သတင်း

လူမျိုးသုဉ်းစေလိုသောအကြံရှိကြောင်း အချက် ၇ ချက်တွင် မြန်မာက တစ်ချက်သာငြင်းဟု တရားလိုပြော

မြန်မာနိုင်ငံအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက စွပ်စွဲချက်အပေါ် ကြားနာပွဲ တတိယနေ့ ပထမပိုင်းကို နယ်သာလန်နိုင်ငံ ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ယနေ့ ဆက်လက်ကျင်းပရာ ဂမ်ဘီယာနိုင်ငံကိုယ်စား ရှေ့နေက ‘လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်လိုသည့် စေတနာပါကြောင်း ၎င်းတို့အနေဖြင့် မြန်မာဘက်တွင်တွေ့ရသည့် အချက်များကို တင်ပြသွားသည်။

လူမျိုးသုဉ်းစေလိုသော စိတ်စေတနာနှင့် ပတ်သက်၍ ပထမဆုံးလျှောက်လဲသည့် ရှေ့နေ ပေါ်လ် ရိုက်ခလာ (Paul Reichler) က အချက် ခုနစ်ချက်ကို ညွှန်ပြရာတွင် နောက်ဆုံးအချက်ဖြစ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်း စစ်ဆေးပြီး အရေးယူရန် နိုင်ငံတော်ဘက်က ပျက်ကွက်ခဲ့သည်ဆိုသော အချက်ကိုသာ မြန်မာဘက်က လက်မခံဘဲ ပြန်လှန် ငြင်းခုံခဲ့ပြီး ကျန်အချက်များကို မငြင်းခဲ့ကြောင်း ပြောသည်။

မြန်မာဘက်က မငြင်းခဲ့ကြောင်း ရိုက်ခလာပြောသည့်အချက်များမှာ (၁) ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးလုပ်စဉ် တပ်မတော်၏ အလွန်အကြူးကြမ်းကြုတ်ရက်စက်မှု (၂) တပ်မတော်၏ ဖျက်ဆီးရေးများအတွင်း စနစ်တကျပြုမူဆောင်ရွက်ပုံ (၃) အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းအကြမ်းဖက်မှု၏ အနှိုင်းအဆနှင့် သဘောသဘာဝ တို့ဖြစ်သည်။

ထို့အပြင် (၄) နယ်မြေရှင်းလင်းရေး မလုပ်မီ၊ လုပ်နေစဉ်အတွင်းနှင့် လုပ်ပြီးနောက်ပိုင်း မြန်မာ အရာရှိများနှင့် အခြားသူများ၏ ရိုဟင်ဂျာများအပေါ် စော်ကား၊ နှိမ်ချ၊ လူမျိုးရေးခွဲခြားသော စကားများ (၅) နိုင်ငံသားဥပဒေနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် (NVC) ကဲ့သို့သော ခွဲခြားဆက်ဆံမှု အစီအမံနှင့်မူဝါဒများ အပါအဝင် ရိုဟင်ဂျာတို့ပိုင်သည့်မြေပေါ်တွင် အပြောင်ရှင်းပြီး စီမံကိန်းများ တည်ဆောက်ခြင်းဖြင့် ရခိုင်ပြည်နယ်၏ လူဦးရေပုံသဏ္ဌာန် နှင့် လူမျိုးဖွဲ့စည်းပုံကို ပြောင်းလဲသွားစေရန် ရည်ရွယ်ကြိုးပမ်းခြင်း၊ (၆) ရိုဟင်ဂျာတို့အပေါ် အများပြည်သူတို့အကြား အမုန်းတရားပွား၊ မထီမဲ့မြင်ပြုမှုများကို အစိုးရပိုင်းက မတားမြစ်ဘဲ လက်ပိုက်ကြည့်နေခြင်း တို့ဖြစ်သည်ဟု ရိုက်ခလာက ဆိုသည်။

