
ရန်ကုန် – အသက် ခုနစ်နှစ်အရွယ် ဒုတိယတန်း ကျောင်းသူတစ်ဦးကို ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းအမျိုးသားတစ်ဦးက မဖွယ်မရာ လုပ်ခိုင်းသည်ဆိုသော အမှုတစ်မှု ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့ပြီး စွပ်စွဲခံရသူအမျိုးသားကို ရဲစခန်းက ကနဦး အမှုဖွင့်ကာ အာမခံဖြင့် ပြန်လွှတ်ပေးထားသည်။
ဒလမြို့နယ်နေ အဆိုပါကလေးငယ်သည် ယခုလ ၆ ရက်နေ့က ရန်ကုန်ဘက်ခြမ်းရှိ ၎င်းတက်နေသည့်ကျောင်းမှ ကျောင်းဆင်းပြီးနောက် မိခင်နှင့်အတူ ဆေးရုံကြီးသို့လာရောက်ကာ ဆေးရုံကြီး သန့်ရှင်းရေးဝန်ထမ်း ဖခင်နှင့် မိသားစုသုံးဦး အိမ်အတူပြန်ရန် စောင့်ဆိုင်းရင်း အခြားကလေးငယ်များနှင့်အတူ ဆော့ကစားနေစဉ် ရန်ကုန်ဆေးရုံကြီးက ငှားရမ်းထားသည့် ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီတစ်ခု၏ လုံခြုံရေးဝန်ထမ်း အသက် ၅၃ နှစ်အရွယ် ဦးဇော်ဝင်းကျော် ဆိုသူက ကလေးငယ်ကို မဖွယ်မရာပြုခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ မိန်းကလေး၏ မိခင်က ပြောသည်။
အဆိုပါ ဝန်ထမ်းသည် ၎င်း၏သမီးဖြစ်သူအား လုံခြုံရေးကင်မရာ မရှိသည့်နေရာသို့ ခေါ်ကာ ၎င်း၏လိင်အင်္ဂါကို ကလေးငယ်အား ကိုင်စေခဲ့ကြောင်း၊ ထို့နောက် ကလေးက လန့်ပြီးအော်ငိုကာ ထွက်ပြေးလာကြောင်း မိခင်ဖြစ်သူက ပြောသည်။
“သူကငိုပြီးပြေးလာတာ။ ပြီးတော့ ကျွန်မကိုပြောပြတော့ ကိုယ်လည်းဒေါသထွက်ပြီး ဝန်ထမ်းရုံးခန်း (လုံခြုံရေး ဝန်ထမ်း ရုံးခန်း) ကိုသွားပြောတာ။ အဲဒီက အရာရှိတွေက မျက်မြင် သက်သေရှိလားတဲ့။ မရှိရင်တော့ မလုပ်ပေးနိုင်ဘူး တိုင်ချင်ရာ တိုင်လို့ ပြောတယ်။ အဲ့ဒါနဲ့ကျွန်မလည်း သမီးလက်ဆွဲပြီး ရဲစခန်းသွားတိုင်ခဲ့တာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။
ထိုအမျိုးသားကို လသာမြို့နယ် ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၅၄ ကာယိန္ဒြေပျက်ပြားစေမှုဖြင့် လက်ခံထားသည်ဟု အတည်ပြုပြောသည်။ ထိုပုဒ်မသည် အာမခံပေးနိုင်သောပုဒ်မ ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ်နှစ်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။
လက်ရှိတွင် စွပ်စွဲခံထားရသည့် အဆိုပါအမျိုးသားကို အာမခံပေးထားသည်ဟု လသာရဲစခန်းမှ တာဝန်ကျ ရဲတစ်ဦးက ပြောသည်။
ထိုဝန်ထမ်းကို ကုမ္ပဏီက အလုပ်ထုတ်ပယ်လိုက်သည်ဟု အဆိုပါလုံခြုံရေးဝန်ထမ်း၏ မိခင်ကုမ္ပဏီ ဖြစ်သည့် လှိုင်သာယာမြို့နယ်ရှိ Kaung Htet Win Services (Excel Security Services) မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
၎င်းတို့ကုမ္ပဏီမှ ဝန်ထမ်းများ CCTV ကွယ်ရာတွင် အရက်သောက်ခြင်းစသည်တို့ကို ကြားသိရကြောင်း၊ နောင်တွင် ဝန်ထမ်းများကို စည်းကမ်းတင်းကျပ်မှုများ ပိုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီးမှ တာဝန်ရှိသူများထံမှ မှတ်ချက်ရယူရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါ။