အမတ်များ ဖတ်ခွင့်မရတော့သည့် စာရင်းစစ်ချုပ်အစီရင်ခံစာနှင့် ဖြစ်လာနိုင်သည့်အကျိုးဆက်

“(သတ်မှတ်ထားတဲ့စည်ကမ်းနဲ့ မညီတာတွေကို) ပြည်သူကို ပေးမသိချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ စိုးရိမ်မှုပေါ့။ စိုးရိမ်တယ်ဆိုတာက အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ကမောက်ကမ ဖြစ်သွားမှာကို စိုးရိမ်တဲ့ သဘောပေါ့”

Published on Oct 23, 2019
စိုင်းသီဟကျော်သည် လွှတ်တော်သက်တမ်း နှစ်ကြိမ်လုံးတွင် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင်အဖြစ် တာဝန်ယူနေသည်
စိုင်းသီဟကျော်သည် လွှတ်တော်သက်တမ်း နှစ်ကြိမ်လုံးတွင် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင်အဖြစ် တာဝန်ယူနေသည်

ရန်ကုန်တိုင်းအစိုးရ စာရင်းစစ်ချုပ်အစီရင်ခံစာကို ယခင်နှစ်များက ရန်ကုန်လွှတ်တော်အမတ်များထံ ပေးဝေခဲ့သော်လည်း ယခုနှစ်တွင်တော့ အဆိုပါအစဉ်အလာကို ပယ်ဖျက်လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၏ စာရင်းစစ်ချုပ်အစီရင်ခံစာကို တိုင်းလွှတ်တော်အမတ်များ တိုက်ရိုက်ဖတ်ရှုခွင့် ရတော့မည် မဟုတ်ဘဲ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကိုသာ ဖတ်ခွင့်ရမည် ဖြစ်သည်။

ရန်ကုန်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်ကတော့ ထိုသို့ပြုလုပ်ခြင်းမှာ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ မူအတိုင်း ပြုလုပ်ခြင်းဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင်လည်း စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သက်ပြီး လွှတ်တော်ပထမသက်တမ်းအတွင်း အစိုးရနှင့်လွှတ်တော်အကြား တင်းမာခဲ့ကြပြီး စာရင်းစစ်ချုပ် ဦးလွန်းမောင် နုတ်ထွက်သည်အထိ ဖြစ်ခဲ့သည်။

တိုင်းပြည်ဘဏ္ဍာငွေများကို အစိုးရက မည်ကဲ့သို့ စီမံခန့်ခွဲ သုံးစွဲနေသည်ကို စုံစမ်းစစ်ဆေးထားသည့် စာရင်းစစ်ချုပ်အစီရင်ခံစာကို ရွေးကောက်ခံ လွှတ်တော်အမတ်များ တိုက်ရိုက် သိခွင့်မရပါက ဖြစ်လာနိုင်သည့် အကျိုးအပြစ်များကို ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် စိုင်းသီဟကျော်က ရှင်းပြခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် အသက် ၄၄ နှစ်အရွယ် ရှမ်းပြည်နယ် မိုင်းရယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်သည် ဘဏ်နှင့်ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုနယ်ပယ်တွင် အသက်မွေးဝမ်းကြောင်း ပြုခဲ့သူဖြစ်ပြီး လွှတ်တော်သက်တမ်း နှစ်ကြိမ်လုံးတွင် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့နေသူလည်း ဖြစ်သည်။

မေး။ ။ ရန်ကုန်တိုင်း လွှတ်တော်မှာတော့ တိုင်းလွှတ်တော်အမတ်တွေကို ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာကို တိုက်ရိုက်ဖတ်ရှုခွင့် ရတော့မှာ မဟုတ်ဘဲ ပြည်သူ့ငွေစာရင်းကော်မတီကိုပဲ ပေးပို့မယ်လို့ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာရော ဘယ်လိုကျင့်သုံးနေပါသလဲ။

ဖြေ။ ။ အဲလိုမျိုးပဲဗျ။ (ပြည်ထောင်စု) စာရင်းစစ်ချုပ်အစီရင်ခံစာက လွှတ်တော်ကို ပို့လာတာ အရင်တုန်းကဆိုရင် တစ်စုံပဲ ပို့တယ်။ သူက လွှတ်တော်နာယကဆီကို ပို့တာ။ စစချင်းဆိုရင် သမ္မတကိုပဲ ပေးပို့ရမယ်လို့ ပါလာတယ်။ လွှတ်တော်ကို ပေးပို့ရမယ်လို့ မပါဘူး။ သမ္မတကနေတဆင့် လွှတ်တော်ကို ပေးပို့ရမယ်လို့ပဲ ပါတယ်။ နောက်ပိုင်းမှ ကျွန်တော်တို့က စာရင်းစစ်ချုပ်ဥပဒေလည်း ပြင်လိုက်တယ်။ ပြည်ထောင်စု လွှတ်တော်ဥပဒေကိုလည်း အနည်းငယ် ပြင်လိုက်တာပေါ့။ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် စာရင်းစစ်ချုပ်က နိုင်ငံတော်သမ္မတကို တာဝန်ခံရမယ်။ နိုင်ငံတော်သမ္မတကို စာရင်းစစ်ချုပ် အစီရင်ခံစာကို အစီရင်ခံရတယ်။ အဲဒီကနေတဆင့် လွှတ်တော်ကို ပေးပို့ရတာပေါ့။ ကျွန်တော်တို့ဆီကို ပထမဆုံးရောက်လာတဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာမှာ စာရင်းစစ်ချုပ်က ဧည့်ခံပွဲတက်တဲ့ဟာတွေပေါ့။ သူလုပ်ဆောင်တဲ့ဟာတွေပဲ ပါလာတယ်။ အဲဒါက ပထမဆုံးရောက်တဲ့ဟာ။

အဲဒါက အဆင်မပြေဘူး။ နောက်ပိုင်းမှာတော့ ဦးရွှေမန်းက တိုက်ရိုက်ပို့ခိုင်းလိုက်တာ။ ပို့လိုက်တော့ ဦးရွှေမန်းက ကျွန်တော်တို့ကော်မတီကို စစ်ခိုင်းပြီး လုပ်ထည့်လိုက်တဲ့အချိန်မှာ ပြနာတက်ရော။ ပြနာတက်တဲ့အချိန်ရောက်တော့ (အခြေခံဥပဒေဆိုင်ရာခုံရုံး) ခုံရုံးတွေဘာတွေ ရောက်သွားပြီးတော့ အဲဒီကိစ္စကြီးက ဘယ်လိုဖြစ်သွားလဲဆိုတော့ စာရင်းစစ်ချုပ် ဦးလွန်းမောင် ပြုတ်သွားတဲ့အထိကို ဖြစ်သွားရော။ အဲဒါက သူ (ဦးလွန်းမောင်) ဘောင်ကျော်ပြီး လုပ်တယ်။ လွှတ်တော်ကို တိုက်ရိုက်ပို့တယ်ဆိုတဲ့ ကိစ္စကြီး ဖြစ်သွားတာပေါ့။

မေး။ ။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအရေရော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက စာရင်းစစ်ချုပ်အစီရင်ခံစာကို ကြည့်ခွင့်မရှိဘူးလား။

ဖြေ။ ။ တကယ့် ဥပဒေထဲမှာက စာရင်းစစ်ချုပ်က သမ္မတကိုပဲ ပို့ရမယ်ဆိုတော့။ လွှတ်တော်ကို ပို့လိုက်တော့။ ဦးရွှေမန်းကလည်း ကျွန်တော်တို့ကော်မတီကို စိစစ်ပြီးတော့ လုပ်ပါဆိုတော့ အစီရင်ခံစာ မူကြမ်းတောင်မှ လွှတ်တော်ထဲထိ ရောက်သွားတယ်။ အဲဒါကို ဖြန့်လိုက်ပေမယ့် မဆွေးနွေးလိုက်ရဘူး။ ဒါပေမဲ့ သတင်းတွေအားလုံးက ပျံ့သွားတယ်။ အဲဒီမှာ အလွဲသုံးစားတာတွေဘာတွေ အများကြီးထွက်သွားတယ်ဗျာ။ သတင်းတွေအများကြီး ပျံ့နှံ့သွားတယ်။၂၀၁၁-၂၀၁၂ ဝန်းကျင်လောက်မှာ ဖြစ်တာပေါ့။

နောက်ပိုင်းမှာ စာရင်းစစ်ချုပ် ဦးသိန်းထိုက်လက်ထက်ကို ရောက်သွားတယ်။ စာရင်းစစ်ချုပ် ဦးသိန်းထိုက် လက်ထက်မှာတော့ သူ့အစီရင်ခံစာက ဘာမှ ဆွဲကိုင်စရာမရှိတော့ဘူး။ စာရင်းစစ်ချုပ်ရုံးရဲ့ လုပ်ဆောင်ချက်တွေပဲ ပါလာတော့တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဥပဒေတွေကို ပြင်လိုက်တယ်။

