(ရန်ကုန်) — ကုသမှုခံယူဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရောက်ခဲ့တယ်ဆိုပါစို့။ ဘယ်ကို ဆက်သွားရမှန်းမသိ ယောင်လည်လည်ဖြစ်နေရင်တော့ သင့်နားကို ဘဲငန်းတွေ ဝိုင်းလာပြီး ဘယ်သွားမလဲ၊ ဘယ်အဆောင်လဲ၊ ဘာရောဂါဖြစ်တာလဲ ဆိုပြီး ဆက်တိုက်မေး၊ အကြံဉာဏ်တွေပေး၊ ပိုက်ဆံလည်း တောင်းပါလိမ့်မယ်။
“ဘဲငန်း” ဆိုတာ ရန်ကုန်ဆေးရုံကြီးမှာ အဲဒီလို ငွေရှာတဲ့သူတွေကို ပေးထားတဲ့ နာမည်ပါ။
ကျန်းမာရေးဌာနရဲ့ ဧက သုံးဆယ်ကျော် ဝင်းကြီးထဲ တည်ရှိတဲ့၊ လွန်ခဲ့တဲ့ ၁၁၉ နှစ်က တည်ဆောက်ခဲ့တဲ့ ဒီဆေးရုံကြီးနဲ့ ပတ်သက်ပြီး ဓာတ်ခွဲခန်းတည်နေရာကအစ၊ နာမည်ကျော်သမားတော်ကြီးတွေ ဘယ်အချိန် လာတတ်တယ်ဆိုတာ အလယ်၊ ရေနွေးဝယ်နိုင်တဲ့နေရာအဆုံး ဘဲငန်းတွေက ပြောပြနိုင်ပါတယ်။
လူနာ၊ လူနာရှင်တို့ကို သားကောင်လို သဘောထားတဲ့ ဘဲငန်းတွေက ၉ နှစ်နဲ့ ၂၅ နှစ်ကြား ယောက်ျားလေးအများစုပါ။ အကူအညီတောင်းလာသူက “လက်ဖက်ရည်ဖိုး” မပေးဘူးဆိုရင် ဆန့်ကျင်ဘက်အရပ်တွေဆီ လမ်းညွှန်တာမျိုးလုပ်ပြီး ဒုက္ခပေး၊ ပညာပြကြတယ်လို့ ဆရာဝန်တွေ၊ ဆေးရုံဝန်ထမ်းတွေက ဆိုပါတယ်။
“နယ်ဘက်က ရိုးအတဲ့၊ မသိနားမလည်တဲ့ လူတွေအပေါ်မှာ သူတို့က အမြတ်ထုတ်ကြတာ” လို့ ဆေးရုံရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက ပြောပါတယ်။
ဘဲငန်းတွေထက် ပိုဆိုးရွားတာကတော့ လူနာပွဲစားတွေပါ။ သူတို့ဟာ အပူသည် လူနာ၊ လူနာရှင်တွေနား ချဉ်းကပ်ပြီး ဆေးရုံတက်ခွင့်ရရေး ကူညီမယ်၊ ဘယ်ဆရာဝန်ကို ဘယ်လောက်ပေးရမယ် စသဖြင့် ယုံအောင်ပြောပြီး ငွေအကြီးအကျယ် လိမ်ကြတာပါ။
ဘဲငန်း၊ လူနာပွဲစားတို့ကပဲ ဒီဆေးရုံကြီးကို နာမည်ပျက်အောင် လုပ်နေကြတာ မဟုတ်ပါဘူး၊ ခိုးမှု၊ မသန့်ရှင်းမှု၊ လူနာတင်အငှားယာဉ်၊ ဆေးရုံကို သာလာယံဇရပ်လို သဘောထားပြီး တိုးဝှေ့နေထိုင်သူ၊ စည်းကမ်းမဲ့ ပျံကျစျေးသည် အစရှိတဲ့ အထွေထွေပြဿနာတွေကလည်း ရန်ကုန်ဆေးရုံကြီးရဲ့ ဂုဏ်သရေကို မြောင်းထဲ ဆွဲချနေပါတယ်။
မှုခင်း
မြန်မာပြည်ရဲ့ အကြီးဆုံးဆေးရုံဖြစ်တဲ့၊ အနယ်နယ်အရပ်ရပ်က လူနာတွေ အားကိုးရာဖြစ်တဲ့ ဒီနေရာကို အဝင်မှာ ဘဲငန်းတွေ၊ လူနာပွဲစားတွေရဲ့ ရန်ကနေ လွတ်တယ်ဆိုရင်လည်း သက်ပြင်းချလို့ မရနိုင်သေးပါဘူး၊ လူနာခုတင်တွေနားမှာ ပိုက်ဆံအိတ်၊ ဖုန်းတို့ကို လစ်ရင် လစ်သလို လှည့်လည် ခိုးယူတတ်သူနဲ့လည်း ကြုံရနိုင်ပါသေးတယ်။
ခိုးမှုတွေဟာ ညပိုင်း အဖြစ်များတယ်လို့ ဆေးရုံအုပ်တစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မောင်ကြီးက ပြောပါတယ်။
“ဆေးရုံဝန်းက ကျယ်တော့ အိပ်စရာနေရာလည်း ရှိတယ်၊ အစားအသောက်ကလည်း လှူတဲ့သူတွေ ရှိနေတော့ သူခိုးကြမ်းပိုးတွေကအစ ဒီထဲမှာ လာလုပ်စားနေကြတယ်” လို့ ဒေါက်တာခင်မောင်ကြီးက စိတ်ပျက်လက်ပျက် ပြောပါတယ်။
အထွေထွေကုသဆောင်(၁) မှာ တွေ့ရတဲ့ လူနာစောင့်တစ်ဦး ဒီလဆန်းပိုင်း ညဘက် အိပ်နေတုန်း ဆွဲကြိုး အဖြုတ်ခံရလုနီးပါး ဖြစ်ရပ်နဲ့ ကြုံခဲ့ရသူပါ။
“လက်က ကျွန်မလည်ပင်းပေါ် ရောက်လာတာ၊ ဆွဲကြိုးကို လာစမ်းတာ” လို့ အသက် ၃ဝ ကျော်အရွယ် အမျိုးသမီးက ဆိုပါတယ်။
အခြေအနေမဟန်တဲ့အတွက် အဲဒီလူ ထွက်ပြေးသွားပါတယ်တဲ့။ ဒီနေရာမှာ ခိုးမှု၊ မှောင်ရိပ်ခိုမှုလို အမှုမျိုး အပတ်စဉ် ၅ မှုနှုန်း ဖြစ်ပွားနေတယ်လို့ လသာမြို့နယ် ရဲစခန်းရဲ့ စာရင်းတွေမှာ တွေ့ရမှာပါ။
ဒီလ ပထမပတ်အတွင်းမှာ စခန်းရောက် အမှု ၆ ခု ရှိတယ်လို့ လသာရဲစခန်းမှ ဒုရဲအုပ်ဇော်ဟန်က ပြောပါတယ်။
လူအဝင်အထွက်များလွန်းတဲ့ အခြေအနေကြောင့်လည်း ပြစ်မှုကျူးလွန်သူကို ဟန့်တားရခက်စေတယ်လို့ ဒေါက်တာနေဝင်းသိန်းက မှတ်ချက်ချပါတယ်။
“ဒီလူနာတွေနဲ့ ရောပြီးတော့ ဘယ်ကမှန်းမသိတဲ့ အခြေအနေမဲ့လူတွေပါ လာနေတော့ စစ်ဆေးမေးမြန်းဖို့၊ ဖော်ထုတ်ဖို့ ခက်ပါတယ်” လို့ ရန်ကုန်ဆေးရုံကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းထောက်တွေနဲ့ တွေ့စဉ်မှာ ပြောပြပါတယ်။
စျေးသည်တွေ ဒိုးပစ်၊ ဇယ်တောက် ကစားကြရာကနေ လောင်းကစားဝိုင်းတွေ ဖြစ်လာတယ်၊ နောက်ဆက်တွဲအနေနဲ့ ရန်ပွဲ၊ မူးယစ်ရမ်းကားမှု၊ ဒုစရိုက်မှုတွေ ပေါ်လာပါတယ်တဲ့။
“နောက်ဆုံး ဘာဖြစ်လာလဲဆိုတော့ အထူးကုဆရာဝန်အခန်းတွေထဲ ဝင်ပြီး ဖုန်း၊ ပိုက်ဆံ ခိုးတဲ့အထိ ဖြစ်လာတယ်” လို့ ဒေါက်တာနေဝင်းသိန်းက လုံခြုံရေးကင်မရာမှတ်တမ်းတွေကို ကိုးကားပြီး ပြောပါတယ်။
ပစ္စည်းမျိုးစုံ ရောင်းချတဲ့ ပျံကျစျေးသည်အများအပြားဟာ ဆေးရုံဝန်းကျင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို သဘောထားသူတွေ ဖြစ်တယ်လို့ ဆေးရုံအုပ်တွေက ဆိုပါတယ်။
ဝန်ထမ်းအင်အား ၅ဝ ကျော်ရှိတဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခု ငှားရမ်းထားပေမယ့် ကားအဝင်အထွက်၊ ကားရပ်နားရေးတို့ကို အဓိကလုပ်ဆောင်ကြတယ်၊ နေ့၊ ည လေးယောက်စီ တာဝန်ချထားတယ်လို့ လုံခြုံရေးကြီးကြပ်ရေးမှူး ဦးကြည်က ပြောပါတယ်။
ညပိုင်း နှစ်နာရီခြားတစ်ခါ ကင်းလှည့်တယ်လို့ ဆိုပေမယ့် Myanmar Now သတင်းထောက်တချို့ ဆေးရုံကြီးထဲ ညလုံးပေါက် လေ့လာတဲ့နေ့မှာတော့ ပြဿနာပေါင်းစုံရှုပ်ထွေးရာ အထွေထွေကုသဌာန(၁)ဘက်မှာ လုံခြုံရေးဝန်ထမ်းတွေကို ညပိုင်းကနေ မိုးလင်းချိန်အထိ မတွေ့ခဲ့ရပါဘူး။
လသာရဲစခန်းကလည်း တစ်ည သုံးကြိမ်ခန့် လှည့်လည်စစ်ဆေးတဲ့ အစီအစဉ်ရှိတယ်လို့ ဒုရဲအုပ်ဇော်မင်းဟန်က ပြောပါတယ်။
မင်းမနိုင်ဒေသ
ဒီလဆန်းပိုင်း နှလုံးကုသဆောင်နားက လျှောက်လမ်းတွေကို ကိုယ်ပိုင်နေရာလို သဘောထားတဲ့ သင်္ကန်းဝတ်တစ်ဦးနဲ့ အရပ်ဝတ်တစ်ဦးရဲ့ ညဘက်ရန်ပွဲကိုလည်း ကြုံခဲ့ရပါတယ်။
သင်္ကန်းဝတ်ပုဂ္ဂိုလ်ဟာ ရဟန်းအစစ်လား အတုလား ဆိုတာတော့ မသိရပါဘူး။ ဆေးရုံစင်္ကြံမှာ နေထိုင်မှုသက်တမ်း တစ်နှစ်ခန့် ရှိပြီဖြစ်တဲ့ သူ့ကို အဲဒီနေရာမှာ အများက သာမန်လူတစ်ယောက်လို ပြောဆို ဆက်ဆံကြတာပါ။
အိပ်စရာနေရာလုရင်း ဖြစ်ကြတဲ့ ရန်ပွဲအပြီးမှာ ဆေးမင်ကြောင်အပြည့်နဲ့လူက သင်္ကန်းဝတ်ထားသူကို “မြောင်းထဲ ခေါင်းစိုက်ပေးလိုက်မယ်နော်” လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
စရိုက်စုံလူတွေက ဆေးရုံမှာ တိုးဝှေ့ နေထိုင်ပြီး “မင်းမနိုင်ရပ်ကွက်” တည်ထောင်ထားသလို ဖြစ်နေတယ်လို့ သူနာပြုတစ်ယောက်က မှတ်ချက်ချပါတယ်။
မင်းမနိုင်သားအများအပြားဟာ ဆေးရုံထဲမှာပဲ စျေးရောင်း၊ အသက်မွေးကြ တံစက်မြိတ်အောက်လို မိုးလုံတဲ့နေရာတွေမှာ အိပ်စက်ကြတာပါ။ ရေချိုး၊ လျှော်ဖွပ်ဖို့အတွက်တော့ လူနာတွေရဲ့ သန့်စင်ခန်းတွေကို စိတ်ကြိုက်သုံးပါတယ်။
ညဘက် ပုဆိုးနဲ့ကိုယ်နဲ့ မကပ်အောင် အိပ်နေသူတချို့ကို တွေ့ရပြီး သန်းခေါင်ယံ ရန်ဖြစ်ဆဲဆိုသံက နံရံတစ်ချပ်သာခြားတဲ့ အထွေထွေကုသဆောင်(၁) ထဲ ဝင်လာပါတယ်။ ညနေစောင်းပိုင်းမှာ သူတို့ သီချင်း အပြိုင်အဆိုင်ဖွင့်နေကြတာကလည်း ဆေးရုံဟာ ဆေးရုံနဲ့ မတူတော့တဲ့ အချက်တစ်ခုပါပဲ။
အဓိကပြဿနာတွေထဲက တစ်ခုကတော့ အမှိုက်သရိုက်ပေါများခြင်းပါ။ ဆေးရုံတွင်း နေထိုင်သူတွေ၊ လူနာစောင့်တွေထဲမှာ စည်းကမ်းမဲ့သူ အများအပြားပါဝင်တဲ့အပြင် ဝင်ထွက်နေထိုင်သူ များပြားလွန်းတာကြောင့် အမှိုက်ပြဿနာကြီးလာတယ်၊ ခိုအောင်းလာတဲ့ ကြွက်၊ ခြင်၊ ယင်၊ ပိုးဟပ် စတဲ့ အကောင်တွေ၊ သတ္တဝါတွေက လူနာဆောင်အထိ ရောက်နေတတ်တယ်လို့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာခင်သိင်္ဂီမြင့်က ဆိုပါတယ်။
“လူနာလာတုန်းက သူ့မှာ ပိုးတွေက အများကြီးပါလာမှာ မဟုတ်ပေမဲ့ ဆေးရုံကြီးရောက်တဲ့အခါ အဲ့သတ္တဝါတွေဆီက မမြင်ရတဲ့ပိုးတွေက လူနာဆီ အများကြီး ဝင်သွားနိုင်တယ်” လို့ သူက သတင်းထောက်တွေကို ဖိတ်ခေါ်တွေ့ဆုံစဉ်မှာ ပြောပြပါတယ်။
၂ဝ၁၄ မှာ ဆိုင်ခန်း ၇၀ ကို ဆေးရုံက တည်ဆောက်ပြီး လစဉ်ကြေး တစ်ခန်း ၉,ဝဝဝ နှုန်းနဲ့ ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။
ညအိပ်၊ ရေချိုး၊ အဝတ်လျှော်၊ အဝတ်လှန်း၊ ဆိုင်ခန်းပြင်ပရှေ့ တိုးချဲ့ရောင်းချခြင်းတို့ကို ခွင့်မပြုကြောင်း စည်းကမ်းချက် ၂၁ ချက် အဲဒီတုန်းက ထုတ်ပြန်ခဲ့ပေမဲ့ စျေးသည်အများစုက မလိုက်နာကြဘူးလို့ ဒေါက်တာခင်သိင်္ဂီမြင့်က ပြောပါတယ်။
“ဆေးရုံဆိုတာ ကွမ်းယာနဲ့ ဆေးလိပ် ရောင်းခွင့်မရှိတဲ့နေရာ၊ ဆေးလိပ်ကင်းစင်တဲ့နယ်မြေပါ။ ဥပဒေမှာလည်း တရားဝင်ပါထားပြီးသားပေါ့။ ဒါပေမယ့်လည်း ရောင်းနေကြတာပဲ” လို့ သူက ဆိုပါတယ်။
လူနာဆောင်အနီးနဲ့ အောက်ဆီဂျင်အိုး အသွင်းအထုတ်လုပ်တဲ့ ဝင်ပေါက်တွေမှာ ဆေးလိပ်သောက်တာကို မတားဆီးနိုင်တာကြောင့် အခန့်မသင့်ရင် ပေါက်ကွဲမှု၊ မီးလောင်မှုအန္တရာယ် ဖြစ်လာနိုင်တယ်လို့ ဆက်ပြောပါတယ်။
ဆေးရုံထဲမှာ နေကြတယ်
ဆေးရုံမှာ တိုးဝှေ့နေထိုင်သူတွေထဲ အခြေအနေမဲ့တွေ ပါသလို ဆေးရုံဝန်ထမ်းဟောင်းတချို့နဲ့ သူတို့ရဲ့မိသားစုဝင်တွေလည်း အကြောင်းအမျိုးမျိုးကြောင့် သောင်တင်နေကြတာပါ။
၂၂ နှစ် အရွယ် ကွမ်းယာရောင်းသူတစ်ဦးကတော့ ဝန်ထမ်းမိဘတွေ မရှိတော့ပေမဲ့လည်း ဆေးရုံထဲ ဆက်နေဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီကလေးနှစ်ယောက်က ဒီမှာမွေးတာပဲ။ ကျွန်မအသက် ကိုးနှစ်ကတည်းက မိဘတွေက သေသွားတာ” လို့ ကွမ်းယာသည်က ပြောပါတယ်။
တစ်သက်လုံး ဆေးရုံထဲမှာပဲ နေခဲ့သူ အမျိုးသမီးတစ်ယောက်ကိုလည်း တွေ့ခဲ့ရပါတယ်။ သူက သူ့မိဘဘိုးဘွား သန့်ရှင်းရေးဝန်ထမ်းတွေ သေဆုံးတဲ့အခါ ဝန်ထမ်းလိုင်းခန်းကနေ ဖယ်ရှားပေးခဲ့ရသူပါ။
အသက် ၅ဝ ခန့်ရှိသူ အမျိုးသမီးတစ်ဦးကတော့ ဆေးရုံဝန်ထမ်း ခင်ပွန်းသည် ဆုံးပါးသွားတဲ့နောက်ပိုင်း ဆေးရုံထဲ ဖြစ်သလိုနေထိုင်ပြီး စျေးရောင်းနေတာပါ။ သူ့မှာ ဒီနေရာမှတစ်ပါး ခိုလှုံစရာ နေထိုင်စရာ မရှိဘူးလို့ ပြောပါတယ်။
စျေးသည်နဲ့ အကြောင်းပါတဲ့ ၄ဝ ဝန်းကျင် အညာသူတစ်ဦးကတော့ ဆေးရုံထဲ ရောက်နေတာ သူ့သက်တမ်းတစ်ဝက် ရှိသွားပါပြီ။ သူတို့ရဲ့ ကလေးသုံးယောက်လုံးလည်း ဒီမှာပဲ မွေးဖွားကြီးပြင်းကြပါတယ်။ ဆေးရုံထဲက မိုးလုံတဲ့ နေရာတွေဟာ သူတို့မိသားစုရဲ့အိမ်ပါပဲ။
“ဒီမှာနေလို့ရလို့ အဆင်ပြေနေတာပေါ့။ နို့မို့ဆို နေစရာမရှိဘူးလေ။ အိမ်ငှားဖို့ ပိုက်ဆံမှမရှိတာ” လို့ အညာသူက ပြောပါတယ်။
သန့်ရှင်းရေးဝန်ထမ်းတွေကတော့ ပျံကျစျေးသည်အများအပြားဟာ လူနာတွေ၊ လူနာစောင့်တွေနဲ့အပြိုင် အမှိုက်ဖွကြတာဆိုပြီး ညည်းနေကြပါတယ်။ လူနာဆောင်သန့်စင်ခန်းတွေထဲ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ အမှိုက်တို့ကို စွန့်ပစ်ရာမှာ စနစ်မကျတဲ့အတွက် မိလ္လာပိုက်ပိတ်ဆို့၊ အညစ်အကြေးလျှံထွက်မှု မကြာခဏဖြစ်လေ့ရှိကြောင်း အထွေထွေလုပ်သားတစ်ဦးဖြစ်တဲ့ ဒေါ်ချိုက ပြောပါတယ်။
ခုတင် ၂,ဝဝဝ ဆံ့ ဒီဆေးရုံကို ၂ဝ၁၃ မှာ လူနာ နှစ်သိန်းကျော် လာရောက် ကုသမှုခံယူခဲ့တယ်၊ ၂ဝ၁၇ မှာတော့ လူနာအရေအတွက် နှစ်ဆရှိခဲ့တယ်လို့ ဆေးရုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ လူနာ နှစ်ထောင်၊ လူနာရှင်၊ လူနာစောင့်၊ ဧည့်သည် စသဖြင့် နေ့စဉ် လူအဝင်အထွက် ထောင်ပေါင်းများစွာရှိတာ တွေ့ရမှာပါ။
လူအဝင်အထွက် များပြားသလို အညစ်အကြေး စွန့်အား၊ အမှိုက်ပစ်အား များလွန်းတာကြောင့် နေ့စဉ် သန့်ရှင်းရေးအတွက် အထွေထွေလုပ်သား ၄ဝဝ ဝန်းကျင်က မနိုင်ဝန်ထမ်းနေရသလို ဖြစ်နေပါတယ်။
လူနာတင်ယာဉ်
ဒီလိုရှုပ်ထွေးမှုတွေရှိနေတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဝန်ထမ်းခန့်ထားနိုင်မှုက အားမကောင်းပါဘူး။ လူနာ ၁ဝဝ ဝန်းကျင်ရှိတဲ့ ဆေးကုသဆောင်တစ်ခုမှာ သူနာပြု ၁၄ ယောက် နဲ့ အထွေထွေလုပ်သား ၁ဝ ယောက်က နေ့ည အဆိုင်းခွဲပြီး တာဝန်ယူနေရတာပါ။