စစ်သားများ၏ကျူးလွန်မှုများအပေါ် တပ်မတော်၏ စစ်ဘက်ဆိုင်ရာခုံရုံးများမှတစ်ဆင့် စုံစမ်းစစ်ဆေးကာ အပြစ်ပေးအရေးယူမည်ဟု ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ကြောင်း၊ “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထိပ်တန်းဗိုလ်ချုပ်ကြီး ၆ ယောက်စလုံး လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲခံထားရချိန်မှာ တပ်မတော်အနေနဲ့ သူ့လူတွေကိုသူပြန်ပြီး မျှမျှတတ တရားစီရင်နိုင်မယ်လို့ ဘယ်လိုလုပ်ပြီး မျှော်လင့်လို့ရမှာလဲ” ဟု ရိုက်ခလာက ပြောသည်။

မြန်မာ့တပ်မတော်သည် အပြစ်ပေးအရေးယူခြင်းမရှိဘဲ လုပ်ချင်တိုင်းလုပ်ခွင့်ရနေသည်ဟု ဆိုကာ အဆိုပါ ထိပ်ပိုင်းမြန်မာစစ်ဗိုလ်ချုပ်အားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့ကကြေညာခဲ့သည်။

“အားလုံးသိတဲ့အတိုင်းပါပဲ၊ (ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး) တပ်မတော်ဟာ သူ့လူတွေကိုသူ ပြန်ပြီး တရားစီရင်လိုစိတ်မရှိပါဘူး။ ကိစ္စတစ်ခုမှာပဲ နိုင်ငံတကာဖိအားကြောင့် ရုံးတင်စစ်ဆေး အပြစ်ပေးခဲ့ပါတယ်” ဟု အင်းဒင်ရွာဖြစ်ရပ်နှင့်ပတ်သက်၍ တပ်မတော်သားအချို့ကို ထောင်ဒဏ် အပြစ်ပေးခဲ့သည့်ဖြစ်စဉ်ကို ထည့်သွင်းရည်ညွှန်းခဲ့သလို ထိုတပ်မတော်သားများမှာလည်း တစ်နှစ်ပြည့်အောင်ပင် ထောင်ဒဏ်မခံခဲ့ရဘဲ တပ်မတော်၏လွတ်ငြိမ်းသက်သက်ခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်းလည်း ပြောသွားသည်။

အင်းဒင်ရွာဖြစ်စဉ်တွင် မွတ်စလင် ၁၀ ဦး၏ သတ်ဖြတ်ခံရပြီးနောက်ပုံကိုလည်း ရိုက်ခလာက ရုံးတော်သို့ တင်ပြခဲ့သည်။

အင်းဒင်ရွာတွင် မွတ်စလင် ၁၀ ဦးအသတ်ခံခဲ့ရသည့် ဖြစ်စဉ်မှာ ၎င်းတို့အသတ်မခံရမီနှင့် အသတ်ခံရပြီးနောက် ရိုက်ယူထားသည့် ဓာတ်ပုံ နှစ်ပုံကို ရိုက်ခလာက ပြသခဲ့ကာ ထိုကိစ္စကို သတင်းဖော်ထုတ်ရန် ကြိုးပမ်းခဲ့သည့် ရိုက်တာ သတင်းထောက်နှစ်ဦးကို ဖမ်းဆီးထောင်ချခဲ့ခြင်းဖြင့် တာဝန်ခံမှုကိုရှောင်လွှဲရန်ကြိုးစားခဲ့ကြောင်း ဆက်ပြောသည်။

မြန်မာဘက်က ရှေ့နေများအနေဖြင့် ဒုက္ခသည်များပြန်လာနိုင်ရေး စီစဉ်နေသည့် လုပ်ငန်းစဉ် အကြောင်းကို ပြောသွားသော်လည်း တစ်ဖက်က ထိုအစီအစဉ်ဖြင့် ပြန်လာသည့် ဒုက္ခသည် အနည်းငယ်သာရှိသေးကြောင်းကိုလည်း ဝန်ခံသွားခဲ့ကြောင်း၊ ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ သိက္ခာရှိရှိ နေရပ်ပြန်လာနိုင်စေမည့် အခြေအနေများမရှိကြောင်း ကုလသမဂ္ဂ၏အစီရင်ခံစာများကို ကိုးကား၍လည်း ဆိုသည်။

အခြားတစ်ဖက်တွင်မူ မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာတို့၏ကျေးရွာများကို မြေလှန်ပစ်ကာ အခြား လူမျိုးစုများနေထိုင်နိုင်မည့် အိမ်ရာများတည်ဆောက်နေခြင်းဖြင့် ဒုက္ခသည်များ ပြန်လာမည့်အရေး ပိုမိုခက်ခဲအောင် လုပ်ဆောင်နေကြောင်း၊ ဒုက္ခသည်များပြန်အလာရ ပိုခက်အောင် မြန်မာနိုင်ငံဘက်ကလုပ်နေသည်ဟု ဘင်္ဂလားဒေ့ရှ်ကလည်း ပြောထားကြောင်း ရိုက်ခလာက ဆက်လက်လျှောက်လဲသည်။

ထို့ပြင် မြန်မာ့စစ်ခေါင်းဆောင်များသည် ‘ရိုဟင်ဂျာ’ ဆိုသည့် နာမည်ကို သုံးရန် ဆက်လက် ငြင်းဆန်နေဆဲဖြစ်သလို ယမန်နေ့က မြန်မာ့အဖွဲ့ခေါင်းဆောင်၏ မိန့်ခွန်းတွင်လည်း ARSA ၏ နာမည်အပြည့်အစုံကို ရွတ်သည့်အချိန်မှတစ်ပါး ထိုအသုံးကိုလုံးဝသုံးမသွားခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။

ထို့ပြင် မြန်မာသည် လူမျိုးသုဉ်းသတ်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ အတင်းအကျပ် မောင်းထုတ်ရန်သာဖြစ်သည်ဟု မြန်မာကိုယ်စားလှယ်အဖွဲ့ဘက်က ငြင်းကြောင်း၊ သို့ဖြစ်လျှင် “ဘာကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်​တွေကို မုဒိမ်းကျင့်တာ၊ အုပ်စုဖွဲ့မုဒိမ်းကျင့်တာ၊ ရက်စက်ကြမ်းကြုတ်စွာနဲ့ ကိုယ်ခန္ဓာတွေကိုဖျက်ဆီးပစ်တာတွေ၊ ကလေးသူငယ်တွေနဲ့ နို့စို့အရွယ်တွေကို သတ်တာဖြတ်တာတွေလုပ်ခဲ့ရသလဲ” ဟုလည်း မေးခွန်း ထုတ်သည်။

“ဒါဟာ အကြမ်းဖက်မှုကို တိုက်ဖျက်တာပါတဲ့လား” ဟု ရိုက်ခလာက ရုံးတော်မှတစ်ဆင့် မေးသည်။

ထို့ပြင် ဩဂုတ်လ ၁၁ ရက်နေ့ တိုက်ခိုက်မှုမတိုင်မီ နှစ်ပတ်အလိုကတည်းက တပ်မတော်သည် တပ်ရင်းနှစ်ရင်းကို ရခိုင်သို့ပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် သူပုန်မရှိ သို့မဟုတ် သူပုန်သူကန်တို့ကို နှိမ်နင်းခွင့်မရှိဟု ပြောနေခြင်းမဟုတ်ကြောင်း၊ ထိုသို့ နှိမ်နင်းသည့်စစ်ပွဲကို အကြောင်းပြ၍ လူမျိုးသုဉ်းသတ်ဖြတ်မှုကို လုပ်၍မရကြောင်း ရိုက်ခလာက ပြောသည်။

ထို့ပြင် နယ်မြေရှင်းလင်းရေးလုပ်စဉ်အတွင်း လက်နက်ကိုင်နှင့် အရပ်သား ခွဲခြား တိုက်ခိုက်မှု လုပ်ဖို့ မကြိုးစားခဲ့ကြောင်း၊ ရိုဟင်ဂျာတည်ရှိမှုကို ငြင်းဆန်ရန် အစိုးရ၏ကြိုးပမ်းမှုမှာ နယ်မြေရှင်းလင်းရေးများအပြီး တစ်နှစ်တာအတွင်း ပိုမိုအားကောင်းလာခဲ့သည်ဟု ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က တွေ့ရှိထားကြောင်းလည်း ရိုက်ခလာက ပြောသည်။

လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာများမရှိဟု မြန်မာကိုယ်စားလှယ်အဖွဲ့က ယမန်နေ့က ပြောခဲ့သည့်စကားမှာ မှားယွင်းကြောင်းနှင့် မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာမှ စုံစမ်းစစ်ဆေးရေးအဖွဲ့များကို ဝင်ရောက်ရှာဖွေခွင့်မပြုခဲ့ကြောင်း၊ AP သတင်းဌာနက ထိုသို့ မြှုပ်နှံထားသည့်တစ်နေရာ (ဂူတာပြင်) ကို ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း ပြောသည်။

ထို့ပြင် ယမန်နေ့က မြန်မာဘက်က လျှောက်လဲချက်တွင်ပါသည့် အချက်တစ်ချက်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံအနေဖြင့် ကိုယ်တိုင်နစ်နာသည့်နိုင်ငံမဟုတ်သဖြင့် မြန်မာနိုင်ငံအပေါ် ICJ တွင် အမှုဖွင့်ခွင့်မရှိ ဆိုသည့်အချက်နှင့်ပတ်သက်၍ ဂမ်ဘီယာအနေဖြင့် အမှုဖွင့်ခွင့်ရှိကြောင်းနှင့် ဤအမှုကိုရုံးတော်သို့ သယ်ဆောင်လာရာ၌ မှန်ကန်ကြောင်း ရှေ့နေတစ်ဦးဖြစ်သည့် ပြဲ ဒါဂျန့် (Pierre d’Agent) က ပြောသည်။

အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ဤအမှုကို ဂမ်ဘီယာနိုင်ငံအမည်သုံးပြီး ဖွင့်ခြင်းဖြစ်ကြောင်း မြန်မာဘက်က ယမန်နေ့က ချေပချက်ကိုလည်း ပယ်ချခဲ့ပြီး ဂမ်ဘီယာအနေဖြင့် OIC ကိုယ်စား အမှုဖွင့်ခြင်းမဟုတ်ဘဲ မိမိသဘောအရသာ စွဲခြင်းသာဖြစ်ပြီး OIC အနေဖြင့် မြန်မာကိုအမှုစွဲရန် ဂမ်ဘီယာအား ဖိအားမပေးခဲ့ဘဲ အဖွဲ့ဝင်နိုင်ငံများက တိုက်တွန်းခဲ့ခြင်းသာဖြစ်ကြောင်း ရှေ့နေ ဒါဂျန့် က ပြောသည်။

ရှေ့နေ ဖိလစ် ဆင်းန်

မြန်မာဘက်မှ ရှေ့နေကြီး ပရော်ဖက်ဆာ ရှေးဘားစ်သည် ၂၀၁၃ ခုနှစ်က အင်တာဗျူးတစ်ခုတွင် (ရခိုင်မြောက်ပိုင်းနေ ရိုဟင်ဂျာတို့အပေါ်) ကလေး မွေးခြင်းကို တားမြစ်ခြင်း၊ လူမျိုးတစ်မျိုး၏တည်ရှိမှုကိုငြင်းပယ်ခြင်း၊ နေထိုင်နေရာဒေသ၌ နေထိုင်ခွင့်ကိုငြင်းပယ်ခြင်း စသည့် လုပ်ဆောင်ချက် များကိုမြင်ရပါက ဂျန်နိုဆိုက် (လူမျိုးသုဉ်းအောင်လုပ်ခြင်း) ဆိုသည့် အသုံးကို သုံးကောင်းသုံးရန်အတွက် ရှေးဦးနိမိတ်များပင်ဖြစ်သည်ဟု ၎င်းကိုယ်တိုင် ပြောခဲ့ဖူးကြောင်း ဂမ်ဘီယာဘက်မှ ရှေ့နေကြီး ဖိလစ် ဆင်းန် (Philippe Sands) က လျှောက်လဲသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သော “ရခိုင်တွင်မွေးဖွားသည့် ကလေးအားလုံးအတွက် မွေးစာရင်းထုတ်ပေးပါသည်” ဆိုသောစကားဖြင့် ရိုဟင်ဂျာတို့သည် လူသားများဖြစ်သည်ဟု အသိအမှတ်ပြုသော်လည်း ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်ကိုမူ အသိအမှတ် မပြုကြောင်း လျှောက်လဲသွားခဲ့သည်။

ကြားနာပွဲကို ခေတ္တရပ်နားခဲ့ပြီး မြန်မာစံတော်ချိန် ည ၁၀ နာရီမှ ၁၁ နာရီခွဲအထိ မြန်မာအဖွဲ့ဘက်က ပြန်လည်ချေပရမည်ဖြစ်သည်။

Related Articles

Back to top button