သတင်း

ရန်ကုန်စာရင်းစစ်ချုပ်အစီရင်ခံစာကို လွှတ်တော်ထံ မဖြန့်ပါက သမ္မတထံ စာတင်မည်ဟု ဒေါ်ညိုညိုသင်းဆို

ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာကို မကြာမီကျင်းပမည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် အများပြည်သူထံ မဖြန့်ပါက နိုင်ငံတော်သမ္မတထံ စာပေးပို့တိုင်ကြားမည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါ်ညိုညိုသင်းက ပြောသည်။

လာမည့် ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး စတင်ကျင်းပမည်ဖြစ်ပြီး ၂ ပတ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် အများပြည်သူထံ စာရင်းစစ်ချုပ်အစီရင်ခံစာကို ဖြန့်ဝေခြင်းမရှိပါက သမ္မတနှင့် ဥပဒေရေးရာ အဖွဲ့အစည်းများထံ စာပေးပို့မည်ဟု ၎င်းက ဆိုခြင်းဖြစ်သည်။

စာရင်းစစ်ချုပ်အစီရင်ခံစာသည် ရန်ကုန်တိုင်းအတွင်း အစိုးရ၏ စီမံကိန်းများ၌ ပြည်သူ့ဘဏ္ဍာငွေကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ သုံးစွဲခြင်း ရှိမရှိ၊ နိုင်ငံတော် နစ်နာမှုရှိမရှိ စသည့် အချက်များ ဖော်ပြထားသည့် အစီရင်ခံစာဖြစ်သည်။

ယခင်နှစ်များက စာရင်းစစ်ချုပ်က အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းပြီးလျှင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မီဒီယာများ ကြည့်ရှုခွင့်ရရှိခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာကို စာရင်းစစ်ချုပ်ရုံးက ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌထံသာ တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကို ပေးဝေခြင်း မရှိခဲ့ပေ။

ယင်းအပေါ် ဒေါ်ညိုညိုသင်းက ယနေ့တွင် “ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာမူရင်း ဘယ်ရောက်နေလဲ” ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ယင်းသို့ ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ (က)(၁) အရ ပြည်သူများ သိပိုင်ခွင့်ရှိသော အစီရင်ခံစာမူရင်းကို ထိမ်ချန်ရာတွင် မိမိတို့၏လုပ်ပိုင်ခွင့်ကို သုံးစွဲ၍ လူတစ်စုတစ်ဖွဲ့ကို အကျိုးဖြစ်ထွန်းစေခဲ့လျှင် သို့မဟုတ် မဟုတ်မမှန် လုပ်ဆောင်သည့် လူတစ်စုတစ်ဖွဲ့ကို ကာကွယ်ဖုံးကွယ်ရာ ရောက်စေခဲ့လျှင် အဂတိလိုက်စားမှုဖြစ်ကြောင်း ဒေါ်ညိုညိုသင်းက အဆိုပါဥပဒေကို ကိုးကား၍ သတိပေးပြောဆိုခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌထံ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း အစည်းအဝေးတက်နေ၍ ဖြေကြားနိုင်ခြင်း မရှိချေ။

သင်္ဃန်းကျွန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဥပဒေအရ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာကို ဖတ်ရှုရန် အခွင့်အရေးရှိကြောင်း ဆိုသည်။

“ဥပဒေမှာရေးထားတဲ့ စကားလုံးက ဝန်ကြီးချုပ်ကို အစီရင်ခံစာတင်တာနဲ့တစ်ပြိုင်နက် လွှတ်တော်ကို အစီရင်ခံရမယ်လို့ ပါတယ်။ ပြောချင်တာက လွှတ်တော်ကို အစီရင်ခံရမယ်ဆိုတဲ့ အဓိပ္ပာယ်က လွှတ်တော်ကို ပြောတာ။ လွှတ်တော်ဥက္ကဋ္ဌကို ပြောတာ မဟုတ်ဘူး။ ဥပဒေရဲ့ စကားလုံးကို ကျွန်တော်တို့ အဲဒီလိုပဲ နားလည်တယ်ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းအစိုးရ၏ ပထမအကြိမ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ စာရင်းစစ်ချုပ်အစီရင်ခံစာတွင် မြေငှားရမ်းခများ ကာလပေါက်ဈေးထက် နည်းနေခြင်း၊ အစိုးရတည်ထောင်သော ကုမ္ပဏီများတွင် ကျပ်ငွေ ဘီလျံပေါင်းများစွာ နစ်နာကြောင်း ဖော်ပြခဲ့ပြီး အစီရင်ခံစာနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အရေးယူပေးရန် တိုင်ကြားမှုများ ရှိခဲ့သည်။

ဒေါ်ညိုညိုသင်းမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

ယင်းနောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအနေဖြင့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မဲဆန္ဒနယ်မှ ဝင်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပြီး ၂၀၁၆ ခုနစ်တွင် ရန်ကုန်စောင့်ကြည့်အဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့သည်။

Show More

Related Articles

Back to top button