ဒီအခြေအနေတွေကြောင့် ဝန်ဆောင်မှုပေးရာမှာ နားလည်မှုလွဲတာနဲ့ ကြုံရတယ်လို့ အမည်မဖော်လိုတဲ့ သူနာပြုတစ်ဦးက ပြောပါတယ်။
“လူနာက ကိုယ်လုပ်ပေးနိုင်တာထက် ပိုများနေတယ်၊ တချို့လူနာတွေက ခေါ်တဲ့အခါ ချက်ချင်းမသွားနိုင်တာတွေလည်း ရှိတာပေါ့” လို့ သူက ဆိုပါတယ်။
ရုပ်အလောင်းပြန်သယ်ရေး၊ ရပ်ဝေးလူနာ နေရပ်ပြန်ရေးအတွက် ရန်ကုန်ဆေးရုံကြီးပိုင် အရေးပေါ်လူနာတင်ကား ၁ဝ စီး ရှိပါတယ်။ လူနာတင်ကားလိုရင် ကူညီပေးနေတဲ့ လူမှုရေးအဖွဲ့ ၆ ခုက ရန်ကုန်မြို့တွင်း လူနာများကိုပဲ လက်ခံ သယ်ဆောင်ပေးတာပါ။
ရပ်ဝေးခရီးစဉ်အတွက် အငှားလိုက်တဲ့ လူနာတင်ကားအများအပြားကို ဆေးရုံဝန်းကျင်မှာ တွေ့ရမှာပါ။ ဆေးရုံက အသိအမှတ်ပြုထားခြင်းတော့ မရှိပါဘူး။
အရေးပေါ်ကားသုံးဖို့ လိုအပ်ပြီဆိုရင် လူနာရှင်တွေက ကိုယ်တိုင်ထွက်မငှားနိုင်ရင် ဆေးရုံဝန်ထမ်းတချို့က ချိတ်ဆက် ငှားရမ်းပေးပါတယ်။ ငှားရမ်းခအတွက် တစ်သိန်းဝန်းကျင် အနည်းဆုံးကုန်ကျမှာပါ။ ခရီးဝေးမယ်၊ ညဘက် သွားရမယ်ဆိုရင် ငွေပိုကုန်ပါမယ်။ လူနာပို့ခထက် ရုပ်အလောင်းပို့ခက ပိုပြီး စျေးများပါတယ်။
“အစကတော့ ဆေးရုံဝန်ထမ်းတွေက အခမဲ့ ချိတ်ဆက်ပေးတယ်၊ နောက်တော့ လုပ်ငန်းကျယ်ပြန့်လာပြီး ပိုက်ဆံရယူ ချိတ်ဆက်တာတွေ ရှိလာတယ်” လို့ ဒေါက်တာနေဝင်းသိန်းက ပြောပါတယ်။
ရေခဲတိုက်တာဝန်ခံ ကိုထိန်လင်းကြည်ကတော့ ရုပ်အလောင်းထုတ်ပေးဖို့အတွက် အခကြေးငွေ မယူဘူးလို့ ဆိုပါတယ်။
အထွေထွေပြဿနာ
ဆေးရုံကြီး အခြေအနေများနဲ့ ပတ်သက်ပြီး ဒီလဆန်းပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များက ဆေးရုံတာဝန်ရှိသူများနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ စည်းကမ်းမဲ့စျေးသည်တွေအကြောင်း အဓိကထားဆွေးနွေးသွားကြပြီး အမြန်ဆုံးဖြေရှင်းပေးဖို့ တိုင်းအစိုးရကို တိုက်တွန်းနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ကော်မတီဥက္ကဋ္ဌ ဦးသာအောင်က ပြောပါတယ်။
စျေးဆိုင်များဝန်းကျင် စည်းကမ်းပျက်တာ ဖြေရှင်းဖို့ ဆိုင်ခန်းတွေ စတင်ချထားပေးတဲ့ ၂ဝ၁၄ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့တယ်လို့ ဆေးရုံအုပ် ဒေါက်တာ ခင်သိင်္ဂီမြင့်က ဆိုပါတယ်။