စာရင်းစစ်ချုပ်ဥပဒေကို ပြင်တယ်။ ပြည်ထောင်စု(လွှတ်တော်) ဥပဒေတွေကို ပြင်တယ်။ ဖွဲ့စည်းပုံနဲ့လည်း မဆန့်ကျင်အောင်ပေါ့။ ဖွဲ့စည်းပုံမှာကတော့ သမ္မတကို ပေးပို့ရမယ်လို့ပဲ ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြင်လိုက်တာက သမ္မတကို ပေးပို့လိုက်တာနဲ့ တပြိုင်နက် လွှတ်တော်ကိုပါ ပေးပို့ရမယ်ဆိုပြီး တပြိုင်တည်း ပို့ခိုင်းလိုက်တယ်။ အဲဒီလိုပြင်ခိုင်းပြီးတဲ့နောက်ပိုင်းမှာ စာရင်းစစ်ချုပ်အစီရင်ခံစာက လွှတ်တော်ကိုတော့ ရောက်လာတယ်။ သမ္မတဆီပို့တာနဲ့ လွှတ်တော်ကိုပါ ပို့လာတယ်။

ဒါပေမဲ့ ဘာခံနေသလဲဆိုတော့ လျှို့ဝှက်ဆိုတာကြီးက ပါနေတယ်။ အဲဒါကို ဖြုတ်ခိုင်းလည်း မဖြုတ်ဘူး။ ကျွန်တော်တို့ အမြဲတမ်းပြောတယ်။ သူတို့ဆီကတော့ လျှို့ဝှက်အနေနဲ့ပဲ ပို့မယ်ပေါ့။ ဖြုတ်ချင်ရင် ကိုယ့်လွှတ်တော်နဲ့ ကိုယ့်အစီအစဉ်နဲ့သာ လုပ်ပေါ့။ အဲလိုတွေဖြစ်နေတာ။ အဲဒီတော့ အဲဒီအစီရင်ခံစာကြီးက နာယကတစ်ယောက်တည်းစီကိုပဲ ရောက်သွားပြီးတော့ ကျွန်တော်တို့က ဖြန့်ခွင့်မရှိဘူး။ ဒါသည် ကျွန်တော်တို့ ငွေစာရင်းကော်မတီက အဲဒီစာရင်းစစ်ချုပ်အစီရင်ခံစာကို စိစစ်မယ်လုပ်တော့ အဲဒီလျှို့ဝှက်ကြီးတွေဖြစ်နေတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေအားလုံးကို ဖြန့်ဖို့ကိုတောင်မှ တော်တော်လေးကို စဉ်းစဉ်းစားစားနဲ့ ဂွကျနေတာပေါ့။ လျှို့ဝှက်ဆိုတော့ ဖြန့်လို့မရဘူးလေ။ ဖြန့်လို့မရတော့ ဘယ်လိုသွားပြီး စိစစ်မလဲ။ စိစစ်လို့မှမရတာ။ တစ်ယောက်တစ်လှည့်စီ ကြည့်ပြီးတော့ စိစစ်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလေ။ အဲဒီလိုနဲ့ နောက်ပိုင်းမှာတော့ ငွေစာရင်းကော်မတီ အဖွဲ့ဝင်တွေကိုတော့ ဖြန့်တာပေါ့လေ။

ဒါပေမဲ့ လျှို့ဝှက်ဖြစ်တဲ့အတွက်ကြောင့် မပေါက်ကြားဖို့တော့ ကိုယ့်ဘာသာကို ထိန်းကြပေါ့။ အဲဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို ရောက်ဖို့ကတော့ မလွယ်ဘူးပေါ့။ စိစစ်ဖို့တာဝန်ရှိတဲ့ ကိုယ်စားလှယ်တွေတောင်မှ အပြည့်မှမရတဲ့ကိစ္စ။ ခုနောက်ပိုင်းတော့ ပြန်ဖြန့်ပါတယ်။ ကျွန်တော်တို့က ဒီလျှို့ဝှက်ဆိုတာကြီးကို ဖြုတ်ခိုင်းပေမယ့် သူတို့ မဖြုတ်ပေးဘူးလေ။ မဖြုတ်တော့ ဒီအတိုင်းပဲ ဆက်သွားနေရတာပေါ့။ ဒါကတော့ အရေးကြီး စာရွက်စာတမ်းများဆိုင်ရာ ဥပဒေဆိုတာ ရှိထားတာကိုး။ အရေးကြီးသတ်မှတ်ချက်တွေ ကန့်သတ်တွေဆိုတာရှိတော့ အဲ့ဒီအတိုင်းပဲ သွားနေရတယ်။ ပြည်ထောင်စုက အဲဒီလိုလုပ်နေတယ်။ တိုင်းမှာလည်း အဲဒီလိုတွေ လုပ်မယ်ဆိုတော့ သူတို့က ညီသွားအောင်လုပ်တဲ့ သဘောလားတော့ မသိဘူး။

မေး။ ။ ဘာကို စိုးရိမ်လို့ စာရင်းစစ်ချုပ်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေ လက်ထဲကို မထည့်ရဲတာလဲ။

ဖြေ။ ။ အဲဒါတော့ ကျွန်တော်လည်း မပြောပြတတ်ဘူးဗျ။ အမှန်တော့ လွှတ်တော်ဆိုတာဟာ ပြည်သူ့ဘဏ္ဍာငွေတွေကို အဓိကကိုင်တွယ် ထိန်းညှိပေးရတဲ့ အဖွဲ့အစည်းကြီးလေ။ ရငွေတွေရရှိအောင်၊ သုံးငွေတွေဆိုလည်း စနစ်တကျ သုံးစွဲအောင် ခွင့်ပြုပေးရတဲ့ အဖွဲ့အစည်းကြီး။ ပြည်သူ့ကိုယ်စား ပြည်သူ့ဘဏ္ဍာငွေတွေကို ထိန်းကြောင်းပေးရတဲ့ အဖွဲ့အစည်းကြီးလေ။ သူခွင့်ပြုပေးလိုက်တဲ့ ဘတ်ဂျက်နဲ့အညီ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေက စနစ်တကျ သုံးစွဲခြင်းရှိမရှိ၊ အလေအလွင့်ရှိမရှိ၊ အကျိုးထိရောက်မှုရှိမရှိ စသဖြင့် သုံးစွဲမှု မှန်ကန်ခြင်းရှိမရှိကို ကျွန်တော်တို့က ပြန်စိစစ်ရမှာ။ ဒါက လူထုကိုယ်စား ပြန်လည်စိစစ်ခွင့် ရှိကိုရှိရမှာ။ သုံးစွဲထားတဲ့ ဝန်ကြီးဌာနတွေကလည်း ပွင့်လင်းမြင်သာစွာနဲ့၊ မှန်မှန်ကန်ကန်နဲ့ သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးမူဘောင်တွေနဲ့အညီ သုံးစွဲတယ်ဆိုတဲ့ အကြောင်းကို သက်သေပြရဲရမှာ။

ဒါပေမဲ့လည်း စာရင်းစစ်ချုပ်အစီရင်ခံစာက တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်းနဲ့ ထူလာတယ်။ သဘောကတော့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီတဲ့ ကိစ္စတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီတဲ့ ကိစ္စရပ်တွေက တစ်နှစ်ပြီးတစ်နှစ် ပိုပိုများလာတယ်။ လျှော့မသွားတဲ့အပြင် ပိုပိုများလာတယ်ဆိုတဲ့ သဘောပေါ့။ ဒါဝန်ကြီးဌာ အသီးသီးတွေရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ အားနည်းချက်ရှိတယ်ဆိုတာ သက်ရောက်နေတာလေ။ အဲဒါကို သူတို့က ပြည်သူကို ပေးမသိချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ စိုးရိမ်မှုပေါ့။ စိုးရိမ်တယ်ဆိုတာက အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ကမောက်ကမ ဖြစ်သွားမှာကို စိုးရိမ်တဲ့ သဘောပေါ့။

မေး။ ။ ဘယ်လိုအားနည်းချက်တွေ ဖြစ်လာနိုင်သလဲ။

ဖြေ။ ဒါကတော့ အဖွဲ့အစည်းအသီးသီးမှာ မှန်ကန်စွာ ဆောင်ရွက်နိုင်တယ်ဆိုတဲ့ လမ်းကြောင်းက တဖြည်းဖြည်းနဲ့ လျော့နည်းသွားမှာပေါ့။ ပျောက်ကွယ်သွားစေနိုင်တဲ့ အကြောင်းတရားပေါ့ဗျာ။ အလွဲသုံးစားမှုတွေ ပိုများလာနိုင်တဲ့ ကိစ္စပေါ့။ ဥပဒေကို လက်တစ်လုံးခြား လုပ်တဲ့ ကိစ္စရပ်တွေလည်း ပိုများလာနိုင်တာပေါ့။ နောက်ပြီးတော့ ဘာသက်ရောက်မှုရှိလဲ ဆိုတော့ နိုင်ငံတော်မှာ သူ့ပေါ်လစီနဲ့သူ စီမံကိန်းတွေကို မူချပြီး လုပ်ရမယ့် လုပ်ငန်းစဉ်တွေ ရှိတယ်ပေါ့။ အဲဒီတော့ အကြီးအကဲတွေက သတ်မှတ်ထားတဲ့ မူဘောင်လမ်းစဉ်နဲ့အညီ သုံးစွဲသွားဖို့ ထိရောက်မျှတတဲ့ ဘဏ္ဍာရေးလမ်းစဉ် မူဝါဒချပြီး လုပ်ပေမယ့် တကယ်တမ်းမှာတော့ ဖြစ်လာတဲ့ ကိစ္စရပ်တွေက သတ်မှတ်ထားတဲ့ မူဘောင်လမ်းစဉ်နဲ့ လွဲချော်ပြီးတော့ သူ ပစ်မှတ်ထားတဲ့ နေရာကို မရောက်နိုင်တော့ဘူးပေါ့။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading