သတင်း

နယ်လှည့်ဆေးကုသရေးလိုက်သည့် ရွေးကော်အဖွဲ့ဝင် ၂ ဦးကို NLD က ကန့်ကွက်မည်

မန္တလေးတိုင်းတွင် ခရိုင်နှင့်မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်နှစ်ဦးသည် တပ်မတော် နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များ၏ ဇန်နဝါရီလလယ် နယ်လှည့်ဆေးကုသရေး ခရီးစဉ်တစ်ခုတွင် လိုက်ပါကူညီပေးမှုသည် အများအထင်မှားစေနိုင်သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာပို့ တိုင်ကြားမည်ဟု ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်က ပြောသည်။

ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအောင်ထွန်းဖြူနှင့် ရမည်းသင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမောင်မောင်တင်တို့သည် ပျော်ဘွယ်မြို့နယ်၊ ရန်အောင်မြို့၊ ရန်အောင်ကျေးရွာအုပ်စုတွင် ဇန်နဝါရီလ ၁၆ ရက်မှစ၍ သုံးရက်တိုင် ဆေးကုသပေးသည့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့နှင့် ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။

ထိုနှစ်ဦးအနက် ဦးအောင်ထွန်းဖြူသည် ၂၀၁၈ ခုနှစ်ကလည်း ထိုသို့ပါဝင်ခဲ့ဖူးသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စာထုတ်ကာ သတိပေးခဲ့ဖူးကြောင်း၊ ယခုအကြိမ်တွင်လည်း ထပ်မံပြုလုပ်သဖြင့် တိုင်ကြားရန် စာစီရခြင်းဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် ဒီချုပ်ဥက္ကဋ္ဌ ဦးအေးချိုက Myanmar Now ကိုပြောသည်။

“သူတို့ဟာသူတို့လုပ်တဲ့ပွဲကို ကော်မရှင် (အဖွဲ့ဝင်) အနေနဲ့မသွားသင့်ဘူး။ ကိုယ့်ယူထားတဲ့တာဝန် ဘာလဲဆိုတာ သူတို့သိဖို့လိုပါတယ်။ ကျွန်တော်တို့ ကန့်ကွက်တယ်ဆိုတာလည်း အဲ့ဒါကြောင့်ပဲ ဆေးကုသရေးနဲ့ ဘာမှမပတ်သက်ဘူး” ဟု ၎င်းကပြောသည်။

ဦးအောင်ထွန်းဖြူနှင့် ဦးမောင်မောင်တင်တို့ နှစ်ဦးစလုံးမှာ အငြိမ်းစား ဗိုလ်မှူးများ ဖြစ်ပြီး နှစ်ဦးစလုံးမှာ ပျော်ဘွယ်မြို့နယ် စစ်မှူထမ်းဟောင်အဖွဲ့၏ ဥက္ကဋ္ဌနှင့်ဒုဥက္ကဋ္ဌတို့ အသီးသီးဖြစ်ကြသည်။

၎င်းတို့နှစ်ဦးပါဝင်သည့် ဓာတ်ပုံများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး (Myochit Mg) ၏ Facebook တွင် ဇန်နဝါရီ ၁၈ ကတင်ထားသည်ကို တွေ့ရှိရာမှ ထိုဓာတ်ပုံများကို အသုံးပြုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားသွားမည်ဟု ဦးအေးချိုက ဆိုသည်။

ဦးအောင်ထွန်းဖြူကမူ ထိုသို့ သွားရောက်ဝန်းရံခြင်းမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အနေနှင့်မဟုတ်ဘဲ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌအနေဖြင့် သွားရောက်ခဲ့ခြင်းသာဖြစ်သည်ဟု အကြောင်းပြသည်။

“တိုင်းမှူးလည်းပါလို့၊ တပ်မကလည်း လာလုပ်ပေးပါဆိုလို့ပါ။ ကျွန်တော်က ကော်မရှင် (အဖွဲ့ဝင်) အနေနဲ့လုပ်တာ မဟုတ်ဘူး။ စစ်မှုထမ်းဟောင်း (အဖွဲ့) ဥက္ကဋ္ဌအနေနဲ့ လုပ်တာပါ။ ပြီးတော့ ကော်မရှင်ဝတ်စုံနဲ့သွားတာမဟုတ်ဘူး။ စစ်ဝတ်စုံနဲ့သွားတာ” ဟု ဦးအောင်ထွန်းဖြူက Myanmar Now ကို ပြောသည်။

ပထမအကြိမ် သတိပေးခံရထားသော်လည်း ဒုတိယအကြိမ် ထပ်မံပါဝင်ရသည့်အကြောင်းကို မေးသောအခါ ဦးအောင်ထွန်းဖြူက “ကျွန်တော် ဘာမှပြောစရာမရှိပါဘူး။ ဘာမှဖြေရှင်းစရာမရှိဘူး။ သူ့ဟာသူ နာမည်တပ်ချင်လို့သာ လျှောက်တပ်ကြတာ။ နောက်တစ်ခုက ဒီ့အရင် ဒီ့အရင်တွေကလည်း စစ်မှုထမ်းဟောင်းအဖွဲ့က အကုန်အကျခံပြီး ဆေးကုသရေးအတွက် လုပ်ပေးခဲ့ပြီး ဒါအပါအဝင်ဆို ၁၂ ကြိမ်လောက်ရှိပြီ ထင်ပါတယ်။ အဲ့ဒီအချိန်တုန်းကကျတော့ ဘာမှမပြောဘဲ အခုမှလာပြီး ပြောတာက သူနာမည်တပ်ချင်လို့ တပ်တာပါပဲ” ဟု ပြောသည်။

ပထမအကြိမ် သွားရောက်ကူညီခဲ့စဉ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးအောင်ထွန်းဖြူအား သတိပေးခဲ့ရာတွင်“စစ်မှုထမ်းဟောင်းဥက္ကဋ္ဌအနေဖြင့် တပ်မတော်ဆေးကုသရေးနှင့်အတူ လိုက်ပါဆောင်ရွက်ခဲ့သော်လည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေခြင်းကြောင့် အများအမြင်တွင် ယုံကြည်လေးစားမှုအားနည်းစေနိုင်သည့် အထင်လွဲမှားမှုမျိုး နောင်တွင် မဖြစ်စေရန်” ဟု ပါရှိသည်ဟု ဦးအေးချိုက အဆိုပါစာကို Myanmar Now အား ဖတ်ပြသည်။

ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးအသုံးပြုသည့် Myochit Mg တွင် ဇန်နဝါရီလ ၁၈ရက်က တင်ထားသည့် ပုံမှ ဦးအောင်ထွန်းဖြူကို တွေ့ရစဉ် (ဓာတ်ပုံ – Myochit Mg Facebook)

တပ်မတော်နယ်လှည့်ဆေးကုသရာတွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်၊ ခရိုင်နှင့် ရပ်ကျေး ဥက္ကဋ္ဌများ ပါဝင်ခဲ့ကြပြီး ထိုပါဝင်မှုကြောင့် ကန့်ကွက်ခြင်းမဟုတ်ဘဲ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ပါဝင်နေမှုကြောင့်သာဖြစ်ကြောင်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် စည်ပင်သာယာရေး ဌာနအဖွဲ့အစည်းများမှအပ ကျန်သည့်လူမှုရေးအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။ ဦးအေးချိုထံမှ တိုင်ကြားလာပါက အထက်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒါကတပ်မတော်ရဲ့ လုပ်ငန်းလေ ဆေးကုသတယ်လို့ ကြားတယ်။ စည်းရုံးရေးလုပ်တယ်လို့တော့ မကြားဘူး” ဟု Myanmar Now ကို ပြောသည်။

အဆိုပါ အဖွဲ့အစည်း၏ ကြီးမားသောနေရာများတွင် တာဝန်ထမ်းဆောင်ခြင်း မဟုတ်ပါက ကော်မရှင်တွင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ကြောင်း ကော်မရှင်အဖွဲ့ဝင်များအနေဖြင့်လည်း လက်ရှိတွင် ကော်မရှင်မှပေးသည့် သင်တန်းများကို အချိန်ပြည့်တက်ရောက်နိုင်ပြီး လုပ်ငန်းပိုင်းဆိုင်ရာလစ်ဟင်းမှု မရှိကြောင်း သူကပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

Show More

Related Articles

Back to top button