်နှစ် မေလဆန်းပိုင်းတွင် တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် ပိတ်ဆို့စစ်ဆေးမှုများကို ၁၆ ရက်ကြာ ပြုလုပ်ခဲ့သည်။

၂၀၁၉ ဧပြီလကုန်ပိုင်းက ကျောက်တန်းရွာတွင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များ ရှိနေသည်ဆိုသည့် သံသယဖြင့် ရွာသား  ၂၇၅ ဦးကို ကျေးရွာစာသင်ကျောင်းအတွင်း စစ်ဆေးနေစဉ် ရုန်းရင်းဆန်ခတ်ဖြစ်၍ တပ်မတော်က ပစ်ခတ်မှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရသွားကြောင်း တပ်က ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button