“စျေးသည်တွေကို ကျွန်မတို့ သွားပြောရင် ခဏ နာခံလိုက်၊ ပြီးရင် ပြန်လုပ်လိုက်ဆိုတော့ လိုက်တမ်းပြေးတမ်း ကစားသလို ဖြစ်နေတာပေါ့” လို့ သူက ရှင်းပြပါတယ်။
ဆေးရုံသန့်ရှင်းရေး၊ လုံခြုံရေးတို့အတွက် ပြင်ဆင်ထားတဲ့ စီမံချက်ကို လသာမြို့နယ် ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ဆွေးနွေးပြီး ပူးပေါင်းအကောင်အထည်ဖော်သွားမယ်လို့ ဒေါက်တာခင်မောင်ကြီးက ပြောပါတယ်။
“ဆွေးနွေးတဲ့အခါမှာလည်း စျေးသည်တွေကိုပါ ခေါ်ပြီး မျှမျှတတနဲ့ သူတို့ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ” လို့ ဒေါက်တာခင်မောင်ကြီးက ပြောပါတယ်။
စည်းကမ်းမဲ့စျေးသည်တွေ အရေးယူမယ်ဆိုတဲ့ သတင်းကတော့ စျေးသည်တွေကြား ရောက်နေပါပြီ။ ဆူညံ ပွက်လောရိုက် ရှုပ်ထွေးနေတဲ့ စျေးဆိုင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ လုံခြုံရေးဝန်ထမ်းတွေရဲ့ ကြပ်မတ်မှုကြောင့် စည်းကမ်းပိုင်း ကြိုးစားလိုက်နာကြတယ်၊ ဒါပေမဲ့ မနက်စောစောပိုင်းနဲ့ ညပိုင်းတွေမှာတော့ ပြန်လည်ရောင်းချနေတုန်းပဲလို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။
ဆေးရုံကြီးမျက်နှာစာ လမ်းဘေးစျေးသည်များကို ဖယ်ရှားလိုက်ပြီ၊ သူတို့ကို စိစစ်ပြီး ဆေးရုံနောက်ဘက်မှာ စျေးရောင်းတဲ့နေရာ စီစဉ်ပေးမယ်လို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောကြောင်း ဇူလိုင် ၁၇ ရက်နေ့ထုတ် သံတော်ဆင့်သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒီလဆန်းပိုင်း သတင်းသမားအများအပြား ရန်ကုန်ဆေးရုံအုပ်ကြီးရုံးခန်းကို ရောက်သွားရာမှာ ဆေးရုံဌာနကြီးလေးခုရဲ့ ဌာနမှူးဆရာဝန်ကြီးတွေက ဖြစ်ပျက်နေတဲ့ ပြဿနာတချို့အကြောင်း ရှင်းပြကြပါတယ်။
ဦးနှောက်နှင့် အာရုံကြောဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာမြတ်သူက ဆေးရုံကြီးထဲ ကျူးကျော်နေထိုင်သူတွေက လူနာဆောင်အိမ်သာတွေကို ဝင်ရောက်သုံးစွဲပြီး စည်းကမ်းမဲ့ အမှိုက်ပစ်တာတွေကြောင့် ထိန်းသိမ်းနိုင်တဲ့ အနေအထားထက် ကျော်လွန်လာတာလို့ ဆိုပါတယ်။
“ဒီဆေးရုံက တိုင်းပြည်ရဲ့ ဂုဏ်ဆောင်ဆေးရုံပဲ။ ဒါပေမဲ့ အညစ်ပတ်ဆုံးဖြစ်နေတယ်။ ညစ်ပတ်တာမှ ကမ္ဘာပေါ်မှာ အညစ်ပတ်ဆုံးဆေးရုံ ဖြစ်နေတယ်။ ဝင်လိုက်ကတည်းက ဆေးရုံနဲ့တောင် မတူဘူး” လို့ ဒေါက်တာမြတ်သူက ပြောပါတယ်။ ။