သတင်း

ပြည်ခိုင်ဖြိုးအမည်ပေါက် MICB ဘဏ်မြေနေရာ အစိုးရဂရန်အမည်ပြန်ပြောင်းရန် အမတ်အကြံပြု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအမည်ဖြင့် မြေဂရန်ပေါက်နေသည့် ရန်ကုန်မြို့လယ်ကောင်ရှိ အစိုးရပိုင်ဘဏ်မြေနေရာကို ဘဏ်အမည်ပေါက်အဖြစ် ပြန်လည်လွှဲပြောင်းရယူရန် ဇန်နဝါရီလ ၂၂ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်၌ အမတ်တစ်ဦးက ဆွေးနွေးခဲ့သည်။

ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ခံ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) မြေနေရာသည် ၁၉၉၇ ခုနစ်ကတည်းက ကြံ့ခိုင်ရေးအသင်းပိုင်မြေအမည်ပေါက် အပြောင်းခံထားရသဖြင့် နိုင်ငံပိုင်အဖြစ် အမည်ပေါက်ပြန်လည်ပြောင်းလဲရန် ဆိပ်ကမ်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်အောင်က အကြံပြုဆွေးနွေးခြင်းဖြစ်သည်။

၂၀၁၇-၁၈ ခုနှစ် ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာတွင် အဆိုပါ ဘဏ်အဆောက်အအုံမှာ ကြံ့ခိုင်ရေးအသင်း အမည်ပေါက်ဖြင့်သာ ရှိနေသေးကြောင်း ဖော်ပြချက်အပေါ် ၎င်းက ယင်းသို့ဆွေးနွေးခြင်း ဖြစ်သည်။

ထိုမြေနေရာကို ကြံ့ခိုင်ရေးအသင်းက မည်သို့မည်ပုံ ဂရန်အမည်ဖောက်ကာ အသင်းပိုင်အဖြစ် ပြောင်းလဲခဲ့သည်ကို ယနေ့တိုင် မသိရှိရကြောင်း ဦးသန်းထိုက်အောင်က လွှတ်တော်ကို ပြောသည်။

စာရင်းစစ်ချုပ် အစီရင်ခံစာတွင်လည်း ဘဏ်မြေနေရာသည် မူလက မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန အမည်ပေါက် ဖြစ်သော်လည်း ၁၉၉၇ ခုနှစ်တွင် သက်ဆိုင်ရာ ဘဏ်ဌာနပင် မသိလိုက်ဘဲ “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ဌာနချုပ်)” အမည်သို့ ပြောင်းလဲထားကြောင်း ဖော်ပြထားသည်။

သို့သော် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက မည်သို့ ပြောင်းလဲထားကြောင်း အစီရင်ခံစာတွင် အသေးစိတ် မပါရှိပေ။

ယင်းနှင့်ပတ်သက်၍ Myanmar Now က ဘဏ်တာဝန်ရှိသူနှင့် ဆက်သွယ်သော်လည်း ဘဏ်မြေနေရာအမည်ပေါက် ရရှိရေးကိစ္စ ဌာနတွင်းဆောင်ရွက်နေ၍ သတင်းဌာနသို့ ဖြေကြားလိုခြင်း မရှိကြောင်းသာ ပြန်လည်ပြောဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း မည်သို့မည်ပုံ အမည်ပေါက် ပြောင်းလဲသွားသည်ကို ဌာနအနေဖြင့်လည်း မသိရှိကြောင်း အဆိုပါဌာနမှ တောင်ပိုင်းခရိုင်မှူး ဦးရဲကျော်မိုးက ဆိုသည်။

စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆိုပါ အချက်အလက်များကို အိုးအိမ်ဦးစီးဌာနထံမှ လွှဲပြောင်းရရှိသည်မှာ နှစ် ၂၀ ခန့်သာ ရှိသေးပြီး ၁၉၉၇ ခုနစ်က အမည်ပေါက် ပြောင်းလဲခဲ့သည့် အခြေအနေကို မသိရှိနိုင်ကြောင်း ခရိုင်မှူး ဦးရဲကျော်မိုးက ပြောသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်မှာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တည်ရှိပြီး မန္တလေးမှ ဘဏ်မြေနေရာမှာ ဘဏ်နာမည်ဖြင့် အမည်ပေါက် ရရှိထားသော်လည်း ရန်ကုန်ရှိ ဘဏ်မှာ စာရင်းစစ်ချုပ်ထံ တင်ပြသည်အထိ အမည်ပေါက် မရရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ထိုကိစ္စကို ၎င်းမသိဟု ပြောပြီး ဒေါ်နန်းမြမြမီမီဇော်ကလည်း လတ်တလောမဖြေနိုင်သေးဟု Myanmar Now ကို ပြောကြသည်။

အသင်းလက်ထက်က ဖြစ်ခဲ့သည့်ကိစ္စ ဖြစ်နေ၍ ကြံ့ခိုင်ရေးပါတီကလည်း မသိသည့်သဘော ဖြစ်နေသလို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဘက်ကလည်း ဂရန်အမည်ပေါက် ပြန်ပြောင်းရန် ခက်ခဲသည့် အခြေအနေရှိနေသည်ကို တွေ့ရကြောင်း၊ ပြည်ထောင်စုအစိုးရက ညှိနှိုင်းဆောင်ရွက်ပါက ပြေလည်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ဆိုသည်။

Show More

Related Articles

Back to top button